မျောက်စီးပွားရေး

“ကိုဝင်း ထမင်းစားချိန်တောင် ကျော် နေပြီနော်”

ကိုကံသောင်း သတိပေးတော့မှ သားကျွေးမှု မယားကျွေးမှုတာဝန်များ ထမ်း ဆောင်ရင်း ထမင်းမေ့ဟင်းမေ့ဖြစ်နေရ သော ကိုယ့်ဘဝကို ပြန်၍သတိရမိသည်။ သည်လို ရက်ပေါင်းတွေကလည်း မနည်း တော့။
ပစ္စည်းတွေကို ဝယ်နေကျဆိုင်များတွင် အပ်ထားခဲ့ပြီး အနီးအနားတွင်ရှိသော စားနေကျ ဒေါ်ဘုတ်ဆုံဆိုင်ဆီသို့ လမ်း လျှောက်လာခဲ့ကြသည်။ ဒေါ်ဘုတ်ဆုံဆိုင်တွင် စားဖြစ်သွားရသောအကြောင်းရင်းမှာ ဆိုင်ရှင်ရော ဆိုင်ရှင်မကိုသာမက သားသမီးများပါ ဝဝတုတ်တုတ်တွေ။ ပြီးတော့ စားပွဲထိုးနေသော ဆိုင်ရှင် ဒေါ်ဘုတ်ဆုံ ကိုယ် တိုင်က ကိုယ့်အိမ်မှာ၊ ကိုယ့်အလှူ မှာ ထမင်းလာစားတဲ့ ဧည့်သည်တွေကို ကျွေး မွေး ဧည့်ခံနေသလို။ နောက်တစ် ချက်က အိမ်ထမင်းဟင်းစားရသလို။

ကျွန်တော်တို့ လမ်းလျှောက်လာရင်း ဒေါ်ဘုတ်ဆုံဆိုင် မရောက်မီ ထမင်းဆိုင် အသစ်တစ်ခုကို တွေ့သည်။ ဆိုင်နာမည်က အင်အားသစ်ထမင်းဆိုင်တဲ့။ သည် ဆိုင်မှာ စားလျှင် အင်အားသစ်တွေ တိုးပွားလာမည်ဟု ရည်ရွယ်ပုံရသည်။ စားပွဲ ဝိုင်းသုံး ဝိုင်းတွင် စားသောက်နေကြသူများ ကို တွေ့သည်။

“ကိုကံသောင်း ဒီဆိုင်မှာ စမ်းစားကြည့်ရအောင်”

“ကောင်းသားပဲ”

ကျွန်တော်တို့နှစ်ယောက် စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။ မကြာ မီ ဝန်ထမ်းတစ်ဦးက အသားငါးမျိုးစုံထည့် ထားသော စတီးလင်ပန်းကြီးကို ကျွန်တော်တို့ စားပွဲပေါ်တွင် လာချသည်။ ကိုယ်စားချင်သော အသား သို့မဟုတ် ငါးတစ်ခွက်ကို ယူထားလိုက်ရသည်။ ထိုသူ ထွက်သွားပြီးနောက် နောက်တစ်ယောက်က လင်ပန်း ကြီးတစ်ချပ်နှင့် ရောက်လာပြန်သည်။ သူ့ မှာက ငရုတ်သီးထောင်း၊ ငါးပိရည်တို့စရာ မျိုးစုံအပြင် ပဲသီးကြော်၊ မြင်းခွာရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ကျောက်ပွင့်သုပ်၊ ချဉ် ရည်ဟင်း၊ ပဲဟင်း စသည်တို့ ပါလာသည်။ ကြိုက်သည့်ခွက်ကို ယူထားလိုက်။ ပြီး တော့ ထမင်းနှင့်စားပေရော့။

တို့စရာအစုံပါသဖြင့် ကျွန်တော့်အတွက် အတော့်ကို အဆင်ပြေသည်။ အချက်အပြုတ်ကလည်း မဆိုး။ တန်ဖိုးကလည်း သင့်တင့်သည်။ ထမင်းစားအပြီး ရေနွေးကြမ်းနှင့် ထန်းလျက်ခဲဖြူဖြူ က လေးစားရင်း…
“ဆိုင်ကတော့ မဆိုးဘူး ကိုကံသောင်း၊ ဒါပေမဲ့ ဝိုင်းတွေတော့ လူမပြည့်ဘူးနော်”

