အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအကြောင်း ချန်လှပ်ဆွေးနွေးခဲ့

 မနီလာ၊ နိုဝင်ဘာ ၁၄ – တနင်္လာနေ့က ဖိလစ်ပိုင်မြို့တော်မှာကျင်းပတဲ့ အာရှနိုင်ငံခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို ချန်လှပ်ဆွေးနွေးခဲ့ကြတဲ့အတွက် ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု အရေးအပေါ် တင်းတင်းမာမာသဘောထားထုတ်ပြကြမယ်လို့ မျှော်လင့်ထားကြတဲ့ လူအခွင့်အရေးအုပ်စုတွေကို စိတ်ပျက်သွားစေခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာရေးသားထားပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်သမ္မတ ဒူတာတီနဲ့ သီးခြားတွေ့ဆုံမှုတစ်ခုမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိလစ်ပိုင်ရဲ့ မူးယစ်စစ်ပွဲအပေါ် တစ်စုံတရာ ဖိအားပေးခဲ့ခြင်းမရှိပါဘူး။ ထရမ့်က ဒူတာတီနဲ့ ဆက်ဆံရေးသိပ်ကိုကောင်းတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကတော့ သူ့ရဲ့ သွေးထွက်သံယိုမူးယစ်တိုက်ဖျက်ရေးကို မေးခွန်းထုတ်တဲ့ အမေရိကန်သမ္မတ အိုဘားမားကို ဒူတာတီက ‘ခွေးမသား’ လို့ ဆဲရေးခဲ့ဖူးပါတယ်။

အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးပွဲတစ်ခုအပြီး ထုတ်ပြန်မယ့် ကြေညာချက်မူကြမ်းတစ်ခု မှာတော့ ကုလသမဂ္ဂက လူမျိုးလိုက်ရှင်းလင်းမှုလို့ တံဆိပ်ကပ်ထားတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကမွတ်စလင်အရေးကို (ရိုဟင်ဂျာအရေးလို့) လုံးဝ ဖော်ပြထားခြင်း မရှိပါဘူး။ သည်မူကြမ်းက စာတစ်ပုဒ်မှာတော့ ရခိုင်ပြည်နယ်က အတိဒုက္ခရောက်တဲ့အသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ အရေးကြီးကြောင်းကိုသာ အပေါ်ယံလျှပ်ဖော်ပြခဲ့တယ်။ ဒီကြေညာချက်ကို လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ရေးခဲ့တာဖြစ်တယ်။ အတိဒုက္ခရောက်နေတဲ့အဆိုပါ မွတ်စလင်လူနည်းစုကို ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရ တပ်မသုံးခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်က တခြားနိုင်ငံ့ခေါင်းဆောင်တွေကို တောင်းဆိုထားတာကြောင့် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

မြန်မာအစိုးရဟာ (ရိုဟင်ဂျာ) ဆိုသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာတဲ့သူတွေလို့ သဘောထားပြီး အဆိုပါ နာမည်ကို အသိအမှတ်မပြုထားဘူးလို့လည်း ဆက်လက်ရေးသားထားပါတယ်။ ဒါပေမယ့် ဒီအရေးဟာ ကမ္ဘာ့နိုင်ငံတွေမှာတော့ မြန်မာနိုင်ငံအပေါ် ဝေဖန်ရှုတ်ချစရာအရေးတစ်ခု ဖြစ်လာနေပြီး မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကိုပါ ပြန်ရုတ်သိမ်းဖို့အထိ တောင်းဆိုမှုတွေ ဆူညံနေပါတယ်။ အာဆီယံထဲက နိုင်ငံတချို့၊ အထူးသဖြင့် မွတ်စလင်အများစုနိုင်ငံ မလေးရှားက ဒီအရေးနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း မကြာသေးခင်ကမှ ထုတ်ပြောထားခဲ့ပါတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့ကြီးရဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို မနှောင့်ယှက်ရဆိုတဲ့ မူကို လက်ကိုင်ထားတဲ့အနေနဲ့ သည်ဒေသတွင်းထိပ်သီးအစည်းအဝေးမှာ သည်အရေးကို ဘေးဖယ်ထားခဲ့ကြပုံရပါတယ်။

ကိုမိုးထက် [Ref: Reuters. Nov 13, 2017]