တိုင်းပြည်အတွက် အားကိုးရတဲ့ လူငယ်တွေများစွာပေါ်ထွက်လာဖို့ လိုအပ်

လူငယ်များအနေနဲ့ စုစည်းညီညွှတ်တဲ့ စိတ်ဓာတ်တွေနဲ့ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေကို အလေ့အကျင့်တစ်ခုအဖြစ် မွေးမြူသွားဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

နေပြည်တော်၊ ဇန်နဝါရီ ၅ – တိုင်းပြည်အတွက် အားကိုးရတဲ့လူငယ်တွေအများအပြားပေါ်ထွက်လာစေဖို့ အားကစားကဏ္ဍကို အခုထက် ပိုမိုအားပေးမြှင့်တင်ဖို့လိုအပ်တယ်လို့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကျွန်မတို့ကနေပြီးတော့ အားကစားကိုအားပေးတယ်ဆိုတာဟာ အားကစားလုပ်ခြင်းအားဖြင့် မှန်ကန်တဲ့ယှဉ်ပြိုင်တဲ့စိတ်ဓာတ်တွေ၊ ကောင်းမွန်တဲ့ အစုအဖွဲ့နဲ့ အလုပ်လုပ်တဲ့စိတ်ဓာတ်တွေကို ကျွန်မတို့အားပေးချင်လို့ဖြစ်ပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။
နေပြည်တော်မှာကျင်းပတဲ့ လူငယ်ရေးရာ မူဝါဒစာအုပ်မိတ်ဆက်ဖြန့်ချိရေးအခမ်းအနားမှာ ပြောတာပါ။

ကျွန်မတို့နိုင်ငံရဲ့ အားနည်းချက်တစ်ခုက အစုအဖွဲ့နဲ့လုပ်တတ်တဲ့အရည်အချင်းမရှိတဲ့ဟာပါပဲလို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။
မြန်မာနိုင်ငံ ပြည်သူတွေအများစုကြားမှာ အစုအဖွဲ့နဲ့လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေအားနည်းနေပြီး ပညာရေးစနစ်မှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းစနစ်ဖြင့်သာ သွား နေပြီး အစုအဖွဲ့နှင့် လုပ်ဆောင်တတ်အောင် သင်ကြားပြသပေးခြင်းမရှိတာကြောင့်လည်း ဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံက ဒါ ကျွန်မတို့ ပညာရေးစနစ်မှာ အစုအဖွဲ့နဲ့ လုပ်တတ်ဖို့လုပ်ဆောင်ဖို့ မသင်ပေးတာကြောင့်မို့လို့ ကိုယ်တစ်ယောက်တည်းအမှတ်အများဆုံးရအောင်လုပ်တဲ့စနစ်ကနေ ပြီးတော့ထွက်ပေါ်လာတဲ့ စိတ်ဓာတ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ညီညွှတ်ရေးအတွက် စုပေါင်းပြီးတော့ လုပ်ဆောင်ရေးအတွက်အထောက်အကူမဖြစ်ပါဘူးလို့ ပြောပါတယ်။

ပညာရေးစနစ်ရဲ့အားနည်းမှုကြောင့် အစုအဖွဲ့နဲ့လုပ်ဆောင်တဲ့ သင်ကြားပို့ချမှုတွေကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိခဲ့ပေမဲ့ ပြည်သူတွေရဲ့စုစည်းမှုစိတ်ဓာတ်ကတော့ရှိနေသေးပြီး အဆိုပါစနစ်ရဲ့အား နည်းချက်တွေကို ကောင်းမွန်စွာကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျွန်မဂုဏ်ယူပြီးတော့ ပြောရမယ်ဆိုလို့ ရှိရင်တော့ ဘယ်လိုပဲပြောပြော ကျွန်မတို့ ပညာရေးစနစ်က အားနည်းခဲ့တယ်ဆိုပေမဲ့ ကျွန်မတို့ပြည်သူတွေရဲ့ စုစည်းမှုစိတ်ဓာတ်ကတော့ကောင်းပါ တယ်၊ တကယ်အရေးကြီးပြီဆိုရင် သွေးစည်းကြဖို့ဆိုတဲ့ စိတ်ဓာတ်ဟာ ခုထက်အထိကျွန်မတို့ပြည်သူတွေရဲ့ကြားထဲမှာရှိနေတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်၊ ဒါ အားလုံးတော့ မဟုတ်ဘူး ပေါ့နော်၊ ဘယ်လူ့ အသိုင်းအဝိုင်းမှာမဆို ၁၀ဝ ရာခိုင်နှုန်းညီညွတ်တဲ့ တစ်သဘောတည်းဆိုတာမဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ကျွန်မတို့နိုင်ငံမှာ နိုင်ငံသူ နိုင်ငံသားတွေဟာအရေးကြီးရင်သွေး စည်းတယ်ဆိုတဲ့စိတ်ဓာတ်ဟာ အခုထက်အထိရှင်သန်နေတယ်ဆိုတော့ ပညာရေးရဲ့အားနည်းချက်တွေကိုကျော်လွှားနိုင်တယ်ဆိုတာ လူငယ်တွေအတွက်လဲအလားအလာအတော်အင်မတန် ကောင်းပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။

