အန္တရာယ်ကြားက ၁၀ မိနစ်စာ ဖျော်ဖြေမှု၏ နောက်ကွယ်

မင်းသမီးလို က တတ်နေရုံနဲ့ မြွေနဲ့ကလို့ မရဘူး၊ မြွေပေါက်လျှင်  အရှောင်အတိမ်းကောင်းဖို့ လိုသည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၂၄ – နတ်ဒိုးဆိုင်းသံ ကြားနေရပြီဖြစ်သောအချိန်တွင် အမျိုးသမီးနှစ်ဦး မျက်စိမှိတ်လက်အုပ် ချီ၍ ပါးစပ်မှလည်း တတွက်တွတ် ရွတ်နေကြသည်။ ထိုသူနှစ်ယောက်မှာ မြွေနှင့်ကသူတို့ ယုံကြည်ရာဖြစ်သော အမေရေယဉ်နတ်အား ဦးခိုက်နေကြခြင်းဖြစ်သည်။

ထိုနှစ်ဦး ယခုကဲ့သို့ ပြုလုပ်နေ ခြင်းသည် အမေရေယဉ်နတ်နှင့် အ ခြားဆိုင်ရာပိုင်ရာနတ်များက ၄င်းတို့ မြွေနှင့်ကပြရာတွင် မြွေကိုက်မခံရအောင် နတ်များက စောင့်ရှောက်ကြစေရန် ဦးချကန်တော့နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ဇာတ်စင်ပေါ်တွင် အမျိုးသမီးတစ်ဦးထွက်လာသည်။ သူသည် စပါးကြီး မြွေအားခါးတွင်ပတ်၍ ကပြနေသည်။

ထိုသို့ကပြပြီးနောက် ဒုတိယ အမျိုးသမီးငယ်က ပခြုပ်အတွင်းမှ ခုနစ်ပေခန့်ရှည်သော တောကြီးမြွေ ဟောက်အား လက်ဖြင့်ဆွဲထုတ် လိုက်သည်။ မြွေဟောက်အား အမျိုးသမီးငယ်က ၄င်းနှင့် တစ်ပေခန့်အကွာတွင် ချလိုက်သည်။ မြေဟောက် က လှမ်းပေါက်သည်။ အမျိုးသမီးငယ်က ရှောင်တိမ်းလိုက်သည်။ မြွေသည် အမောက်ထောင်၍ ဘယ်ညာ ယိမ်းနေသည်။ မြွေသည် စိတ်တိုနေပုံရှိသည်။ မြွေဟောက်ပေါက်ခြင်းကို အမျိုးသမီးငယ်က ရှောင်တိမ်းရင်းနဲ့ ကပြနေသည်ကို မြင်တွေ့နေရသည်။ အရှောင်အတိမ်းတစ်ချက်မှားရုံဖြင့် မြွေဟောက်အပေါက်ခံရမှာဖြစ်သည်။

ယခုမြင်ကွင်းသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းမှ မြွေနှင့်လူ ကပြပွဲ၏ ပုံရိပ် ဖြစ်သည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲတွင် မြွေနှင့် ကပြဖျော်ဖြေသူ လေးဦးရှိ သည်။ သူတို့သည် စနေနှင့် တနင်္ဂနွေ ရက်တိုင်းမှာ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ထဲတွင် အလည်လာသူများ ကို အမြဲ ကပြဖျော်ဖြေနေကြသော အန္တရာယ်ကြားက သူများဖြစ်သည်။ ထိုနေ့ရက်တိုင်းတွင် နေ့လယ် ၁း၃၀ နာရီမှ ၂း၃၀ နာရီအချိန်အထိ ကျင်းပသော တိရစ္ဆာန်ကပွဲမှ ၁၀ မိနစ်စာ အချိန်လောက်သာ ကပြတဲ့ မြွေနှင့်လူ ကပြပွဲ နောက်ကွယ်မှာ ဘယ်လိုပြင်ဆင်ရပုံ နဲ့ အခက်အခဲများကိုတော့ သိသူနည်းပါသည်။