“ဘယ်ပြည့်မှာလဲ ကိုဝင်း၊ နာမည်ရပြီး သား ဆိုင်ကြီးနားမှာ လာဖွင့်တာဆိုတော့ ဟိုဆိုင်က လျှံကျတဲ့လူတွေ၊ ဆိုင်သစ်ကို မြည်းစမ်းကြည့်ချင်တဲ့သူတွေနဲ့ ဧည့်သည်တွေလောက်ပဲ ရမှာပေါ့၊ တကယ်တော့ ဒီ ဆိုင်က မူလလက်ဟောင်းဆိုင်ကြီးကို ပုံတူ ကူးချပြီး ဖွင့်နေတာဗျ၊ ကိုဝင်းကြည့်လေ၊ အခု ဝန်ထမ်းကလေးတွေ ဝန်ဆောင်မှုပေး နေတဲ့ပုံက ဟိုဆိုင်နဲ့ တစ်ပုံစံတည်း ကျ မနေဘူးလား”

“ဟုတ်တယ်၊ ကိုကံသောင်းပြောမှပဲ ကျွန်တော် သတိထားမိတော့တယ်၊ စားပွဲခုံ၊ ကုလားထိုင်တွေကအစ စတီးနဲ့ လုပ် ထားတာ အတူတူပါပဲလား”

“ဒီလိုလုပ်တာမျိုးကို Monkey Business လို့ စီးပွားရေးပညာပေးစာအုပ်တွေမှာ သုံးနှုန်းလေ့ရှိတယ်၊ အီစွပ်ပုံပြင်တွေထဲက လာတာ”

“ဟုတ်လား ကိုကံသောင်း၊ ပြောပြစမ်းပါဦး”

ဆိုင်ထဲမှာ လူရှင်းသွားသည်။ ကျွန်တော်တို့နှစ်ယောက်ထိုင်သော ဝိုင်းတစ် ဝိုင်းသာရှိသည်။ စားပွဲထိုးဝန်ထမ်းကလေး တွေက ခုံတစ်ခုံတွင် စုထိုင်ကာ စကားပြော သူပြော၊ ဖုန်းတို့သူတို့။
“တိုက်စစ်မှူးလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း ပြောကြတာ ပေါ့၊ သူတို့ဆိုင်မှာထိုင်ပြီး သူ့ဆိုင်အကြောင်း ပြောရတာ မကောင်းပါဘူး”

“ဒါလဲ ဟုတ်တာပဲ”

ကျွန်တော်တို့နှစ်ယောက် ထူးထူး ဆန်းဆန်း တိုက်စစ်မှူးဟု အမည်ဆန်းနှင့် လက်ဖက် ရည်ဆိုင်သို့ ရောက်လာခဲ့ကြ သည်။ ဆိုင် ပိုင်ရှင် ဘောလုံးဝါသနာအိုး လားဟု မေးကြည့်ရန် မလို။ ဆိုင်နာမည်အပြင် နိုင်ငံခြားဘောလုံး ကလပ်အသင်းများ၏ ဓာတ် ပုံများ၊ တစ်ကိုယ်ရေစွမ်းဆောင်နိုင်အား ကြီးမားသော ဘောလုံးတိုက်စစ်မှူးများ၏ ပုံတွေက သက်သေခံနေသည်။ ဖွင့်ထားသည့် တီဗီ လိုင်းတွေကလည်း ဘောလုံးလိုင်းတွေ။

ထို့ကြောင့် ဆိုင်တွင် လာထိုင်သူ လူငယ်လူကြီးအများစုသည် ဘောလုံးဝါသနာအိုးများ ဖြစ်ကြလိမ့်မည်ဟု ကျွန်တော် ထပ်မံ ကောက်ချက်ချမိသည်။ ကျွန်တော် နှင့် ကိုကံသောင်းကိုယ်တိုင်က မန်ယူမှ မန်ယူ။

“ကဲ ကိုကံသောင်း၊ Monkey Business (မျောက်စီးပွားရေး) ဆိုတဲ့အနက်ကို ရှင်းပါဦး”

