အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကန့်သတ်မှုတွေနဲ့ ပိုမိုရင်ဆိုင်နေရဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆ – အရပ်ဘက်လူ့အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် လုပ်ဆောင်ရာမှာ ကန့်သတ်မှုတွေနဲ့ ပိုမိုရင်ဆိုင်နေရ တယ်လို့ သည်နေ့ပြုလုပ်တဲ့ ၁၇ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

မန္တလေးတိုင်းအရပ်ဘက်လူ့ အဖွဲ့အစည်းကိုယ်စားလှယ် ဦးချိန်ပေါက “ပြောမယ်ဆို စီအက်စ်အိုတွေကို အကောင်းမြင်တာနည်းတယ်၊ အခုနောက်ပိုင်းဆို စီအက်စ် အို မှတ်ပုံတင်ပြီးရင် နောက်က တောက်လျှောက်လိုက်တာပဲ၊ ဘာလုပ်နေလဲဘာလဲဆိုပြီး သူတို့တွေကို ရီပို့တွေ တင်နေရတယ်”လို့ ပြောပါတယ်။

အဲသည်အတွက် အခုနောက်ပိုင်းမှာ အရပ်ဘက်အဖွဲ့အစည်းတချို့ဟာ မှတ်ပုံမတင်တော့ဘဲ လုပ်ကိုင်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်ရာမှာလည်း လေ့လာသူအနေ နဲ့ တက်ရောက်ခွင့်ရပေမဲ့ ဆွေးနွေးဖို့နဲ့ပတ်သက်ပြီး ကြိုတင်စာပို့ရပါ တယ်။
ဒါပေမဲ့ အဓိက အခန်းကဏ္ဍ ဖြစ်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကိုတော့ လက်မခံ ဘူးလို့ သိရပါတယ်။

“ကျွန်တော်တို့က ကြိုတင်ရမယ်ဆိုလို့ တင်တယ်၊ သူတို့အနေ နဲ့ ဖတ်ချင်ရင် ဖတ်မယ်၊ ဖတ်ချမှလဲ ဖတ်မယ်၊ အခက်အခဲတွေက ပိုများလာတယ်”လို့ ဦးချိန်ပေါက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း မန္တလေးတိုင်းမှာ ငြိမ်းချမ်းရေးမီးရှူး တိုင် လှည့်ပတ်ဖို့ ကြိုးစားနေပါ တယ်။

ဒါပေမဲ့ မြို့နယ်တစ်ခုချင်းစီအလိုက် ခွင့်ပြုမိန့် တင်ရမှာဖြစ်တဲ့အတွက် ညှိနှိုင်းနေရတုန်းလို့ ဆိုပါတယ်။
မြို့နယ်အလိုက်၊ ဒေသအလိုက် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို ပညာပေးတွေ၊ ဟောပြောပွဲတွေ၊ ကန်ပိမ်းတွေ လုပ်ဖို့ ကြိုးစားနေပေမဲ့ ငြိမ်းချမ်း ရေးတို့၊ အမျိုးသားရင်ကြားစေ့ရေး တို့ ပါဝင်နေရင် အခက်အခဲတွေ ပို များနေတယ်လို့ သိရပါတယ်။

၁၇ ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄၊ ၅ တို့မှာ နှစ်ရက်ပြုလုပ်ပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများလုပ်ငန်းလမ်းညွှန် (TOR) နဲ့ ကြီးကြပ်ရေးကော်မတီတို့ရဲ့ လုပ်ငန်းလမ်းညွှန်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုကို ရှင်းလင်းစွာ သိရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းမယ်လို့ သိရပါ တယ်။

ဒါ့အပြင် ၂၁ ရာစု ပင်လုံညီ လာခံမှာ အရပ်ဘက်လူ့အဖွဲ့ အစည်းဖိုရမ် ကိုယ်စားလှယ်တွေကို ညီလာခံရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
ဖိုရမ်ကနေ ၂၁ ပင်လုံညီလာခံရဲ့ ဖြစ်စဉ်တိုးတက်မှုတွေ၊ စိန်ခေါ်မှုတွေ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြီး အိတ်ဖွင့်ပေးစာ ပေးပို့မယ်လို့ သိရပါတယ်။

 

Author / ဂျက်