တာမွေတရားရုံးမှာ ပုဒ်မ ၆၆ (ဃ)နဲ့ စွဲဆိုထားတဲ့ အမှု အတွက် ပန်ဆယ်လို ကိုယ်တိုင် ခံဝန်ချက် လာရောက်ထွက်ဆို

ရန်ကုန်၊ ဇန်န၀ါရီ ၁၃ – ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့ အမှု အတွက် တိုင်ကြားခံရသူ မပန်ဆယ်လို ဟာ သည်ကနေ့ မနက် ၁၀နာရီ က ကိုယ်ပိုင်ထွက်ဆိုချက် လာရောက် ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်မရေးသားချက်နဲ့ ပတ်သတ်ပြီး ကျွန်မမှာ အပြည့်အ၀ယုံကြည်မှု ရှိပါတယ်။

အဲ့အတွက် လည်း ဒီအမှုနဲ့ ပတ်သတ်ပြီး သက်သေခံ အထောက်အထားတွေ ၊ ဒီပို့စ်နဲ့ ပတ်သတ်ပြီး တရားစွဲဆိုသင့် မသင့်တော့ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်”လို့ မပန်ဆယ်လို က ပြောပါတယ်။ တရားစွဲဆိုထားတဲ့ အကြောင်းတွေထဲက ဆရာတော်ဦးဝီရသူကို ဂုဏ်သိက္ခာ ကျဆင်းစေအောင် ရေးသား ဖော်ပြချက်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို ဂုဏ်သိက္ခာ ကျဆင်းစေ တယ်ဆိုတဲ့ အကြောင်းပြချက်တွေကို ကာယကံရှင်ရဲ့ ကိုယ်စားလှယ်လွှဲစာမပါတဲ့ မဖြေရှင်းနိုင်ကြောင်း စာ တင်ခဲ့ တယ်လို့ သိရပါတယ်။

ထောက်ကြန့်လမ်းဆုံမှာ ဓမ္မစရိယဆရာတော် တစ်ပါး ရိုက်နှက်ခံရမှုနဲ့ပတ်သတ်ပြီး ပန်ဆယ်လိုရဲ့ လူမှု့ကွန်ရက်မှာ ရေးသားမှုဟာ ဗုဒ္ဓဘာသာတွေကို စိတ်မချမ်းမြေ့ဖြစ်စေလို့ တရားစွဲဆိုတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီးတော့ မပန်ဆယ်လိုရဲ့ ရှေ့နေကနေ သက်သေအထောက်အထားတွေလည်း တင်ပြခဲ့တယ်လို့ သိရပါတယ်။ “စိတ်နှလုံးညှိုးနွမ်းစေလား မစေလားဆိုတာတော့ တစ်ယောက်ချင်းစီ အပေါ်မှာ ဘာမှတ်ချက်မှ ပေးလို့ မရဘူး။ ဒါ ကျွန်မအမြင်ကို ကျွန်မ လွတ်လပ်စွာ ရေးသားတာပါ”လို့ မပန်ဆယ်လို က ပြောပါတယ်။ ပန်ဆယ်လိုကို ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၁ရက်နေ့ က ဦးမောင်မောင်တာဆိုသူကနေ တာမွေရဲစခန်းမှာ ပုဒ်မ၆၆(ဃ)နဲ့ တိုင်ကြားထားတာဖြစ်ပါတယ်။

 

Photo-ဂျက်