မန်းမြို့ ရေရှည်စဉ်ဆက်မပြတ် လုံခြုံရေး စီမံချက်ချ ဆောင်ရွက်ပြီ

မန္တလေးတိုင်းအတွင်း လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းပိုင်းဆိုင်ရာဆွေးနွေး ပွဲကို မြို့နယ်အလိုက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

မန္တလေး၊ ဇန်နဝါရီ ၁၀ – မန္တလေးမြို့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုရဲ့အကူအညီကိုရယူဆောင်ရွက်မှာဖြစ်တယ်လို့ မန္တလေးတိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောပါတယ်။သည်နေ့ (ဇန်နဝါရီ ၁၀)နေ့ လယ်ပိုင်းက တမ္မဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာပြုလုပ်တဲ့ မှုခင်းပိုင်းဆိုင်ရာဆွေးနွေးပွဲမှာ ပြောကြားတာပါ။
မန္တလေးတိုင်းအတွင်း လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းပိုင်းဆိုင်ရာဆွေးနွေးပွဲကို မြို့နယ်အလိုက်ပြုလုပ်သွားမှာဖြစ်ပြီး ယနေ့မှာတော့ မှုခင်းအများဆုံးဖြစ်ပွားတဲ့ ချမ်းမြသာစည်မြို့နယ်အတွင်း လှည့်လည်ပြုလုပ်တာလို့ သိရပါတယ်။

မန္တလေးတိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းက လက်ရှိလုပ်နေတဲ့လုံခြုံရေး၊ နယ်မြေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့ဟာ ဒီထက်ပိုပြီး ထိထိ ရောက် ရောက်ဆောင်ရွက်ချင်လို့၊ ပြောရမယ်ဆိုရင် ပြည်သူလူထု ရဲ့ အကူအညီကိုများစွာလိုအပ်နေတာဖြစ်ပါတယ်၊ ဒါ့ကြောင့် ပြည်သူလူထုရဲ့အကူအညီကို ရချင်လို့ အခုလိုနယ်မြေကွင်းဆင်းပြီးတွေ့ဆုံရတာဖြစ်ပါတယ်လို့ ပြောပါတယ်။

မန္တလေးခရိုင်အတွင်းရှိ နေ ရာ ၆၁ နေရာမှာ နယ်မြေခံရဲတပ်ဖွဲ့၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲနဲ့ မြို့တော်စည်ပင်ရဲ တပ်ဖွဲ့ကအရာရှိအပါအဝင်ရဲတပ်ဖွဲ့ဝင် ပေါင်း ၄၈၀ ကျော် ပုံသေလုံခြုံရေးအတွက်ဆောင်ရွက်နေတာဖြစ်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မြင့်အောင်က ပြောပါတယ်။နေ့ခင်းပိုင်းမှာ ရပ်ကင်း၊ဆိုင် ကယ်လှည့်ကင်းနဲ့ဆောင်ရွက်တာ၊ ညဦးပိုင်းမှာရပ်ကင်း၊ ရွေ့လျားရပ်ကင်း၊ ဆိုင်ကယ် လှည့်ကင်း၊ အထူးဆိုင်ကယ်လှည့်ကင်း၊ မော်တော် ယာဉ်လှည့်ကင်း၊ ပိတ်ဆို့ စစ်ဆေးတာ၊ ညဥ့်နက်ပိုင်းမှာတော့ ဆိုင်ကယ်လှည့်ကင်းဆိုပြီး ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၆၉ ဦးက အလှည့်ကျဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ရဲကကင်းတွေနဲ့ ဆောင်ရွက်တယ်၊ ဒါပေမဲ့ လုပ်ချင်တဲ့လူကတော့ အားနည်းချက်၊ မျက်ကွယ်ရှိတဲ့နေရာတွေမှာ လုပ်ဆောင်နေဆဲဖြစ်ပါတယ်၊ ဟာနေတာတွေကို မဟာ အောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး အင်အားနဲ့ ပြည်သူလူထုအင်အားကို ပေါင်းစပ်ပြီးမှ ဖြည့်စွက်ချင်တဲ့သဘောပဲလို့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော် ကျော်မင်းက ပြောပါတယ်။

