မူဆယ် ၁၀၅ မိုင် သစ်သီးဈေးကွက်မှာ မြန်မာနိုင်ငံသားအမည်ခံ တရုတ်ကုန်သည်တွေများလာ

လက်ရှိမှာတော့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှာ သစ်သီးအရောင်းဈေးတွေ မြင့်တက်နေပါတယ်။

နေပြည်တော်၊ နိုဝင်ဘာ ၁၂ - မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးအရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ တရုတ်ကုန်သည်တွေက မြန်မာနိုင်ငံသားအမည်ခံ ပြီး သစ်သီးရောင်းခွင့်ကတ်တွေပြုလုပ်ရောင်းချနေမှုဟာ ကုန်သည်ဦးရေရဲ့ထက်ဝက်ကျော်ရှိနေတာကြောင့် မြန်မာသစ်သီးကုန်သည်တွေအနေနဲ့ နစ်နာမှုတွေရှိနေတယ်လို့ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးကုန်သည်တွေဆီကသိရပါတယ်။မြန်မာနိုင်ငံသားတွေလုပ်တဲ့လုပ်ငန်းမှာ သူတို့ကလုပ်နေတာဆိုတော့ နိုင်ငံသားတွေနစ်နာနေတာပေါ့၊ တော်တော်တော့ကြာပါပြီ၊ ၁၀ နှစ်လောက် တော့ရှိပြီထင်တယ်၊ ပိုဆိုးလာတာကတော့ ခုနှစ်နှစ် ရှစ်နှစ်အတွင်းမှာပေါ့လို့ မူဆယ် ၁၀၅ မိုင်မှ သစ်သီးကုန်သည်တစ်ဦးက ပြောပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံသားကတ်နဲ့သစ်သီးရောင်းချတဲ့ တရုတ်ကုန်သည်ဦးရေက ထက်ဝက်လောက်ရှိနေပြီဖြစ်တဲ့အတွက် ဈေးကွက်မှာရောင်းလိုအားများပြီး ဝယ်လိုအားနည်းလာနိုင်တဲ့အတွက် ဈေးနှုန်းပိုင်းမှာလည်း ပိုပြီးထိခိုက်မှုရှိလာနိုင်တယ်လို့ သိရပါတယ်။မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းရဲ့ သစ်သီးအရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ သစ်သီးဝလံကုန်စည်ဒိုင်အနေနဲ့ မြန်မာနိုင်ငံသားတွေကိုသာ ရောင်းခွင့်ကတ်ထုတ်ပေးပြီး သစ်သီးတွေရောင်းချခွင့်ပြုနေတာဖြစ်တယ်။ တရုတ်ကုန်သည်တွေကိုတော့ ပြီးခဲ့တဲ့လကစပြီး သစ်သီးဝယ်ယူချင်တဲ့သူ တွေအနေနဲ့ ကုန်စည်ဒိုင်ကို အာမခံစပေါ်ငွေယွမ် ၃၀ဝ,ဝ၀ဝ တင်ထားမှသာ ကုန်စည်ဒိုင်အနေနဲ့ဝယ်ယူခွင့်ကတ်ထုတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ကုန်သည်တွေအနေနဲ့ မြန်မာအလုပ်သမားတွေရဲ့အမည်ကိုယူပြီး ရောင်းချခွင့်ကတ်တွေပြုလုပ်နေတာဖြစ်တယ်။ ဒါ့အပြင်အစိုးရအနေနဲ့ နိုင်ငံ ခြားသားတွေကို ပြည်တွင်းမှာ သီးနှံတွေစိုက်ခွင့်ပြုမထားဘူးလို့လည်းသိရပါတယ်။စိုက်ကွင်းတစ်ခုမှာ တောင်သူလေးငါးဦးလောက်ကို သူတို့ကစုလိုက်တယ်၊ တစ်ဦးကို ဧက ၂၀၊ ၃၀ လောက်ရှိတယ်၊ အဲဒီတောင်သူတွေရဲ့နာမည်နဲ့ အရောင်းအဝယ်ပြုလုပ်တယ်၊ အရင်းအနှီးက သူတို့အရင်းအနှီးတွေကိုးလို့ မူဆယ် ၁၀၅ မိုင်ကို သစ်သီးတင်ပို့ရောင်းချနေသူ ဦးဝင်းရွှေကပြောပါတယ်။