မြွေနှင့်လူ ကပြသည့် အဖွဲ့တွင် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦးရှိသည်ဟု ရန်ကုန်တိရစ္ဆာန် ရုံက သိရသည်။ တိရစÍာန်ရုံအား ၁၉၁၆ ခုနှစ်မှ စတင်ထားရှိခြင်းဖြစ်ပြီး နှစ်နှစ်ခန့်ကြာသောအခါ မြွေကပွဲကို စတင်ဖျော်ဖြေခဲ့ခြင်း ဖြစ်သည် ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ခံထံက သိရပါသည်။ ယခုဆိုလျှင် မြွေ ကပွဲပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၁၀ဝ ကျော်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်တိရစ္ဆာန်ရုံတွင် ယခင်နှစ်အဆက်ဆက်တွင် မြွေနှင့်အက ဖျော်ဖြေခြင်းကို တောင်ရိုးပြန်ဆရာ ချစ်၊ ဒေါ်စန်းနန်းကြည်၊ (မြွေ) အာဇာ နည်စန်းစန်းတို့က လက်ဆင့်ကမ်း ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။
မြွေကသူ အမျိုးသမီးသုံးဦးအား အစိုးရအသိအမှတ်ပြုလက်မှတ်ရ ထားသော မြွေအကဆရာ ဦးတင်စိန် က မြွေနှင့်ကနည်းများကို တာဝန်ယူ သင်ကြားပေးသည်ဟု သိရသည်။ မြွေနှင့်ကခြင်းကို သင်ကြားပေးရာတွင် မြွေ၏အထာ အညှာတို့ကို အရင်ဆုံး လေ့လာခိုင်းရသည်ဟု ဦးတင်စိန် က ပြောပြသည်။

ကတတ်ရုံနဲ့ မရ

မြွေကိုင်၍ ကရာတွင် ကား မောင်းသကဲ့သို့ မြွေကညာဘက်သို့ ကိုက်လျှင် ဘယ်ဘက်သို့ ရမ်းထုတ် ရပြီး ဘယ်ဘက်သို့ လှည့်ကိုက်လျှင် ညာဘက်သို့ မြွေအားရမ်းထုတ်ရ သည်ဟု ဆိုသည်။ မြွေအား အမြီးပိုင်းမှ သုံးချိုးတစ်ချိုးနေရာတွင်ကိုင်တွယ်ကြသည်။

မင်းသမီးလို ကတတ်နေရုံနဲ့ မြွေနဲ့ ကလို့မရဘူး၊ မြွေပေါက်လျှင် အရှောင်အတိမ်းကောင်းဖို့လိုသည်ဟု ဆိုသည်။

မြွေနှင့်ကပြရာတွင် မြွေတစ်ကောင်တည်းကိုသာ မသုံးဘဲ နှစ် ကောင်သုံးကောင်နှင့် ကပြသည့် အခါမျိုးလည်း ရှိသည်။

“တချို့ကပြောကြတယ်၊ လူနဲ့ တွဲကတဲ့ မြွေတွေက အဆိပ်ထုတ် ထားတာတဲ့၊ ခုကတဲ့မြွေတွေက အ ဆိပ်ထုတ်မထားပါဘူး၊ မြွေရုံထဲက ဒီ တိုင်းထုတ်ပြီး ကတာပဲ”ဟု ဦးတင် စိန်က ပြောသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် မြွေကောင်ရေ ၉၀ ကျော်ရှိပြီး တောကြီး မြွေဟောက် တစ်ကောင်သာ ရှိသည်ဟု မြွေရုံပိုင်ထံက သိရ သည်။ မြွေနှင့် ကပြရာတွင် စပါးကြီး၊ စပါးအုံး၊ တောကြီးမြွေဟောက်တို့နှင့် ကပြခြင်းဖြစ်သည်ဟု သိရသည်။