ဆွေးနွေးပွဲတွေ
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးမှာ အများပြည်သူလုံခြုံစိတ်ချစွာသွားလာနိုင်ရေးနှင့်ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုများ လျော့နည်းပပျောက်ရေးအတွက်တိုင်းအစိုးရအဖွဲ့မှ အထူးအလေးပေးဆောင်ရွက်ရန်တိုက်တွန်း ကောင်းအဆိုကို ချမ်းမြသာစည်မြို့ နယ်၊လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က တင်သွင်းခဲ့ပါတယ်။ အဲသည်အဆိုကို အထူးအလေးပေးဆောင်ရွက်ဖို့ တိုင်းအစိုးရအဖွဲ့ကို လွှတ်တော်ကတိုက်တွန်းခဲ့တဲ့ တစ်လကြာကာလအတွင်း အခုလိုမှုခင်းပိုင်းဆိုင်ရာဆွေးနွေးပွဲတွေပြုလုပ်တာဖြစ်ပါတယ်။

မန္တလေးခရိုင်ရှိ မြို့နယ်ခုနစ်ခုမှာ ၂၀၁၇ ခုနှစ်အတွင်း အမှုပေါင်း ၃၂၀ဝ ကျော်ဖြစ်ပွားခဲ့တဲ့ အနက်လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်မှု၊ နိုင်ငံတော်ပုန် ကန်မှု၊ မတရားအသင်းမှု၊ လက်နက်(ယာယီ)မှုစတဲ့ အမှုကြီး ၉၉ မှု ဖြစ်ပွားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးစာရင်းအရသိရပါတယ်။မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးကြီးမြင့်ဦးက အမှုကြီး ၁၀ မျိုးမှာအများဆုံးဖြစ်နေတာက လုယက်မှုပါလို့ ပြောပါတယ်။ဖော်ထုတ်နိုင်တဲ့ အမှုပေါင်း ၁၁၂၂ မှုမှာ ဖမ်းဆီးရမိတဲ့ တရားခံတွေအနက် အသက် ၁၈ နှစ်ကနေ၂၅ နှစ်အရွယ်လူငယ် ၆၇၄ ဦးပါဝင်တယ်လို့ သိရပါတယ်။

မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီးမျိုးအောင်က လုယက်မှုတွေမှာ လူငယ်တွေအများဆုံးဖြစ်တယ်၊ အိမ်ဖောက်ထွင်းမှုတွေမှာ အသက်၂၀ အောက်တောင်ပါ တယ်လို့ ပြောပါတယ်။
လုယက်မှုတွေမှာ လူငယ်တွေပါဝင်တာဟာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နိုင်တယ်လို့ မြို့နေ လူထုကသုံးသပ်ကြပါတယ်။ မှုခင်းကျဆင်းဖို့လုပ်ဆောင်မယ်ဆိုရင် မူးယစ် ဆေးဝါးကို နှိမ်နင်းဖို့လိုအပ်တယ်လို့ ချမ်း မြသာစည်မြို့နယ်၊ မြို့မိမြို့ဖတစ် ဦးကပြောပါတယ်။

ပူးပေါင်းဖို့လို
မူးယစ်ဆေးဝါးရောင်းဝယ်တာနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ရဲတပ်ဖွဲ့က ဖမ်းဆီးတဲ့အခါ  လုပ်ထုံးလုပ်နည်း၊ ဥပဒေသဘောအရ သက်သေအထောက်အထားရှိဖို့လိုအပ် တာကြောင့် ပြည်သူလူထုကပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောပါတယ်။သူက ကိုယ့်ရပ်ကွက်ထဲမှာ ဘယ်သူကဘာလုပ်နေတယ်ဆိုတာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကသိပြီး ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။

Author – အေးစုမွန်