ကတ်တွေထုတ်ပေးနေ
လက်ရှိမှာတော့ တရုတ်ကုန်သည်တွေအနေနဲ့ အခုလို ပြည်တွင်းမှာတရားမဝင်သစ်သီးတွေလာစိုက်နေတဲ့အပြင်သစ်သီးရောင်းချတဲ့နေရာမှာပါဝင် ရောက်လာနေတဲ့အတွက် မြန်မာကုန်သည်တွေရောင်းချတဲ့နေရာမှာ အဟန့်အတားဖြစ်နေတယ်လို့သိရပါတယ်။ အထူးသဖြင့် ဝယ်လက်တွေက လည်း တရုတ်ကုန်သည်တွေဖြစ်နေတာကြောင့် ရောင်းချတဲ့နေရာမှာ တရုတ်ကုန်သည်တွေကသာ ဈေးပိုရလေ့ရှိတယ်လို့သိရပါတယ်။လက်ရှိမှာတော့ ကုန်စည်ဒိုင်အနေနဲ့ စပေါ်ငွေတင်ခြင်းလုပ်ငန်းစဉ်နဲ့ချိတ်ဆက်ပြီး ရောင်းချခွင့်ကတ်တွေကို ယခုရက်ပိုင်းမှာပိုပြီးထုတ်ပေးနေတာဖြစ် တယ်လို့လည်း မူဆယ်သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

တကယ်တော့ မူဘောင်တော့မဝင်တော့မဝင်ဘူးပေါ့လေ၊ သူတို့က ဝင်တဲ့နည်းကိုသုံးနေတာပေါ့၊ ဘယ်လိုပြောမလဲဒါကတော့ သိသိကြီးနဲ့ခံနေရတာ ပေါ့၊ သိပေမဲ့ ကိုယ်လုပ်လို့လဲမရနိုင်ဘူးလေလို့ ဦးဝင်းရွှေက ပြောပါတယ်။မြန်မာကုန်သည်တွေအနေနဲ့ အခုလိုတရုတ်ကုန်သည်တွေက မြန်မာနိုင်ငံသားအမည်ခံပြီး ရောင်းချနေတာကို အစိုးရအနေနဲ့ စိစစ်ပေးစေလိုတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရသိရပါတယ်။ ဒါပေမဲ့ လက်ရှိချိန်အထိတော့ သည်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာကုန်သည်တွေအနေနဲ့ အစိုးရဆီ တင်ပြတာမျိုးတော့မရှိသေးဘူးလို့ သိရပါတယ်။

ဒါကတော့ မြန်မာအမည်ခံပြီး ကျွန်တော်တို့မြန်မာအမည်နဲ့လုပ်ထားတာဆိုတော့ ပြောဖို့ဆိုတာတော့ နည်းနည်းလေးခက်ခဲတာပေါ့နော်၊ သူတို့အနေနဲ့ကတော့ ဒါကိုကျွန်တော် တို့သိတယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီတိုင်းတော့မနေပါဘူး၊ ထိုက်သင့်တဲ့လှုပ်ရှားမှု အနေနဲ့ သက်ရောက်မှု အကျိုးရှိအောင်တော့လုပ်မှာပါ၊ အဲဒီတော့ အခုဟာက မသိအောင်လုပ်တဲ့သဘောဖြစ်နေတာလို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။

အခုလို တရုတ်နိုင်ငံသားတွေအနေနဲ့ မြန် မာအမည်ခံပြီးရောင်ချတဲ့နေရာမှာ ရောင်းချချိန်ကတည်းက ကြိုတင်ငွေ နှစ်ရာခိုင်နှုန်းပေးသွင်းရတဲ့အ တွက် အစိုးရရဲ့အခွန်ရရှိမှုပိုင်းမှာတော့ ထိခိုက်မှုမရှိနိုင်ပေမဲ့အရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာတော့ မြန်မာကုန်သည်တွေအတွက်ထိခိုက်မှုရှိနိုင် တယ်လို့လည်း ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။ ဝယ်ယူမှုအပိုင်းမှာတော့ ပြီးခဲ့တဲ့လကတည်းက သစ်သီးဝယ်ယူချင်တဲ့တရုတ်ကုန်သည်တွေကို ကြိုတင်အာမခံစပေါ်ငွေသတ်မှတ်ပေးသွင်းခိုင်းလိုက်တဲ့အတွက် မြန်မာကုန်သည်တွေအနေနဲ့ အရောင်းအဝယ်ပြုလုပ်ရာမှာ အရင်ကလိုလိမ်လည်ခံရမှုတွေမရှိတော့ဘူးလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှာ သစ်သီးအရောင်းဈေးတွေမြင့်တက်နေပြီး ဖရဲဈေးနှုန်းမှာလည်း အမြင့်ဆုံးတစ်တန်ကိုယွမ် ၃၅၀ဝ ဝန်းကျင်အထိရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရင်လတွေကစံချိန်တင်ကျဆင်းခဲ့တဲ့ ကုန်စည်ပို့ခဈေးနှုန်းတွေလည်း အနည်းငယ်ပြန်လည်မြင့် တက်လာတယ်လို့ သိရပါတယ်။

Author – မာရီခိုင်