မူးယစ်အနွယ်ဆေးတွေတင်ပို့မှု ကူညီရပ်တန့်ပေးဖို့တရုတ်ကို အမေရိကန် တောင်းဆို

 ဒီဇင်ဘာ ၇ – မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုတွေဖြစ်နေတဲ့အတွက် မူးယစ်အနွယ်ဆေးတွေကို စာပို့သဘောင်္နဲ့တင်ပို့မှုကို ရပ်ဆိုင်းပေးဖို့ အမေရိကန်က တရုတ်ကို တောင်းဆိုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအရာရှိတစ်ယောက်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဖန်တနိုင်းလို အာနိသင်ပြင်းတဲ့မူးယစ်အနွယ်ဆေးတွေကို ချောပို့စာအိတ်တွေထဲမှာ ရှာဖွေဖို့မလွယ်ကူတာကြောင့် အမေရိကန်ရဲ့မူးယစ်မှောင်ခိုတိုက်ဖျက်ရေးရလဒ်ဟာ မျှော်မှန်းထားတာနဲ့တခြားစီဖြစ်ခဲ့ရကြောင်း နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးနဲ့ ဥပဒေစိုးမိုးရေးဌာနက ဂျိမ်းစ်ဝေါ့ရှ်က ပြောကြားခဲ့ပါတယ်။

သည်အပတ်အတွင်းမှာ ဝေါ့ရှ်က တရုတ်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကိုယ်စားလှယ်အရာရှိတွေနဲ့ ကမ္ဘာ့ မူးယစ် တိုက်ဖျက်ရေးညီလာခံ တက်ရောက်ရင်း တွေ့ဆုံခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထရမ့်တို့ရဲ့ မူးယစ်ကိစ္စဆွေးနွေးချက်ကို ဆက်လက်ဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာလမှာ ထရမ့်က မူးယစ်ဆေးစွဲမှုကိစ္စကို နိုင်ငံတော်အဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အန္တရာယ် အဖြစ်ကြေညာခဲ့ပြီး အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကနေ ဈေးပေါပေါနဲ့ အမြောက်အမြားဝင်ရောက်နေတဲ့ ဖန်တနိုင်းတွေကို တားမြစ်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ထရမ့်နဲ့ ရှီတို့ ပြီးခဲ့တဲ့လ ဘေဂျင်းမှာ တွေ့ဆုံစဉ်က မူးယစ်ပြဿနာကို ဆွေးနွေးခဲ့ကြပါတယ်။ သည်အလည်အပတ်ခရီးစဉ်မတိုင်ခင်က ဖန်တနိုင်းအများစုဟာ တရုတ်ကနေ ဝင်ရောက်တာလို့ ထရမ့်ရဲ့ ပြောကြားချက်ကို တရုတ်အရာရှိတွေက အပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ထိန်းချုပ်ပို့ဆောင်နေတဲ့ မူးယစ်အနွယ်ဆေးတွေကို တရုတ်ဓာတ်ခွဲခန်းမှာ ထုတ်လုပ်တာလို့ တရုတ်အရာရှိ တစ်ယောက်ကပြောတယ်လို့ ဝေါ့ရှ်ကပြောပါတယ်။ သည်ပစ္စည်းတွေကို ပိုမိုထိန်းချုပ်ထုတ်လုပ်ပြီး မက္ကဆီကိုနဲ့ အမေရိကန်ကို သဘောင်္နဲ့ပေးပို့မှုကို ပိုမိုစောင့်ကြည့် သင့်တယ်လို့ သူက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ဆွေးနွေးနိုင်ခဲ့တယ်” လို့ သူက ပြောကြားခဲ့ပါတယ်။ မနှစ်က အမေရိကန်မှာ ဆေးလွန်ပြီး လူ ခြောက်သောင်းလေးထောင်သေဆုံးခဲ့ပါတယ်။ အများစုက အနာသက်သာဆေး၊ ဘိန်းဖြူနဲ့ ဖန်တနိုင်းတွေကြောင့်သေဆုံးခဲ့တာလို့ပြောပါတယ်။ ဖန်တနိုင်းဟာ ဟီးရိုးအင်းထက် အဆ ၅၀ အာနိသင်ပိုပြင်းပြီး တစ်ကီလိုဂရမ်မှာ ဆေးတောင့် အလုံးတစ်သန်း ထုတ်နိုင်တယ်လို့ ဝေါ့ရှ်ကပြောပါတယ်။ တရုတ်လုပ်မူးယစ်အနွယ်ဆေးတွေကိုတိုက်ဖျက်ဖို့ မက္ကဆီကို နဲ့ အမေရိကန်တို့ပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ သူကပြောပါတယ်။ “ရှေးရိုးနည်းလို မူးယစ်ဆေးကို ခွေးတွေနဲ့ အနံ့ခံရှာခိုင်းလို့မရဘူး။ ဖန်တနိုင်းကို သူတို့ထိမိရင် သေတောင် သေသွားနိုင်တယ်” လို့ ဆိုပါတယ်။ ပညာရှင်တွေက မူးယစ်ရှာဖွေဖို့နည်းလမ်းတွေအတွက် နည်းပညာတွေ ရှာဖွေဖော်ထုတ်နေကြတယ်လို့ သူက ပြောပါတယ်။

နှင်းသန့် [Ref: AFP. Dec 7, 2017]