လူငယ်တွေအနေနဲ့ နိုင်ငံအတွက်ကောင်းမွန်တဲ့ သွေးစည်းညီညွှတ်မှု စိတ်ဓာတ်တွေ၊ အရည်အချင်းတွေကိုထိန်းသိမ်းပြီး စုစည်းလုပ်ဆောင်မှုကဏ္ဍတွေမှာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားရ မယ်လို့ ပြောပါတယ်။ ပြိုင်ဆိုင်မှုတွေမှာ လူငယ်တွေကြားမှာကောင်းမွန်သော ယှဉ်ပြိုင်မှု၊ တစ်ဦးတစ်ယောက်တည်းလုပ်ဆောင်မှုမဟုတ်ဘဲ စုပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်တွေတိုးပွားစေဖို့ သင်ကြားလမ်း ညွှန်မှုတွေလုပ်ဆောင်သင့်ပါတယ်။အဲသည်လို လုပ်ဆောင်ခြင်းအားဖြင့် ကောင်းမွန်တဲ့ဘက်ကပြိုင်ဆိုင်ခြင်းတွေဖြစ်ပေါ်လာစေပြီး မနာလိုတဲ့စိတ်၊သဝန်တိုတဲ့စိတ်၊ ညစ်ချင်တဲ့စိတ်၊ သူတစ်ပါးကိုထိခိုက်စေလိုတဲ့စိတ်ဓာတ်တွေ လျော့ကျလာနိုင်မှာဖြစ်ပါတယ်။ နိုင်ငံအတွက်လဲအင်မတန်ကောင်းပါတယ်၊ ဒီတော့ ဒီကောင်းတဲ့ ကျွန်မတို့ရဲ့အရည် အချင်းတွေကိုတော့ ပိုပြီးတော့ အားသန်အောင်လို့ လုပ်စေချင်တယ်၊ ဒီစိတ်ဓာတ်တွေကိုထိန်းသိမ်းထားစေချင်တယ်၊ တစ်ချိန်တည်းမှာလဲ စုစည်းပြီးတော့လုပ်နိုင်တဲ့ အရည်အချင်းတွေကို မြှင့်တင်စေချင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