မြွေဆိုသည်မှာ မျက်ခွံမပါ၊ နား မပါသောကြောင့် အကြားအာရုံ၊ အမြင်အာရုံချို့တဲ့သဖြင့် သင်ယူလေ့ ကျင့်ပေး၍မရဟု မြွေအက သင်ဆရာ ထံက သိရသည်။ ထို့ကြောင့် မြွေနှင့် ကရာတွင် လူကသာ အဓိက ရှောင် တတ်၊ တိမ်းတတ်ရန် လိုကြောင်း သိရသည်။ သို့သော် မြွေ၏ ဝမ်းဗိုက် ကြွက်သားများက အာရုံခံစားမှုအလွန်ကောင်းသည်ဟု ဆိုသည်။
“ကျွန်တော် ဒီမှာလုပ်တဲ့ လုပ်သက်တစ်လျှောက်မှာ မြွေကိုက်ခံ ရတဲ့အကြိမ်ရေ ၂၁ ကြိမ် ရှိပြီ၊ ဆေးရုံ ရောက်တာ သုံးကြိမ်ရှိပြီ၊ သုံးကြိမ် လုံး သေခါနီးဖြစ်ခဲ့တာ” ဟု ဦးတင် စိန်က ဆိုသည်။ မြွေနှင့် ကသူတို့မှာ အသက် အန္တရာယ်ရှိသော အဆိပ်ရှိ မြွေများနှင့် ထိတွေ့ ကပြနေရသူများ ဖြစ်သော်လည်း လစာမှာ ကျပ် ၁၃၀,ဝ၀ဝ နှင့် အစိုးရအသိအမှတ်ပြု လက်မှတ်ရ ဆရာမှာ ကျပ် နှစ်သိန်း သာ ရသည်ဟု သိရသည်။
“စပါးကြီးမြွေက ကြမ်းတယ်၊ စိတ်မထင်ရင် ဆွဲတတ်တယ်၊ သူ့ရဲ့ သွားတွေက လွှလို့ပဲ၊ ကိုက်လိုက် ရင် အသားတွေ စုတ်ပြတ်သွားတာ”ဟု လည်း အသက်အန္တရာယ်သည် လက်တစ်ကမ်းတွင်ရှိနေပုံကို မြွေ အကဆရာ လုပ်သက် အနှစ် ၃၀ ကျော်ရှိ ဦးတင်စိန်က ပြော သည်။

အဆိပ်အပြင်းဆုံး

မြွေနှင့်ကပြသူ လေးဦးသည် မြွေဆေးထိုးထားကြသည်ဟု ဆိုသည်။ ထိုမြွေဆေးထိုးခြင်းဆို ရာတွင် မြွေများ၏အဆိပ်ပေါင်းစုံအား စု ပေါင်း၍ ဆေးမည်းရောကာ လက် ဆစ်များ၊ လက်ဖမိုးများ၊ ရင်ဘတ်၊ လက်မောင်းများတွင် စုတ်ထိုးထားသည်ဟုဆိုသည်။ ၄င်းတို့လက်တွင် ဆေးမည်းနှင့် စုတ်ထိုး ထားသော အင်းချထားသည့်ပုံစံ များကို တွေ့ မြင်ရသည်။
“အခုလို အဆိပ်မျိုးစုံနဲ့ စုတ်ထိုးခံရတာက မြွေကိုက်ခံရတာ ထက် ဆိုးပါတယ်၊ လက်ဆစ်အရိုးတွေပေါ် ကျရင် ဒုတ်ခနဲ ဒုတ်ခနဲ အ ရိုးကို စုတ် နဲ့ ပေါက်မိတာ”ဟု မြွေဆေးစုတ်ထိုးထားသော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မြွေနှင့်ကပြသူ မသစ်သစ်လွင်က ပြောသည်။

ထိုသို့ မြွေဆေးစုတ်ထိုးထား ခြင်းသည် အကယ်၍ မြွေကိုက်ခံရပါက ချက်ချင်းမသေနိုင်ဟု ယုံကြည်ထား ကြသည်။
“မြွေဆေး စုတ်မထိုးထားရင် မြွေဟောက်ကိုက်ရင် ချက်ချင်းသေမှာ၊ ထိုးထားတော့ ဆေးရုံအထိ ခံတာပေါ့” ဟု မသစ်သစ်လွင်က ဆိုသည်။
မြွေဆေးစုတ်ထိုးထားလျှင် ထိုး ထားသည့်နေရာများ ရောင်ကိုင်းနေကာ မလှုပ်ရှားနိုင်ဟု သိရသည်။ မြွေဆေးထိုးပြီးနောက် “တစ်ခါကဆို ဝမ်းလျှောတာ သုံးရက်လောက် ဖျားလဲဖျားတတ်တယ်”ဟု မြွေနှင့်ကပြသူ ဒေါ်သန်းသန်းဆင့်က ၄င်း၏အ ဖြစ်အပျက်ကို ပြောပြသည်။

