သန်လျင်မြို့နယ်မှာ ဆည်ကျိုးပေါက်ပြီး အိမ်ခြေ ၁၀၀ကျော်လောက် ပြောင်းရွေ့ရ

 ရန်ကုန်၊ နိုဝင်ဘာ ၂၈- သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ မှာ ရှိတဲ့ ဇာမဏီဆည် ကျိုးပေါက်ပြီး လက်ယက်စမ်း ကျေးရွာက အိမ်ခြေ ၁၀၀ကျော်လောက် ပြောင်းရွေ့နေထိုင်နေရတယ်လို့ သိရပါတယ်။ “ကြွက်ဖောက်တဲ့ အပေါက်ကနေ သတိမထားမိဘဲ ရေတွေ တစ်ဖြည်းဖြည်း ၀င်လာရာကနေ ၁၅ပေလောက် ကျိုးကျသွားတာပါ”လို့ သန်လျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ဦးနေလင်းအောင် က ပြောပါတယ်။ သည်ကနေ့ မနက် ၆နာရီဝန်းကျင်လောက်မှာ ဆည်ကျိုးပေါက်ခဲ့တာ ဖြစ်ပြီး ဘုရားကုန်းကျေးရွာအုပ်စု က လက်ယက်ကမ်းလေး ကျေးရွာ ကို ရေ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

ရေ၀င်ရောက်လာခဲ့တဲ့ အတွက် ကျေးရွာက နေအိမ် ၁၀၀ကျော်လောက်က ရွေ့ပြောင်းခဲ့ပြီး မနက် ၁၀နာရီလောက်မှာတော့ ကျိုးပေါက်တဲ့ နေရာကို ထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်၇ှိအချိန်မှာ ကျိုးပေါက်တဲ့ နေရာကို သဲအိတ်တွေနဲ့ ယာယီ အားဖြင့် ထိန်းထားရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျိုးဖောက်တဲ့နေရာအပြင် တစ်ခြား အန္တရာယ်ရှိတဲ့ နေရာတွေကို ပြန်လည် ဖာထေးဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ “ရေကတော့ တစ်ဖြည်းဖြည်းပြန်ကျနေပါပြီ။ ပြောင်းရွေ့တဲ့သူတွေကတော့ ပြန်လာရင်လည်း ပြန်လာနိုင်ပေမယ့် လက်ရှိကတော့ ရေတွေနဲ့ ဖြစ်နေဦးမှာပါ အိမ်ပေါ်မှာ နေလို့ရပေမယ့် ကြမ်းခင်းတွေကိုတော့ ရေထိတဲ့ နေရာတွေ ရှိသေးတယ် ” လို့ သူက ပြောပါတယ်။

 

အဆိုပါ ဇာမဏီဆည်ဟာ ပဲခူးမြစ် ကို အခြေပြုကာ စက်မှုဇုန်က စက်ရုံတွေကို အဓိက ရေထောက်ပံ့ပေးနေတာလို့ သိရပါတယ်။ ဆည်မြောင်းဦးစီးဌာနက လာရောက်ကြည့်ရှုခဲ့ပြီး အကြီးစားပြန်လည်ပြင်ဆင်ဖို့ ဆောာင်ရွက်တာတွေ လုပ်ဖို့ စက်ယန္တရားတွေတော့ လာရောက်ချပေးထားတယ်လို့ သိရပါတယ်။

 

Author / ဂျက်

Photo/ ဦးနေလင်းအောင်