သီရိလင်္ကာ ရေကြီးမှု သေဆုံးသူ ၁၈၀ ရှိလာ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ တွေတိုးမြှင့်

 မေ ၃၀ – ၁၄ နှစ်အတွင်းအဆိုးရွားဆုံးသောရေကြီးမှုနဲ့ကြုံတွေ့နေရတဲ့ သီရိလင်္ကာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ၅ သိန်းကျော်ကို ထောက်ပံ့ရေးပစ္စည်းတွေပေးနိုင်ဖို့အတွက် တနင်္လာနေ့က သီရိလင်္ကာရဲ့ ထောင်နဲ့ချီတဲ့ စစ်သား တွေ အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် လူပေါင်း ၁၈၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ မုတ်သုံမိုးစဲသွားတာကြောင့် ရေဘေးသင့်ဒေသတွေကို လေယာဉ်တွေ၊ လှေတွေကိုပေးပို့ကူညီပေးနိုင်ခဲ့သလို မြေပြင်တပ်ဖွဲ့တွေက ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး အရေးပါတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့တဲ့အပြင် အလောင်းတွေကိုလည်းဆယ်ယူနိုင်ခဲ့တယ်လို့ စစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအနောက်တောင်ပိုင်းက နေရာတော်တော်များများမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဒေသခံ ၅၅၀,၀၀၀ ခန့် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ သီရိလင်္ကာနိုင်ငံဟာ မုတ်သုံရာသီရောက်လာတိုင်း မိုးကြီးရေလျှံမှုကိုခံစားနေရကျဖြစ်ပါတယ်။ ဒါပေမယ့်အရင်နှစ် တွေက သည်နှစ်လောက်မဆိုးဖူးဘူးလို့မိုးကြီးရေလျှံမှုကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့နေရာတွေထဲက တစ်ခုမှာ နေထိုင်တဲ့ လက်သမား J. H. Siripala ကပြောပါတယ်။

၂၀၀၃ ခုနှစ် မေလကဖြစ်ပွားခဲ့တဲ့ အလားတူအင်အားပြင်း မုတ်သုံမိုးကြောင့် လူ ၂၅၀ သေဆုံးခဲ့ပြီး နေအိမ် ၁၀,၀၀၀ ပျက်စီးခဲ့ပါတယ်။ ကျွန်းရဲ့ကျောက်မျက်ထွက်ရှိရာမြို့ဖြစ်တဲ့ ရတ်တနာပူရဒေသမြေပြိုမှုကို တူးဖော်ပြီးတဲ့နောက်မှာတော့ မြေကြီး တန်ချိန်များစွာအောက်ကနေ အမျိုးသမီးတစ်ဦးနဲ့ကလေးငယ်တစ်ဦးတို့ရဲ့ရုပ်အလောင်းတွေကို စစ်သားတွေက ရှာတွေ့ရှိခဲ့တဲ့အတွက် တနင်္လာနေ့မှာ သေဆုံးသူအရေအတွက် ၁၈၀ အထိတက်သွားခဲ့ပါတယ်။ နောက်ထပ် လူ ၁၁၀ လည်းပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ ကပြောပါတယ်။

နေအိမ်အလုံးရေ ၅,၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။ လုံးဝပြိုကျပျက်စီးသွားတာတွေတောင်ရှိ တယ်၊လို့ အစိုးရရဲ့စာရင်းဇယားတွေအရသိရပါတယ်။ နိုင်ငံတောင်ဘက်စွန်း ဒေသထဲက ရေဘေးသင့်ရွာကို အစားအသောက်နဲ့အခြားလိုအပ်တဲ့ အသုံးအဆောင်တွေ ပေးပို့ဖို့ကြီုးစားနေစဉ် Mi-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ခဲ့ရကာ ထိခိုက်ဒဏ်ရာ ရမှု ရှိခဲ့တယ်၊လို့ လေတပ်ပြောခွင့်ရပုဂ္ဂိုလ် Gihan Seneviratne ကပြောခဲ့ပါတယ်။ မိုးစဲသွားတာကြောင့် တပ်ဖွဲ့တွေအနေနဲ့ အဆက်အသွယ်ပြတ်တောက်နေတဲ့ရွာတွေကိုထောက်ပံ့ကယ်ဆယ်မှု တွေ လုပ်ဆောင်ပေးခွင့်ရရှိနေပြီလို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနိုင်ဖို့၊ရေဘေးသင့်ဒေသတွေကို အစားအသောက်တွေ နဲ့အခြားလိုအပ်တဲ့အသုံးအဆောင်တွေပေးပို့နိုင်ဖို့ သီရိလင်္ကာအစိုးရဟာ စစ်သားအင်အား ၁,၈၀၀နဲ့ ရေတပ်က အမှုထမ်း ၁,၁၀၀ တို့ကို တာဝန်ပေးထားပါတယ်။ ရေတွေက တနင်္လာနေ့ကစပြီးလျော့ကျလာပြီဆိုပေမယ့် မြေနိမ့်ဒေသတွေမှာတော့ရေလွှမ်းတာတွေရှိနေဆဲ ပဲလို့အစိုးရကပြောပါတယ်။

မြို့တော် ကိုလံဘိုကကျောင်းတွေအပါအဝင် ရေကြီးမှုဖြစ်ပွားခဲ့တဲ့နေရာတွေက စာသင်ကျောင်းတွေကို တစ်ပတ်ကြာပိတ်ထားမှာဖြစ်တယ်လို့လည်း အစိုးရကပြောပါတယ်။ သီရိလင်္ကာမှာမိုးရွာသွန်းမှုအရှိန်လျော့သွားပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတွေက ဒေသအချို့မှာ အင်္ဂါနေ့မှာ ကုန်းတွင်းပိုင်းကိုဝင်ရောက်လာမယ့် ဆိုင်ကလုန်း မိုရာနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

 မအေးသီမွန်

[Ref:AFP; 30 May 2017]