လူငယ်တွေရဲ့အလေ့အကျင့်ကောင်းတွေတိုးတက်လာစေဖို့ မိဘ၊ ဆရာတွေအနေနဲ့လည်း ကျောင်းနေအရွယ်ကလေးငယ်တွေကို ကိုယ့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်းဖြစ်သူတွေနဲ့ စုစည်းမှုနဲ့ဝိုင်းဝန်း လုပ်ဆောင်တတ်စေဖို့ သင်ပေးသင့်တယ်လို့ အကြံပြုပါတယ်။အခု ကျွန်မတို့နားလည်သလောက် မိဘတွေတော်တော်များများက စာမေးပွဲနဲ့ပတ်သက်လို့ရှိရင် ဘယ်သူကဖြင့် ဘယ်တုန်းက ဘယ်သူ့သားသမီးက အမှတ်ဘယ်လောက်ရတာဆိုပြီးတော့ ပြိုင်တဲ့ဘက်ကိုတွန်းပို့နေတဲ့သဘောပေါ့၊ ပြိုင်တာဟာမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ကောင်းတဲ့ ပြိုင်ဆိုင်ခြင်းနဲ့ မကောင်းတဲ့ပြိုင်ဆိုင်ခြင်းရှိတာပေါ့၊ ကောင်းတဲ့ ပြိုင်ဆိုင်ခြင်းဆိုတာ ကိုယ့်ရဲ့ အရည်အချင်းတိုးတက်အောင်လုပ်ခြင်းအားဖြင့် တစ်ဖက်ကလဲ သူ့ရဲ့အရည်အချင်းတိုးတက်အောင်လုပ်တယ်ဆိုတော့ အားလုံးအတွက် နှစ်ဖက်စလုံးအတွက်အကျိုးအမြတ်ရှိပါတယ်လို့ ပြောပါတယ်။ပြည်သူတွေကြားမှာ အားကစားစိတ်ဓာတ်ဆိုတဲ့ အတွေး၊ အမြင်တွေပြန့်ပွားလာရင် နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ အခုထက်ပိုအဆင်ပြေချောမွေ့လာစေမှာဖြစ်ပါ တယ်။အားကစားသမားစိတ်ဓာတ်ဆိုတာလဲ သိပ်မကြားရတော့ဘူး၊ ဒါပေမဲ့ ဒီဟာတွေပြန်ပြီးတော့ ရှင်သန်အောင်လို့ ဒီအတွေားအခေါ်တွေပြန်ပြီးတော့ ရှင်သန်အောင်လို့ ကျွန်မတို့တွေလုပ်ချင်ပါတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း
ယနေ့ခေတ်မှာ လူငယ်အနည်းစုကသာ လူ့အသိုင်းအဝိုင်းမှာအကျိုးရှိစွာဝင်ဆံ့နိုင်ပြီးလိုအပ်တဲ့ သတင်းအချက်အလက်၊ ဗဟုသုတ၊ ဝန်ဆောင်မှုတွေရှိနေပြီး လူငယ်အများစုကဆင်းရဲနွမ်းပါးမှု၊ ကျား/မ တန်းတူမညီမျှမှု၊ ပညာရေးအဆင့်အတန်းနိမ့်ကျမှုတွေ၊ အလုပ်အကိုင်မရရှိခြင်းပြဿနာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။အဆိုပါ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို လေ့လာသင်ယူသင့်တယ်လို့ နိုင်ငံ တော်အတိုင်ပင်ခံက ပြောပါတယ်။ကျွန်မတို့နိုင်ငံမှာဆိုလို့ရှိရင် အသက်မွေးဝမ်းကျောင်းပညာကို အားပေးနေပါတယ်၊ အသက်မွေးဝမ်းကျောင်းပညာကို အားပေးတယ်ဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့တိုးတက်ရေးအတွက်လဲဖြစ် တယ်၊ နောက်ပြီးတော့ ကျွန်မတို့ရဲ့လူငယ်တွေရော လူငယ်တွေရဲ့မိဘတွေရောဟာ စိတ်ထားမှန်မှန်ကန်ကန်ထားတတ်စေချင်လို့လဲဖြစ်တယ်၊ ဥပမ ပြောရမယ်ဆိုရင် ပညာသင်တယ်ဆိုတာဟာ ဂုဏ်အတွက်ပဲသင်တာမဟုတ်ဘူး၊ ပိုက်ဆံအတွက်ပဲသင်တာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေကိုစိတ်အားထက်သန်ပြီး တက္ကသိုလ်ဘွဲ့တွေနဲ့ တန်းတူအသုံးဝင်နိုင်တယ်ဆိုတဲ့အတွေးအခေါ်တွေရှိစေချင် တယ်လို့ ဆိုပါတယ်။အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုလေ့လာသင်ယူမှုများပြားတဲ့ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံအများစုမှာ အသက်မွေးဝမ်းကျောင်းပညာရပ်တွေက တက္ကသိုလ်တွေထက် သာနေတာမျိုးတွေလည်းရှိ တယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံက လက်တေါ့ကျကျ တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ပါပဲ၊ ပကာသနမဟုတ်ဘူးပေါ့နော်၊ ဂုဏ်ပကာသနကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ တကယ့်စစ်မှန်တဲ့တန်ဖိုးကို အလေးထားတာဖြစ်ပါတယ်၊ ဒါ ကြောင့်မို့လို့ ကျွန်မတို့အသက်မွေးဝမ်းကျောင်း ပညာဘက်ကို လူငယ်တွေသွားဖို့ကို ကျွန်မတိုက်တွန်းချင်ပါတယ်လို့ ပြောပါတယ်။လူငယ်တွေအနေနဲ့ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်မယ့်ဖွံ့ဖြိုးတိုးတက်သော ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာစေရေးအတွက် လူငယ်များအနေနဲ့ စုစည်းညီညွှတ်တဲ့စိတ်ဓာတ် တွေနဲ့ ကောင်းမွန်တဲ့ယှဉ်ပြိုင်မှုတွေကို အလေ့အကျင့်တစ်ခုအဖြစ် မွေးမြူသွားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