ထို့ပြင် ချိုင်းကြားနေရာများတွင် အကြိတ်အလုံးများထွက်၍ မလှုပ်ရှားနိုင်ဖြစ်တတ်သည်ဟုလည်း ပြော သည်။

“မြွေစကိုင်ကိုင်ချင်းကတော့ ကြောက်တယ်၊ နောက်တော့ မကြောက်တော့ပါဘူး”ဟု မသစ်သစ်လွင်က သူ၏အတွေ့အကြုံကို ပြော ပြသည်။
မြွေနှင့် ကသူတို့သည် အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊ မြွေသတ်ခြင်း၊ မြွေသားစားခြင်းတို့ကို ရှောင်ရှားရသည်။ ထိုသို့ ရှောင်ရှားထားမှသာ မြွေကိုက်ခံရခြင်းမှ ကင်းလွတ်မည်ဟု ယုံကြည်ထားကြ သည်။
‘ဒီပညာက လေ့လာရမယ် သင်ယူချင်မှ တတ်မြောက်မယ်၊ ဘုရားကန်တော့ အန္တောအနန္တငါးပါးကို ဆန့်ကျင်ရင် မိစ္ဆာပဲ၊ ဒီတော့ ဘယ် နတ်ကောင်း နတ်မြတ်ကမှ စောင့်ရှောက်မှာ မဟုတ်ဘူး”ဟု မြွေနှင့် ကသူ ဦးတင်စိန်က မြွေနှင့် ကသူတို့ ယုံကြည်မှုထားရှိပုံကို ပြောပြပါ သည်။ “မြွေသမားမှန်ရင် အမေရေယဉ်ကို ဦးခိုက်ရတယ်၊ အမေရေ ယဉ်ကို လက်လွှတ်မေ့ထားလို့ မရ ဘူး”ဟုလည်း ဆိုသည်။

ကပွဲကို လကုန်ခါနီးရက်များနှင့် စနေနေ့ရက်များတွင် လူကြည့် နည်း၍ တနင်္ဂနွေနေ့များတွင် လူကြည့်များသည်ဟု သိရသည်။ ပွဲကြည့်ခမှာ ထိုင်ခုံနှင့်ကြည့်လျှင် တစ်ဦးနှစ်ရာကျပ်နှင့် ထိုင်ခုံမပါလျှင် ပေး စရာမလိုဟု ပွဲခကောက်ခံသူထံက သိရသည်။ တစ်ခါတစ်ရံ ပွဲကြည့်သူ သုံးရာ၊ လေးရာခန့်သာရှိပြီး တစ်ခါ တစ်ရံ ငါးရာ၊ ခြောက်ရာခန့် လာ ကြည့်ကြသည်ဟု သိရသည်။ ကလေးများက ပို၍ စိတ်ဝင်စားသည်ဟု ဆိုသည်။

မြွေနှင့် ကပြရာတွင် ထိုင်မသိမ်းနှင့်ကလျှင် ထဘီအဖျားစမှာ ခြေထောက်တုတ်၍ ရှောင်တိမ်းရခက် သောကြောင့် မြွေကိုက်ခံရဖို့ ပိုမို နီးစပ်သည်ဟု မြွေနှင့် ကသူများက ပြောသည်။
စပါးကြီး၊ စပါးအုံးမြွေတို့နှင့် ကမည်ဆိုလျှင် လူ “မ”နိုင်လောက်သောအရွယ်ရှိသည့် မြွေကိုသာ မြွေရုံထဲ ရွေးယူကပြခြင်း ဖြစ်သည်ဟု မြွေနှင့်ကသူ ဦးတင်စိန်က ပြော သည်။

မြွေနှင့်ကပြသူထဲမှ အသက် ၂၀ ကျော် ရှိသည့် အသက်အငယ်ဆုံး မယုဝါ က “စကိုင်ခါစက ပျော့စိစိနဲ့ အေးစက်စက်ကြီး မကိုင်ရဲဘူး”ဟု မြွေစကိုင်ရာမှ သူ၏ကြောက်လန့်ပုံ ကို ပြောပြသည်။

 

Author / ခိုင်ဇာနည်မောင်