လူကြီးစကား နားထောင်တဲ့ ကလေး၊ ကလေးစကား နားထောင်တဲ့ လူကြီး (၄၀)

ကလေးတွေ ပြောမရဆိုမရဖြစ်တဲ့ အခါ မိဘတွေ တွေးမိတာ ဘာလဲ။ ငါ ဘယ်လိုကလေးကို မွေးထားမိတာလဲ။ ငါ ဟာ တာဝန်ယူစိတ်မရှိ၊ ညီမလေးကိုရိုက်၊ လိမ်ညာပြော၊ ကိုယ့်ပြဿနာကိုယ်မရှင်း၊ ဒေါသထွက်တတ်တဲ့ သည်လိုကလေးဆိုး ကို ဘယ်လိုများဖန်တီးမိတာလဲ။ သူဟာ အရင်တုန်းက ချစ်စရာလေးပါ။ ငါ ဘယ် နေရာ မှားသွားလို့လဲဆိုတဲ့ အတွေးပါပဲ။

ကျွန်မသား ဒန်နီ အသက်နှစ်နှစ် အရွယ်မှာ ကျွန်မကိုယ်တိုင် အဲသည်လို ခံစား ခဲ့ရပါတယ်။ သူဟာ အိပ်ပျော်နေတဲ့ ခွေး ဘေးနားကိုကပ်၊ သူ့ခြေထောက် ပုပုတို တို လေးကို အားကုန်လွှဲပြီး ခွေးကို ကန်ပစ်တတ်ပါတယ်။ သနားစရာခွေးခမျာ လန့်ပြီး ခုန်ရင်ဒန်နီက အားပါးတရ ရယ်မောပါတယ်။ ခွေးကို အပျော်သဘောအတွက် ကန်တဲ့လူဟာ ဘယ်လိုလူမျိုးပါ လိမ့်မလဲ။ မိဘက ဘယ်လိုများ ဆုံးမထားမိပါလိမ့်။

တကယ်တော့ နှစ်နှစ်အရွယ်ကလေး ဟာ တခြားလူတွေ၊ တိရစ္ဆာန်တွေရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူ နားလည် တာက သူအကန်ခံရရင် သူ့ခြေထောက်နာမှန်း သိတယ်။ ဒါပေမဲ့ သူက သူများကို ကန်ရင် သူများနာမှန်း သူ မသိဘူး။ သူက မနာဘူးလေ။ မိဘက သူ့ကို ဟိန်းဟောက် တယ်ဆိုရင် သူ ငိုပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါ က အဟောက်ခံရတဲ့အတွက် ကြောက်လို့ ဖြစ်ပါတယ်။

အဲသည်လို အသိတရားကြောင့် ကျွန် မဟာ အမေအဖြစ်နဲ့ ကိုယ့်ကိုယ်ကို မကျေမနပ် မဖြစ်တော့ဘူး။ သားကို ဒေါသမထွက်တော့ဘူး။ ခွေးအပေါ် ကြင်ကြင်နာနာ ဆက်ဆံတတ်အောင် သားကလေး ကို ပိုသင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ သုံးခဲ့တာတွေက ရိုးရိုးလေးပါ။ သူ့ ခံစားချက်ကို အသိအမှတ်ပြု၊ မကြမ်းမရမ်းအောင် ကန့်သတ်တာပါပဲ။ နောက်ပြီး ရွေးချယ်ခွင့် ပေးလိုက်ပါတယ်။

