နိုင်ငံတော်အတိုင်ပင်ခံ အုပ်ချုပ်ရေးယန္တရားအတွက်   အရေးကြီးစကားများ ပြောကြား

နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၄ - သည်တစ်ပတ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ငြိမ်း ချမ်းရေးနဲ့ နိုင်ငံအုပ်ချုပ်ရေးယန္တရားအတွက် အရေးကြီးတဲ့စကားတွေကို နှစ်ပတ်လည်မိန့်ခွန်းတွေမှာ ပြောကြားမှုတွေရှိခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ စည်ပင်သာယာရေးဥပဒေ (၁၉၈၄၊ ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် ၅) ကို ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့လက်မှတ်ရေးထိုးမှုနဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

အများပြည်သူကြားမှာ စည်ပင်သာယာ ရေးဥပဒေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာခဲ့ ကြောင်း ပြည်ထောင်စုလွှတ်တော်မှာ သည် ဥပဒေနဲ့ပတ်သက်ပြီး ဆက်လက်ထားရှိဖို့နဲ့ ပယ်ဖျက်ဖို့တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြအပြီးမှာ ပြည်ထောင်စုလွှတ်တော်က စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

တပ်မတော်

နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ရည်မှန်းပြီး မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (ဆင်ဖြူရှင်) ကို ပုသိမ်ခရိုင်၊ ရွှေသောင်ယံကမ်းခြေမှာ နှစ်ရက်တာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လေ့ကျင့်မှုတွေမှာ တပ်မတော် ကြည်းတပ်ဖွဲ့တွေရဲ့ ရန်သူကို မြေပြင်မှာ ချီ တက်တိုက်ခိုက်မှုတွေ၊ လေတပ်ရဲ့ရဟတ်ယာဉ် ချီ အထူးတပ်ဖွဲ့ဝင်တွေက ရန်သူ့စခန်းတွေကို အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်တာ၊ မြေပြင်ကို လေထီးအသုံးပြုပြီး ဆင်း သက်ကာ ရန်သူ့အုပ်ချုပ်ထောက်ပံ့ရေးစခန်း တွေကို စီးနင်းတိုက်ခိုက်မှုတွေ ဆောင်ရွက်တာ၊ တစ်ချိန်တည်းမှာ တပ်မတော်(လေ)မှ တိုက်လေယာဉ်တွေက ရန်သူ့ပစ်မှတ်တွေကို တိုက်ခိုက်တာ၊ ခြေလျင်နဲ့သံချပ်ကာ ကမ်း တက် တပ်ဖွဲ့ဝင်တွေက ကမ်းတက်တာ၊ စစ်ကူ ရောက်လာတဲ့ ရန်သူ့စစ်ရေယာဉ်တွေကို တပ် မတော်(ရေ)မှ စစ်ရေယာဉ်တွေက ပင်လယ်ရေပြင်မှာ တိုက်ခိုက်ချေမှုန်းတာတွေ၊ ကမ်း တက်တပ်ဖွဲ့တွေက ရန်သူ့စခန်းတွေကို တိုက် ခိုက်တာတွေကို အဆင့်အဆင့် ဆောင်ရွက်ခဲ့ကြပါတယ်။

စစ်ရေးလေ့ကျင့်မှုအခမ်းအနားကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တပ်မတော် ကြည်း၊ ရေ၊ လေတပ် ဖွဲ့ဝင်တွေအနေနဲ့ အခုပြုလုပ်တဲ့ စစ်ရေးလေ့ ကျင့်မှုကနေ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို သုံးသပ်ပြီး အားနည်းချက်တွေကို ပြုပြင်ဆောင်ရွက်သွားဖို့နဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် ကောင်းမွန်တဲ့အတွေ့အကြုံတွေအဖြစ် အသုံးချသွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါ တယ်။
အခုလို စစ်ရေးလေ့ကျင့်မှုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်က မြန်မာတပ်မတော်အနေ နဲ့တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး သည်တစ်ကြိမ် လေ့ ကျင့်ရာမှာလည်း ကြိုတင်ပြင်ဆင်လေ့ကျင့်ထားတယ်လို့ သိရပါတယ်။

ဒုတိယနေ့ အဆုံးသတ်လေ့ကျင့်မှုတွေမှာ တပ်မတော်(ရေ) မှ စစ်ရေယာဉ်အမျိုးအစား အစုံပါဝင်ခဲ့ပြီး ကမ်းထိုးယာဉ်၊ ကမ်းတက်သံ ချပ်ကာယာဉ်တွေနဲ့တပ်မတော်(လေ)မှ ဗုံးကြဲ လေယာဉ်အမျိုးအစားစုံ ပါဝင်ခဲ့ပါတယ်။