မူးယစ်ဆေးဝါး အန္တရာယ်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုတ်လက္ခဏာဆောင်တဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို လူငယ်တွေအနေနဲ့ ကြောက်ရွံ့ကြပါလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
မဟုတ်တာလုပ်ရမှာကို ကြောက်တာ ဘာဖြစ်သလဲ၊ မလုပ်ရဲဘူးကွာ ငါကြောက်တယ်လို့ ပြောလိုက်တော့ ဘာဖြစ်လဲ၊ အဲဒီလိုနည်းနဲ့မသောက်ရဲဘူးလား၊ မစမ်းရဲဘူးလားဆိုပြီးတော့သွေးထိုးပေးတာတွေကြောင့် စိတ်ကမပါသွားပါနဲ့လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် လူငယ်တွေရဲ့ ကူညီဆောင်ရွက်မှုက လိုအပ်နေတယ်လို့သိရပါတယ်။ဒီမူးယစ်ဆေးဝါးအန္တရာယ်နဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုလဲထိန်းသိမ်းသလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလဲ ထိန်းသိမ်းပေးပါလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

လက်ရှိမှာတော့ မူးယစ်ဆေးဝါး အန္တရာယ်တွေကို လူငယ်အများစုက ရင်ဆိုင်နေကြရပြီး အဆိုပါအန္တရာယ်ကျော်လွှားနိုင်ခဲ့တဲ့ လူငယ်တွေလည်းရှိနေပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မမကြိုက်တဲ့ အကျင့်တစ်ခုကအထူးသဖြင့် အမျိုးသားတွေကြားထဲမှာ ယောကျာ်းတွေကြားထဲမှာဖြစ်တတ်တယ်၊ မင်းယောကျာ်း မဟုတ်ဘူးလား၊ မလုပ်ရဲဘူးလား၊ မလုပ်ရဲဘူးလို့ ပြောလိုက်ပေါ့၊ မဟုတ်တာလုပ်တာကို မလုပ်ရဲဘူးလို့ပြောတာ ဘာဖြစ်လဲလို့ ပြောပါတယ်။

မကောင်းကြောင်းပြောပါ
နိုင်ငံတော်အတိုင်ပင်ခံက တကယ်ကိုယ်က မူးယစ်ဆေးဝါးစွဲနေတယ်၊ ဒုက္ခရောက်နေတယ်ဆိုရင် ကိုယ့်သူငယ်ချင်းတွေကို မင်းတို့ ငါ့လိုမလုပ်နဲ့ဆိုတဲ့ပြောရဲတဲ့ သတ္တိရှိဖို့လိုတယ်၊ ပြောချင်တဲ့ စေတနာရှိဖို့လိုပါတယ်လို့ ပြောပါတယ်။မူးယစ်ဆေးအန္တရာယ်နဲ့အကျိုးဆက်တွေကို လူငယ်တွေကိုစဉ်းစားဆင်ခြင်နိုင်မှုမြှင့်တင်ပေးခြင်း၊ ပညာပေးခြင်းတို့ကိုဆောင်ရွက်ပြီး စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကိုစွဲလမ်းခြင်းအန္တရာယ်မှ ကာကွယ်ဆောင်ရွက်မယ်လို့ သိရပါတယ်။နိုင်ငံတော်အတိုင်ပင်ခံက ကိုယ်ကိုယ်တိုင်က မူးယစ်ဆေးဝါးသုံးနေပြီဆိုရင် ဒါကတော့လူတွေရဲ့သဘာဝပေါ့၊ ကိုယ်မကောင်းလို့ဆိုလို့ရှိရင် နည်းနည်းကိုယ့်ကိုယ်ကိုညှာပြီး စဉ်းစားနိုင်အောင် လူများတွေကရော မကောင်းတာလိုက်လုပ်နိုင်အောင် အကျင့်လေးတွေကရှိတယ်၊ အဲဒီတော့ အဲဒီအကျင့်လေးတွေကိုလဲဖျက်ပါလို့ တိုက်တွန်းပါတယ်။

မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေအနေနဲ့လည်း မူးယစ်ဆေးဝါးအန္တရာယ်နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကိုမလွန်ဆန်နိုင်တာ၊ တားမြစ်ချင်စိတ်မရှိတာတွေကိုလည်းပြုပြင်သင့်ပါတယ်။
လူမှုပတ်ဝန်းကျင် အခြေအနေကြောင့် မူးယစ်ဆေးဝါးစွဲနေတဲ့ လူငယ်တွေကိုအထင်သေးခြင်း၊ ပစ်ပယ်ခြင်းမပြုလုပ်ဘဲ ဝိုင်းဝန်းကူညီဖို့နဲ့ ကိုယ်တိုင်လည်းမူးယစ်ဆေးဝါးရဲ့သားကောင်မဖြစ်စေဖို့ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်ရဲ့ အနာဂတ်လူငယ်တွေဖြစ်အောင် ကြိုးစားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပါတယ်။

Author – အောင်မင်းသိန်း