“သားက တစ်ခုခုကို ကန်ချင်နေတယ် ထင်တယ်၊ ခွေးတွေက ကန်စရာ မဟုတ်ဘူး၊ ခွေးတွေက အသာအယာလေး ပွတ်သပ်ပေးရမှာ၊ ဒီတော့ သား ဘာကို ကန်လို့ ရသလဲ ကြည့်ရအောင်၊ ဘောလုံးလေး ကန်မလား”
ဒါ့အပြင် သတိရရမှာက နှစ်နှစ်သားနဲ့ စကားပြောတဲ့အခါ အကြိမ်ကြိမ်အခါခါ အဆုံးမရှိအောင် ပြောရပါတယ်။ သည်လိုနဲ့ ကျွန်မသားလေးဟာ လူတွေကိုရော တိရစ္ဆာန်တွေကိုပါ ကြင်နာတတ်တဲ့ က လေးအဖြစ် ကြီးပြင်းလာပါတယ်။ အသက် သုံးနှစ်မှာတော့ သူဟာ ခွေးကို နူးနူးညံ့ညံ့ ဆက်ဆံတတ်လာတဲ့အတွက် သူ့အမေ ကျွန်မအဖို့ စိတ်သက်သာရာရခဲ့တာ ပြောဖို့တောင် မလိုတော့ပါဘူး။

သည်တော့ ကျွန်မတို့ရဲ့ သမားရိုးကျ နည်းလေးတွေကို အရင်ဆုံး ပြန်အမှတ် ရကြပါမယ်။ သာမန်ဆိုရင် ကလေးတွေကို ခိုင်းဖို့အတွက် လူကြီးတစ်ယောက်က

၁။ အပြစ်တင်တယ်၊ စွပ်စွဲတယ်။

“သားတို့ရဲ့ လက်ညစ်ညစ်ပတ်ပတ်တွေနဲ့ တံခါးကို ကိုင်ပြန်ပြီလား၊ ဘာဖြစ်လို့ အမြဲ အဲဒီလိုလုပ်နေကြတာလဲ၊ မင်းတို့ ဘာဖြစ်နေကြတာလဲ၊ ဘာတစ်ခုမှ ကောင်း ကောင်းမွန်မွန် မလုပ်နိုင်ကြဘူးလား၊တံခါးဘုကို ကိုင်ပါလို့ အမေ ဘယ်နှခါပြောရမလဲ၊ သားတို့က လူကြီးစကားဆို ဘယ် တော့မှ နား မထောင်ဘူး˘

၂။ နာမည်တပ်တယ်။

“အပြင်မှာ ဒီနေ့ အရမ်းအေးနေတာကို မင်းက အနွေးထည်ထည်ပါးပါးလေးပဲ ပတ်ထားတယ် ဟုတ်လား၊ ဦးနှောက်မှ ရှိသေးရဲ့လား၊ အရူးတွေမှ အဲဒီလိုနေတာ ကွ”

၃။ ခြိမ်းခြောက်တယ်။

“အဲဒီမီးအိမ်ကို နောက်တစ်ခါ ကိုင်ရဲ ကိုင်ကြည့်နာမယ်သာမှတ်”

၎။ အမိန့်ပေးတယ်။

“အခုချက်ချင်း သားအခန်းကို လာ ရှင်းစမ်”

၅။ လက်ချာပေးတယ်၊ စာရိတ္တကို ပြုပြင် ပေးတယ်။

“အဖေ့ဆီက စာအုပ်ကို ဆွဲလုတယ် ဆိုတာ ကောင်းတဲ့အလုပ်လို့ ထင်နေလား၊ ယဉ်ကျေးတယ်ဆိုတာ ဘယ်လောက် အ ရေးကြီးတယ်လို့ သား မသိဘူးထင်တယ်၊ လူတွေကို ကိုယ့်အပေါ် ယဉ်ကျေးစေချင် ရင် ကိုယ်ကလဲ သူတို့အပေါ် ယဉ်ယဉ်ကျေးကျေးဆက်ဆံတတ်ရတယ်၊ သားဆီ က ပစ္စည်းကို ဆ∑ဲလုတာမျိုး သား မကြိုက် ဘူး မဟုတ်လား၊ ဒါဆို သူများဆီက ပစ္စည်းကိုလဲ သားဆွဲမလုရဘူး”

၆။ သတိပေးတယ်။

“သတိထား၊ အပူလောင်နေဦးမယ်”

“လမ်းကိုကြည့်ကူး၊ ကားတိုက်လိမ့်မယ်”