“ဒီလိုဗျ၊ ရွာတစ်ရွာမှာ လူတစ်ယောက် ဟာ မျောက်တစ်ကောင်နဲ့ မြည်း တစ် ကောင်ကို မွေးထားတယ်တဲ့၊ တစ်ရက်မှာတော့ မွေးထားတဲ့ မျောက်ဟာ အိမ်ခေါင် မိုးပေါ်တက်ပြီး ကျွမ်းထိုးပြ၊ အမျိုးမျိုးကပြ တော့  အိမ်ရှင်က သဘောတွေကျလို့ စားစရာတွေ အများကြီး ဆုချတယ်ဆိုပဲ၊ အဲ ဒါကို မြည်းက သဘောကျလို့ မျောက်လိုပဲ အိမ်ခေါင်ပေါ်လဲတက်ရော သူ့အလေးကို မခံနိုင်ဘဲ အိမ်အမိုးက ကျိုးကျပါလေ ရော၊ ဒီတော့ ပိုင်ရှင်က တုတ်တစ်ချောင်းနဲ့ လိုက် ရိုက်လို့ ထွက်ပြေးရပါသတဲ့”
“မှန်တာပေါ့၊ အိမ်ခေါင်ပေါ်မှာ မျောက်ပဲ ကလို့ရတာ”

“အဲဒီလိုပဲ ကိုဝင်း၊ ဒီဆိုင်သစ်က ပုံတူကူးချလွန်းတယ်၊ အမှန်က သူ့အနေနဲ့ တစ်မျိုးတစ်ဖုံထူးတဲ့ အစီအစဉ်တွေ၊ အစားအသောက်တွေ၊ ဝန်ဆောင်မှုတွေပဲ လုပ်ပေးသင့်တာ၊ ဒါ ကျွန်တော့်အမြင်ကို ပြောတာနော်၊ ဒီတော့ Monkey Business ကို သွားတုတဲ့ မြည်းလို ဖြစ်မနေဘူးလား”

“အင်း…ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ရသေးတာပေါ့”

*

အလွန်ဆုံး သုံးလေးလလောက်သာ ရှိဦးမည် ဖြစ်ပါသည်။ ကျွန်တော့်ဆိုင်အတွက် ဈေးဝယ်ရန် ရောက်နေကျထုံးစံအ တိုင်း အချိန်ရောက်တော့ ထမင်းဆိုင်ရှိရာ ခြေဦးလှည့်မိသည်။ သည်တစ်ခါ၏ ရည်ရွယ်ချက်ကလည်း အင်အားသစ်ကို အား ပေးရန် ဖြစ်သည်။ ကျွန်တော့်အတွက် လူရှင်းသည်မို့ အဆင်ပြေသလိုခံစားရသည်။

သို့သော် အလာကောင်းပေမဲ့ အခါ နှောင်းခဲ့လေပြီ။ ဆိုင်လည်း မရှိ၊ ဆိုင်းဘုတ်ကိုလည်း မတွေ့တော့ပြီ။ သည် တော့ ထုံးစံ အတိုင်း ဒေါ်ဘုတ်ဆုံဆိုင်သို့ ရောက်ခဲ့ရ သည်။ သည်တစ်ခေါက်ရောက် တော့ ဘေး က ဆိုင်ခန်းက ဒေါ်ဘုတ်ဆုံ ဆိုင်ခန်း ဖြစ်သွားပြီ။ စတိုးဆိုင်ကလေးက အဆင်မပြေ၍ တပ်ပြန်ခေါက်သွားဟန်တူသည်။ လောလောဆယ်အားဖြင့် ဒေါ်ဘုတ်ဆုံဆိုင်မှ စားသုံးသူများ လျှံကျစရာအ ကြောင်းမရှိတော့ပြီ။ နေရာတိုးချဲ့လိုက်ပြီ။

သည်တော့ ဘယ်ဆိုင်ပြိုင်၍ နိုင်ပါအံ့ နည်း။ ဒေါ်ဘုတ်ဆုံကတော့ အပြုံးမပျက် ဧည့်ခံမြဲ၊ စေတနာအပြည့်နှင့် အပြုံးမျက်နှာနှင့် အောင်ပွဲခံနေဆဲ။ စားသောက်ရန် လာရောက်ကြသူများကလည်း ဝင်လာမစဲတသဲသဲ။

 

 

ခင်မောင်ဝင်း (စစ်တွေ)