ဂျပန်မှာ လူသတ်ဖို့ ကြံစည်မှုအတွက် လမ်းဘေးကြောင်တစ်ကောင်ကို သံသယရှိ

နိုဝင်ဘာ ၁၀ – နေမကောင်းလို့အိပ်ရာထဲလဲနေတဲ့ အဘွားအိုတစ်ဦးကိုသတ်ဖို့ကြံစည် သူလို့သံသယရှိခံရသူဟာ မမျှော်လင့်ဘဲလမ်းဘေးကြောင်တစ်ကောင် ဖြစ်နေတယ်လို့ သိရပါတယ်။ ဂျပန်တောင်ပိုင်းကတောင်ထူထပ်တဲ့ ဒေသတစ်ခုမှာ မေယုကိုမတ်ဆုမိုတိုရဲ့ မျက်နှာမှာ ပြတ်ရှရာအချက် ၂၀ ခန့်ကနေ သွေးအများအပြား ထွက်နေတာကို တနင်္လာနေ့က  သူ့နေအိမ်မှာ သမီးဖြစ်သူကတွေ့ရှိခဲ့တယ်။ဒဏ်ရာတွေကိုကြည့်ပြီးနောက် တချို့ဒဏ်ရာတွေက တော်တော်လေးကို ပြင်းထန်တယ်လို့ အခင်းဖြစ်တဲ့နေရာကို စုံစမ်းစစ်ဆေးအပြီး ရဲတပ်ဖွဲ့က ပြောဆိုခဲ့တယ်လို့ ဒေသတွင်းရုပ်သံလွှင့်ဌာနတစ်ခုဖြစ်တဲ့ RKK အဆိုအရသိရပါတယ်။

သူ့ကိုကျွန်မတို့တွေ့တုန်းက မေးစေ့အပေါ်ဘက် မျက်နှာတစ်ခုလုံးမှာ သွေးတွေနဲ့ ပြည့်နေတယ်၊  မျက်နှာတစ်ခုလုံးသွေးတွေနဲ့ စိုရွှဲနေတယ်၊ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်မလဲမသိဘူးလို့ မတ်ဆုမိုတိုရဲ့ သမီးက  RKK ကို ပြောပါတယ်။
မတ်ဆုမိုတို ၈၂ နှစ်ဟာ အရေးပေါ် ပြု စုကုသမှု ခံယူနေရပြီး စကားမပြောနိုင်သေးဘူးလို့ ကျိုဒိုနယူးစ်က ဖော်ပြခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေအနေနဲ့ တိုက်ခိုက်မှုဖြစ်နေချိန်မှာ အိမ်ထဲကိုလူအဝင်အထွက်ပြုလုပ်တဲ့ အရိပ်အယောင်တစ်ခုမှမတွေ့ခဲ့ဘူးလို့ ပုဂ္ဂလိက ကွန်ရက်  NTV က ပြောဆိုပါတယ်။

သူတို့ သတိပြုမိတာက မတ်ဆုမိုတိုရဲ့ဒဏ်ရာတွေဟာ ကြောင်ကုတ်ရာတွေနဲ့တူတယ်လို့ ထပ်ပြောခဲ့ပါတယ်။ ရဲတွေဟာ သူ့ရဲ့အိမ်နားမှာ ရစ်သီရစ်သီလုပ်နေတဲ့ ပိုင်ရှင်မဲ့လမ်းဘေးကြောင်တွေဘက် သတိထားကြည့်ပြီး ဘယ်အကောင်မှာ လူရဲ့သွေးအကြွင်းအကျန်တွေရှိနေမလဲလို့ ရှာဖွေခဲ့တယ်လို့ နီရှင်နီပွန်ရှင်ဘွန်း သတင်းစာက သောကြာနေ့ကဖော်ပြခဲ့ပါတယ်။ ဒဏ်ရာရသူကိုကုတ်ခြစ်ခဲ့တယ်လို့ယူဆရတဲ့ ကြောင်ရဲ့ လက်သည်းကသွေးနမူနာကို ရဲတွေစစ်ဆေးနေတယ်လို့ NHK ကသတင်းဖော်ပြပါတယ်။

မေသက်
[ref: CNA, Nov 10, 2017.]