၇။အလွန်အကျွံခံစားရကြောင်း ပြောတယ်။

“အော်ကြီးဟစ်ကျယ်လုပ်နေတာ ရပ် ကြစမ်း၊ နင်တို့လုပ်နေတာ ငါ ရောဂါရ တယ်၊ အမေ့ကို နှလုံးရောဂါဖြစ်အောင် လုပ်နေကြတာလား˘

၈။ နှိုင်းယှဉ်တယ်။

“သား အစ်ကိုနဲ့ ဘာလို့ မတူရတာလဲ၊ ကိုကြီးဆို လုပ်စရာရှိတာကို အမြဲအချိန်မီ ပြီးတယ်”

၉။ ရွဲ့ပြောတယ်။

¯မနက်ဖြန် စာမေးပွဲဖြေရတော့မယ်၊ အဲဒါကို ကျောင်းစာအုပ်တွေကို ကျောင်းမှာ ထားခဲ့တယ် ဟုတ်လား၊ အောင်မယ် လေး တော်လိုက်တာ၊ အတတ်ကောင်းတွေ တတ်နေတယ်ပေါ့”

၁၀။ နိမိတ်ဖတ်တယ်။

“ရီပို့ကတ်ရတာကို နင် လိမ်ပြောတယ် ဟုတ်လား၊ နင် အဲဒီလို ဆက်လုပ်နေရင် ကြီးလာရင် ဘာဖြစ်မယ်ထင်သလဲ၊ ဘယ် သူမှ နင့်ကို ယုံတော့မှာ မဟုတ်ဘူး”

ကလေးတွေရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို မထိခိုက်စေဘဲ၊ သူတို့ စိတ်ဒဏ်ရာ မဖြစ် ဘဲ ကလေးတွေ အလုပ်လုပ်ချင်လာအောင် တိုက်တွန်းနိုင်မယ့် နည်းလမ်းမျိုးရှိလား။ ကလေးတွေလည်း စိတ်မညစ်၊ မိဘလည်း ပြောရဆိုရလွယ်မယ့် နည်းလမ်း များ ရှိသလား။

မိဘတွေအတွက် အသုံးဝင်မယ့် စွမ်းရည်ငါးခုကို စာဖတ်သူတွေကို ပြန်လည်ပြောပြချင်ပါတယ်။ သည်နည်းတွေဟာ အချိန်မရွေး အဆင်ပြေမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်သားသမီးတွေနဲ့ ကိုက်ညီမယ်လို့လည်း အာမမခံပါဘူး။ ဒါပေမဲ့ မိဘနဲ့ သားသမီးကြား လေးစားမှုတစ်ခုကို သည် နည်းတွေက ဖန်တီးပေးနိုင်ပြီး ကလေးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု စတင် ဖြစ်ထွန်းလာပါလိမ့်မယ်။ အဲသည်နည်းတွေကတော့

၁။ ရှင်းပြပါ။ ကိုယ်မြင်တာကို ဒါမှမဟုတ် ပြဿနာကို ရှင်းပြပါ။

၂။ သတင်းအချက်အလက်ပေးပါ။ ၃။ တစ်ခွန်းတည်း ပြောပါ။ ၄။ ကိုယ့်ခံစားချက်ကို ထုတ်ပြောပါ။ ၅။ မှတ်စုနဲ့ ပြောပါ။

၁။ ရှင်းပြပါ

ကိုယ်မြင်တာကို ဒါမှမဟုတ် ပြဿနာ ကို ရှင်းပြပါ။

လူတွေက ကိုယ့်အပြစ်ကိုချည်းပဲ လှိမ့် ပြောနေချိန်မှာ ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိဖို့ ခက်ပါတယ်။

“သမီးက အမြဲ တာဝန်မဲ့ လုပ်တတ် တယ်၊ ရေပိုက်ခေါင်းကို ဖွင့်ပြီးရင် ဘယ်တော့မှ ပြန်မပိတ်ဘူး၊ တစ်အိမ်လုံး ရေ ကြီးချင်လို့လား˘