ရဲဘော်ရဲဘက်စိတ်

အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ ဒုတိယကြိမ်လွှတ်တော်များ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ ပါတယ်။
အဆိုပါ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံက လွှတ်တော်ထဲမှာ ရောက်ရှိနေတဲ့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် အထစ်အငေါ့  အထင်အမြင်မှားမှုတွေ၊ နားလည်မှုလွဲမှားတာတွေကို တစ်ဦးနဲ့တစ်ဦး မိတ်ဆွေများ၊ ရဲဘော်ရဲဘက်များသဖွယ် ဆက်ဆံပြီး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်သွားမှသာ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်။ လွှတ်တော်ထဲမှာ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးရဲ့ နိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ စေတနာရှိမှု၊ သစ္စာစောင့်သိမှုက အရေးကြီးတဲ့အရာဖြစ်ပြီး နိုင်ငံအကျိုးအတွက်ဆို ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ လွှတ်တော်ထဲကို ရောက်ရှိနေတဲ့ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူလူထုကို ကိုယ်စားပြုရုံတင် မက ဒီမိုကရေစီစနစ်ကို ကိုယ်စားပြုနေတာ ဖြစ်တယ်ဆိုတာကို သိရှိထားဖို့လိုပါတယ်။ မြန် မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေ အများအပြားကို ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အင်အားကြီးမားတဲ့နိုင်ငံမဟုတ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ အင်အားကြီးမားဖို့အတွက် စု စည်းပြီး ညီညွတ်မှုနဲ့ နိုင်ငံအတွက် ရပ်တည်ကြ မှသာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား သွားနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ တစ်ဦးချင်း အမှားမရှိရင်လွှတ်တော်အနေနဲ့ မှားတဲ့လမ်းကို ရောက်စရာမရှိဘဲ လွှတ်တော်ကြီးမှားတဲ့လမ်း မရောက်ပါက နိုင်ငံတော်ကြီးလည်း မှားတဲ့ လမ်းကို ရောက်သွားမှာ မဟုတ်ဘူးလို့ ပြောပါ တယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ရှေ့ကနေပေးဖို့ လို အပ်ရင် ရှေ့က နေပေးပါ၊ နောက်ကနေ ကာဖို့ လိုအပ်ရင် နောက်က ကာပေးပါ၊ ဘေးကနေ ရံဖို့လိုအပ်ရင် ဘေးက ရံပေးပါလို့ မေတ္တာရပ်ခံ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဆင်ခြင်ရမယ့်အချိန်

၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကိုနေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့က တစ်နှစ်နဲ့တစ်နှစ် အခုဆိုရင် ၇၁ ကြိမ် မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဆင်နွှဲတဲ့အခါမှာ ၇၁ နှစ်ရှိလာပါပြီ။  သည် ၇၁ နှစ်ထဲမှာ ဘာအားသာချက်တွေရှိခဲ့သလဲ၊ ဘာ တိုးတက်ချက်တွေရှိခဲ့သလဲ၊ ဘာတွေ  ထပ်လုပ်ဖို့ လိုအပ်နေသေးလဲ၊ ဆင်ခြင်ရမယ့်အချိန်တွေဖြစ်တယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

လွှတ်တော်

အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ ဒုတိယကြိမ်လွှတ်တော်များ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင် သန်းက ပြည်ထောင်စုတစ်ဝန်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ နယ်မြေဒေသအသီးသီးမှာ ငြိမ်း ချမ်းရေးရရှိစေဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ကျရာအခန်းကဏ္ဍ မှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်တာ လွှတ်တော်သက်တမ်းအတွင်း အမျိုးသားလွှတ်တော်အနေနဲ့ ဒေသ အကျိုး၊ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အကျိုးကို ဖော်ဆောင်နိုင်ဖို့အတွက် အဆို ၁၃ ခု၊ ကြယ်ပွင့် ပြမေးခွန်း ၇၁၅ ခုနဲ့ ကြယ်ပွင့်မပြမေးခွန်း ၆၄၉ ခုကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တွေက လွှတ်တော်မှာ နှုတ်ဖြင့်ဖြေကြားတာ၊ စာနဲ့ပေးပို့ဖြေကြားတာတွေကို ဆောင်ရွက်ခဲ့ ကြပါတယ်။

ဆက်လက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ်လွှတ်တော် နှစ်နှစ်တာ ကာလအတွင်း အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေ ၂၀ ခု၊ ပြင်ဆင်တဲ့ ဥပဒေ ၂၄ ခုနဲ့ ရုပ်သိမ်းတဲ့ ဥပဒေ ခြောက်ခုတို့ကို နိုင်ငံနဲ့နိုင်ငံသားတို့ အကျိုးအတွက် ဆောင်ရွက်ခဲ့ပြီး ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူ့အကျိုးပြုဥပဒေတွေကို ရဲဝံ့ ပြတ်သားစွာ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကြိုးစားသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လွှတ်တော်မှာပြောတဲ့ စက်မှုလယ်ယာ

လက်ရှိမှာ ကျင်းပနေတဲ့ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ စက်မှုလယ်ယာစနစ် ကို အောင်မြင်ဖို့အတွက် အဆင့်မြင့်ဧကကွက်တွေ ဖော်ထုတ်တဲ့လုပ်ငန်းတွေကို  အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားဖို့ ပြည် ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးမိုးကြည်က တင်သွင်းခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းမှာ ၇၀ ရာခိုင်နှုန်းသော တောင်သူတွေအနေနဲ့ မိရိုးဖလာလယ်ယာစိုက် ပျိုးရေးလုပ်ငန်းကိုသာ ဆောင်ရွက်နေတာ ကြောင့် ပြောင်းလဲလာတဲ့ရာသီဥတု၊ မြေဆီလွှာ၊ ပိုးပွှားအန္တရာယ်တွေကြောင့် အထွက်နှုန်းကျဆင်းပြီး အခက်အခဲတွေ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

အဆိုပါကိစ္စရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ အဓိကလုပ်ငန်းခွင်အဖြစ် ရှိနေသေးတဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဆင့်မြင့် နည်းပညာအကူအညီတွေ၊ စိုက်ပျိုးနည်းစနစ် အထောက်အပံ့တွေရရှိပြီး အိမ်နီးချင်းနိုင်ငံများ ရဲ့စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်မှု တွေကြောင့် အောင်မြင်မှုတွေရရှိနေသလို ပြည်တွင်းမှာ စိုက်ပျိုးနေတဲ့ တောင်သူလယ်သမားတွေကိုလည်း အောင်မြင်တဲ့အခြေအနေတွေရရှိနိုင်စေဖို့ ရည်ရွယ်ပြီး ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို တင်သွင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

Author /  အောင်မင်းသိန်း