ရှမ်းမှာအရပ်သားလိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ(၄)ဦးနဲ့၊ လက်နက်အရေအတွက်(၅)ခုသာရှိ

ရှမ်းမှာအရပ်သားလိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ(၄)ဦးနဲ့၊ လက်နက်အရေအတွက်(၅)ခုသာရှိ

ရန်ကုန်၊ဒီဇင်ဘာ၊၎
ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်တွေမှာ အရပ်သားလိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ(၄)ဦးနဲ့၊ လက်နက်အရေအတွက်(၅)ခုသာရှိ တယ်လို့ သည်ကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ် ပင်းတယမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)က ဦးညီလေးချမ်းမေးတဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ်အသီးသီးမှာ အရပ်သားများအား လိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ မည်မျှရှိပြီး၊ မည်သည့်လက်နက်အမျိုးအစားဖြစ်ကြောင်းကို သိလိုပါတယ်ဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်းက” ရှမ်းပြည်နယ်အတွင်းမှာ နယ်မြေစိုးမိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးပေါ့ လက်နက်ဘယ်လောက်ကိုင်ထားလဲ ပြည်သူတွေလုံခြုံရေးအတွက်ပဲမေးတာပါ ဘယ်လိုလူတန်းစားတွေ ကိုင်ဆောင်ခွင့်ရနေလဲ သာမာန်လူတန်းစားတွေလား ကွဲကွဲပြားပြားသိချင်လို့ မေးတာပါ”လို့ အဆိုနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။
နယ်လုံဝန်ကြီးရဲ့ ဖြေကြားချက်အရ ခွင့်ပြုပေးထားသူ (၄) ဦးမှာ (၁) ဒေါက်တာ စိုင်းခမ်းလှိုင် ၊ ပွိုင့် ၃၂ ပစ္စတို တစ်လက်၊ နံပါတ်(၂) ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ပွိုင့် ၃၈ စမတ်အမ် ၀ီဆင် တစ်လက် နှင့် ပွိုင့် ၃၂ အမေရိကန် သေနတ် တစ်လက် ၊ နံပါတ်(၃) ဦးရဲရင့် ဂျာမနီ ပစ္စတို တစ်လက် (၄) ဦးအောင်ကိုဝင်း ဆီဇက် ၂၀၇၅ နိုင်းမီလီမီတာ တစ်လက် စုစုပေါင်း သေနတ် (၅) လက်အား လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုထားတယ်လို့ ဗ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စားလွှတ်တော်တွင် လာရောက်ဖြေကြားခဲ့ပါတယ်။

ကိုင်ဆောင်ခွင့်ပြူထားသူတွေရဲ့ အသေးစိပ်အချက်အလက်တွေကိုတော့ ပြောပြသွားတာမျိုးမရှိပဲ၊ သည်လူတွေက အရင်က ဘာတွေလုပ်တယ်ဆိုတာကိုပဲ ပြောပြသွားတယ်၊ မေးခွန်းနဲ့ ပတ်သက်ပြီး နောက်ထပ်မေးခွန်းတွေ မေးဖို့မရှိတော့ပဲ ရရှိတဲ့ အဖြေကို ကျေနပ်တယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့ အဆိုရှင်ကဆိုပါတယ်။

ကိုင်ဆောင်ခွင့်ပြုထားတဲ့ သူတွေထဲမှာ ဦးအောင်ကိုဝင်းဆိုတဲ့နာမည်ပါဝင်ပြီး၊ ကမ္ဗောဇဘဏ် ရဲ့ဥက္ကဌဖြစ်တယ်လို့ သုံးသပ်မှု့အချို့ရှိနေပါတယ်။
ရှမ်းပြည်နယ်အတွင်းနေရာအနှံ့အပြားမှာ တရားမ၀င်လက်နက်ကိုင်ဆောင်သူတွေ အများကြီးရှိနိုင်ပြီး၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဖမ်းဆီးရမိမှု့တွမှာ လက်နက်တွေလည်းအများအပြားပါဝင်နေပါတယ်။
မေးမြန်းခဲ့တဲ့ မေးခွန်းက အရပ်သားကိုင်ဆောင်ခွင့်အတွက်ပဲ သီးသန့်မေးခဲ့တာဖြစ်လို့ သည်စားရင်းမှာမြန်မာ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေ၊ရဲ့စားရင်းမပါသင်ဘူးလို့ ဆိုပါတယ်

အေးအေးအောင်