သည်လိုပြောမယ့်အစား

“ဂျော်နီရေ…ရေချိုးခန်းထဲက ကြွေဇလုံက ရေပြည့်တော့မယ်˘လို့သာ ပြောပါ။

၂။ သတင်းအချက်အလက်ပေးပါ

“ွနွားနို့ကို ထုတ်သောက်ပြီး အပြင်မှာ ဘယ်သူ ချန်ထားခဲ့တာလဲ”လို့ မေးမယ့် အစား သတင်းအချက်အလက်ပေးပါ။

“ကလေးတို့ရေ… နွားနို့ကို ရေခဲ သေတ္တာထဲမထည့်ရင် ချဉ်ကုန်လိမ့်မယ်” လို့သာ ပြောပါ။

၃။ တစ်ခွန်းတည်းပြောပါ

စကားရှည်ကြီးတွေ ပြောတာနဲ့ စကား တစ်ခွန်းတည်းပြောတာ ဘယ်လိုကွာတယ်ဆိုတာ ကြည့်ရအောင်။

“ကလေးတွေရေ…နင်တို့ကို အမေ ညဝတ်အင်္ကျီဝတ်ခိုင်းနေတာ ကြာလှပြီ၊ တစ်ယောက်မှ အရေးမလုပ်ဘဲ လှည့်ပတ် ဆော့နေကြတယ်၊ တီဗီမကြည့်ခင်တုန်းကတော့ ညဝတ်အင်္ကျီဝတ်ပါ့မယ်လို့ ကတိ ပေးထား ပြီး အခုတော့ တစ်ယောက်မှ ဝတ်မယ့် ဟန်မပြကြဘူး”

သည်လိုပြောမယ့်အစား တစ်ခွန်းတည်းပဲ “ကလေးတို့ရေ…ညဝတ်အင်္ကျီ” လို့သာ ပြောလိုက်ပါ။ သူတို့နားထဲ တန်း ရောက်သွားပါလိမ့်မယ်။ သည်ဖြစ်ရပ်မှာ စကားလုံးနည်းလေကောင်းလေပါပဲ။

၎။ ကိုယ့်ခံစားချက်ကို ထုတ်ပြောပါ

ကလေးရဲ့အကျင့်စရိုက် ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်ပြီး မှတ် ချက်တွေမပေးပါနဲ့။

လူလယ်ကောင်မှာ အင်္ကျီချွတ်နေတဲ့ ကလေးကို

“ရပ်စမ်း၊ သား မရှက်တတ်ဘူးလား”လို့ မေးမယ့်အစား ကိုယ့်ခံစားချက်ကို ထုတ်ပြောပါ။

“သားရေ ဖေဖေ့အင်္ကျီကို ဆွဲချွတ်ခံရ တာ မကြိုက်ဘူး” လို့ ပြောပါ။

၅။ မှတ်စုနဲ့ပြောပါ

တစ်ခါတလေ နှုတ်တစ်ရာ စာတစ်လုံး က အင်မတန် အသုံးဝင်ပါတယ်။ အောက်မှာ ပြမယ့်စာဟာ ဘေစင်မှာ သမီးရဲ့ ဆံပင်ရှည်တွေကို ဆွဲဆွဲထုတ်နေရတာ စိတ်ညစ်လာတဲ့ အဖေတစ်ယောက် ရေးထားတဲ့ စာပါ။ ဘေစင်မှာ သူက

‘ကူညီပါ။ ကျွန်တော့်ရေပိုက်မှာ ဆံပင်တွေ ပိတ်လို့ နာတယ်။ ဆံပင်တွေ မပိတ်ပါစေ”နဲ့ ဆိုတဲ့ စာကပ်ထားတာပါ။

နောက်တစ်ပတ်မှာတော့ အပြစ်ဒဏ်ပေးခြင်းအစား ဘယ်လိုနည်းတွေကို သုံးနိုင်တယ်ဆိုတာ ပြန်လည်ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

(ဆက်လက်ဖတ်ရှုပါရန်) မနောစင်