မတ္တရာမြို့နယ်၊ ဘိုးတော်တောင်ခြေမှာ ထိုးသွင်းဒဏ်ရာများနဲ့သေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ

မတ္တရာမြို့နယ်၊ ဘိုးတော်တောင်ခြေမှာ ထိုးသွင်းဒဏ်ရာများနဲ့သေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇။ ။မတ္တရာမြို့နယ်၊ ဘိုးတော်တောင်ခြေရှိ ၀ါးရုံပင်အောက်မှာ ထိုးသွင်းဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်လောင်းကို ဖေဖော်ဝါရီလ ၆ရက်နေ့ ညနေ ၃နာရီခွဲအချိန်ခန့်က တွေ့ရှိခဲ့ပါတယ်။
မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးက” သက်သေများနဲ့သွားရောက်စစ်ဆေးတဲ့အခါ ပက်လက်အနေအထား ထိုးသွင်းဒဏ်ရာများနဲ့သေဆုံးနေတာတွေ့ရတယ်။ အလောင်းအနီးမှာ မိန်းမစီးဖိနပ်တစ်ရံ၊ အရိုးမပါတဲ့
အိမ်သုံးစတီးဓားဦးချွန်တစ်ချောင်း၊ အ၀ါရောင်ကော်ဓားရိုးတစ်ခုကိုတွေ့ရတယ်။ဓားဒဏ်ရာတွေက ဦးခေါင်း ရင်ဘတ်တွေမှာတွေ့ရတယ်။ တခြား ညိုမဲ၊ ပွန်းပဲ့ဒဏ်ရာတွေကိုလည်းတွေ့ရပါတယ်။”လို့ပြောပါတယ်။
မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ညောင်အုပ်ကျေးရွာသွားလမ်း ဘိုးတော်တောင်ခြေရှိ ၀ါးရုံပင်များအောက်ရှိ ကျောက်တုံးနှစ်ခုကြားမှာ ပက်လက်အနေအထား ထိုးသွင်းဒဏ်ရာများနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ စဉ့်ကူမြို့နယ်၊ မိုးကောင်းကျေးရွာမှာနေထိုင်တဲ့ မခင်ကြူကြူသင်း အသက် (၂၅)နှစ်ဖြစ်ပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဖမ်းဆီးရမိရေးလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။
ပြစ်မှုကျူးလွန်သူကို မတ္တရာမြို့နယ်၊ ရေနံ့သာနယ်မြေရဲစခန်းမှာ (ပ)၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ထားပါတယ်။

နှင်းနှင်း