ပဲ့ထိန်းဒုံး စမ်းသပ်မှု အောင်မြင်တယ်လို့ မြောက်ကိုရီးယား အတည်ပြု

ဖေဖော်ဝါရီ ၁၃ – တနင်္ဂနွေနေ့ကစမ်းသပ်ခဲ့တဲ့ ခေါင်းဆောင်ကြီးကင်ဂျုံအန်းကြီးကြပ်တဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှု က အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက အတည်ပြုပြောလိုက်ပါတယ်။

သည်ဒုံးကျည်ကို မြေပြင်ချင်းပစ် တာလတ်-တာဝေး ပဲ့ထိန်းဒုံးကျည်လို့ ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သည်ပစ်လွှတ်မှုဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စမ်းသပ်တဲ့ လက်နက်နဲ့ ရန်စမှုတစ်ခုလို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အခုပဲ့ထိန်းဒုံးစမ်းသပ်မှုကို နိုင်ငံတော်တော်များများကရှုတ်ချခဲ့ကြပါတယ်။ သည်လုပ်ရပ်ကိုဆွေးနွေးဖို့အတွက် အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုမေတ္တာရပ်ခံခဲ့ပါတယ်။ ဗျူဟာမြောက်တဲ့လက်နက်အသစ်တစ်မျိုးဖြစ်တဲ့ Pukguksong-2 အမျိုးအစားဒုံးကျည်စမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့တာလို့ KCNA ကဖော်ပြခဲ့ပါတယ်။ သည်ဒုံးကျည်ကို အိမ်နီးချင်းနိုင်ငံတွေဆီ ရောက်ရှိနိုင်လောက်တဲ့အမြင့်ပေကိုချိန်ပြီး ပစ်လွှတ်ခဲ့တာဖြစ်တယ် လို့လည်း ဖော်ပြပါရှိပါတယ်။

လောင်စာတောင့်အင်ဂျင်ကိုအသုံးပြုထားတဲ့ဒုံးပျံက ပဲ့ထိန်းဒုံးကျည်တွေကိုအင်အားပိုမိုပြင်းထန်စေပြီး ပိုဝေးဝေးလည်း ရောက်စေပါတယ်။ သည်စမ်းသပ်ပစ်လွှတ်မှုကို သဘောကျကျေနပ်တဲ့အကြောင်း ခေါင်းဆောင်ကင်ဂျုံအန်းက ပြောခဲ့တယ်လို့လည်း ဖော်ပြပါရှိပါတယ်။ သည်ဒုံးကျည်ဟာ ဂျပန်ပင်လယ်ပြင်ထဲကို ဦးတည်ပြီး အရှေ့ဘက်ကီလိုမီတာ ၅၀၀ လောက်အထိ ရောက်ရှိ ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့အမေရိကန်အစိုးရတာဝန်ရှိသူတွေကဆိုပါတယ်။ သည်ဒုံးကျည်ဟာ ကီလိုမီတာ ၅၅၀ အမြင့်ကိုရောက်ရှိခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကဖော်ပြခဲ့ပါတယ်။

ဒုံးကျည်တွေ ဂျပန်နိုင်ငံပိုင်နက်ထဲမကျရောက်အောင် စမ်းသပ်မှုတွေကို အကွာအဝေးတွေကိုလျှော့ပြီး လုပ်ဆောင် ထားတာဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ မြောက်ကိုရီးယားရဲ့ ၅ ကြိမ်မြောက်နျူကလီးယားလက်နက်စမ်းသပ်မှုအပါအဝင် ပြီးခဲ့တဲ့နှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု အများအပြားလုပ်ဆောင်ခဲ့ပါတယ်။ “ရန်စမှု” သည်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို နေတိုးတပ်ဖွဲ့ကလည်းရှုတ်ချခဲ့ပြီး အတွင်းရေးမှူးချုပ် ယန်းစတိုတန်ဘတ် ကလည်းမြောက်ကိုရီးယားအစိုးရကို နောက်ထပ်သဘောထားတင်းမှုတွေကိုမြင့်တက်လာအောင် မလုပ်ဆောင်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အများကလက်ခံယုံကြည်နိုင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲတစ်ရပ် ပြန်လည် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဥရောပသမဂ္ဂကလည်း မြောက်ကိုရီးယားရဲ့နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုအကြိမ်ကြိမ် မလိုက်နာတာဟာ ရန်စမှုတစ်ရပ်ဖြစ်သလို လက်သင့်ခံနိုင်စရာမရှိဘူး၊လို့ရှုတ်ချပြောဆိုလိုက်ပါတယ်။ သည်စမ်းသပ်မှုကို လုံးဝသည်းမခံနိုင်ဘူးလို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကပြောခဲ့ပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကလည်း အမေရိကန်အနေနဲ့ ဂျပန်နိုင်ငံအနောက်မှာ ရာနှုန်းပြည့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့အရင်းနှီးဆုံးမဟာမိတ် တရုတ်နိုင်ငံကတော့ အခုထိ စမ်းသပ်မှုနဲ့ပတ်သက်ပြီး ဘာတစ်ခုမှပြော ကြားခြင်းမရှိပါဘူး။

ဘေဂျင်းဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့နျူကလီးယား ရည်မှန်းချက်ကို ထိန်းချုပ်ဖို့ နိုင်ငံတကာကြိုးပမ်းမှုမှာပါဝင်ခဲ့ပါတယ်။

ကင်ဂျုံအန်းက သူ့စစ်တပ်ဟာ အမေရိကန်ပြည်ထောင်စုအထိရောက်အောင်ပစ်ခတ်လို့ရတဲ့ နျူကလီးယား ကျည်ဖူးတွေသယ်ဆောင်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ထုတ်လုပ်ရေး အောင်မြင်လုနီးနေပြီလို့ ဇန်နဝါရီလက သတိပေးပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ သည်နည်းပညာဟာ တိုးတက်အောင်မြင်ဖို့ တော်တော်လေး လိုအပ်နေသေးတယ်လို့သံသယရှိနေပါတယ်။

မစ္စတာထရမ့်ကလည်း ဖြစ်လာမှာမဟုတ်ပါဘူးလို့ တွစ်တာမှာရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီးယားခရီးစဉ်အတွင်းမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ် က မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တစ်ရပ်ရပ်ကိုအသုံးပြုမယ်ဆိုရင် ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့သတိပေးပြောကြားခဲ့ပါတယ်။

အခုနှစ်ကုန်ပိုင်းမှာ တောင်ကိုရီးယားမှာ အမေရိကန်ဒုံးကာကွယ်ရေးစနစ်ကိုတပ်ဖြန့်ချထားသွားမယ့် အစီအစဉ် ကိုလည်း သူကထပ်လောင်းအတည်ပြုပေးခဲ့ပါတယ်။

 

မအေးသီမွန်

[Ref:BBC; 13 February 2017]