ရဲတိုက်ဖောင်ဒေးရှင်းကို လာမယ့်ခြောက်လအတွင်း ပြန်လည် လည်ပတ်မည်

လမ်းဘေးကလေးငယ်တွေအတွက် ရည်ရွယ်ပြီး သရုပ်ဆောင် ရဲတိုက်က ရဲတိုက်ဖောင်ဒေးရှင်း တည်ထောင်ထားပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၈ – လမ်းဘေးကလေးငယ်တွေအတွက်ရည်ရွယ်ပြီး သရုပ်ဆောင်ရဲတိုက်တည်ထောင်ထားတဲ့ ရဲတိုက်ဖောင်ဒေးရှင်းကိုလာမယ့် ခြောက်လအတွင်း ပြန်လည်လည်ပတ်သွားမယ်လို့ သိရပါတယ်။လမ်းဘေး ကလေးငယ်တွေအတွက်ပြန်လည်ဆောင်ရွက်မယ်၊ သူတို့တွေအတွက်ကိုယ်တိုင်က လုပ်ငန်းကြီးလုပ်ကိုင်တဲ့သူတွေနဲ့မချိတ်မိတော့အရင်ကလိုပဲ လမ်းတကာလှည့်လိုက်အလှူခံပြီးဆောင်ရွက်သွားမှာပါလို့ သရုပ်ဆောင်ရဲတိုက်က ပြောပါတယ်။လမ်းဘေးကလေးငယ်တွေဟာ ငွေကြေးရဲ့အရသာကိုမသိသေးခင်အရွယ်တွေကိုသာကျောင်းစာသင်ခန်းကို ပြန်ပို့လို့ရနိုင်ပြီး ၁၆ နှစ် ကျော်သွားတဲ့ ကလေးငယ်တွေကို စာသင်ခန်းပြန်ထည့်ဖို့ဆိုတာ မလွယ်ကူတော့ဘူးလို့ ပြောပါတယ်။

အဲ့သည့်အတွက် အသက်ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို ပိုဦးစားပေးပြီးကူညီသွားမယ်။ သူတို့တွေဘယ်မှာနေတယ်၊ ဘယ်လိုပုံစံနဲ့နေထိုင်စားသောက်နေတယ်ဆိုတာသိတယ်။ သူတို့ကို ပြန်လိုက်ရှာပါမယ်လို့ပြောပါတယ်။အဲ့သည့်အတွက် ကလေးတွေကိုကူညီဖို့ သူ့ကိုသတင်းပေးဖို့လည်း တောင်းဆိုသွားမယ်လို့ပြောပါတယ်။ ကလေးငယ်တွေအတွက် ခုနစ်ရက် ဒါမှမဟုတ် ၁၀ ရက်လောက်ပေါ့၊ လိုက်ပြီးအလှူခံမယ်၊ ရလာတာတွေကိုပြန်လှူသွားမယ်လို့ သူ ကပြောပါတယ်။ဒါပေမဲ့လည်း အခုချိန်မှာတော့ အကျဉ်းထောင်ကပြန်ထွက်လာတာ မကြာသေးတဲ့အတွက် စိတ်လွတ်ကိုယ်လွတ်ခရီးတွေသွားချင်တယ်လို့ သိရပါတယ်။

ခရီးတွေကပြန်လာရင်တော့ ခန္ဓာကိုယ်ဝိတ်ချဖို့ ပထမဆုံးလုပ်ရမှာဖြစ်ပြီးထောင်ထဲမှာကွမ်းတွေစားခဲ့တဲ့အတွက် ပါးရိုးတွေရင့်လာတာကို ပြန်ပြင်ဦးမယ်လို့ သိရပါတယ်။ ကျွန်တော် သူများတွေလို ဆေးထိုးတာတွေ၊ ပြင်တာတွေမလုပ်ချင်ဘူး၊ ဒီတော့ ကွမ်းမစားတော့ဘဲ ပါးကျသွားအောင်လုပ်မယ်၊ နဂိုကတည်း က မျက်နှာသွယ်တော့ ပြန်အဆင်ပြေလာမှာပါလို့ ရဲတိုက်ကပြောပါတယ်။လက်ရှိအချိန်မှာတော့ လူမှုကွန်ရက်အသုံးမပြုတတ်တဲ့အတွက် မြန်မာစာရေးနည်းကို သေချာပြန်သင်မယ်လို့ ပြောပါတယ်။ ထောင်ထဲမှာက ဖေ့ဘုတ်ခ်မသုံးရဘူးလေ၊ အဲဒီတော့ ကျွန်တော်ဖုန်းကိုကောင်းကောင်းမွန်မွန်မသုံးတတ်တော့ဘူး၊ အရင်ကထက်စာရင် လဲ မြန်မာစာစနစ် ပိုလွယ်လာတော့ အဲဒါကိုလဲညီတွေနဲ့ပြန်သင်မယ်လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် အစပိုင်းကနေပြန်ပြီး အနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။ ကျွန်တော့်ရဲ့ မိခင်ထုတ်လုပ်ရေး ဆာတိုရီက အစ်ကိုတွေနဲ့တိုင်ပင်မယ်၊ ဘာတွေဖြစ်မလဲတော့မသိသေးဘူးလို့ သူကပြောပါတယ်။အကျဉ်းကျနေချိန်မှာလည်း ဇာတ်ညွှန်းတစ်ခုကိုရေးသားခဲ့ပြီး အဲဒါလည်းအကောင်အထည်ဖော်ဖို့ကြိုးစားသွားမယ်လို့ သိရပါတယ်။ကျွန်တော်က ပညာရှင်မဟုတ်တော့ သေချာမတတ်ဘူး၊ ရေးချင်တာပဲသိတာ၊ ရေးရင်းတန်းလန်းနဲ့ တစ်ခန်းမှာဘာရေးရမယ်မှန်းမသိလို့ ဘာမှမလုပ်ဖြစ်ခဲ့တာတောင်ရှိတယ်လို့ သူက ပြောပါတယ်။ အကျဉ်းကျနေချိန်အတွင်း အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးပြစ်မှုကြောင့်ထောင်ကျလာတဲ့ လူငယ်တွေအများအပြားတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

သူတို့ကို အကျဉ်းထောင်တွေထဲ ပို့လိုက်တာဟာ ပိုဆိုးလာဖို့ပဲရှိတယ်၊ သူတို့ကမမျှတဲ့ ပြစ်ဒဏ်တွေကိုခံစားနေရသလိုပဲ၊ သူတို့အတွက် သင့်တော်တဲ့ပုံစံမျိုးနဲ့ ဘဝကိုဖြတ်သန်းဖို့လုပ်ပေးသင့်တယ်လို့ ပြောပါတယ်။သူတို့ မှားနေတာက မူးယစ်ဆေးကရဖို့ အရမ်းလွယ်ကူနေတာကြောင့်ဖြစ်ပြီး ရောင်းဝယ်ဖောက်ကားမှုတွေကိုသေချာနှစ်အလိုက်အရေးယူသင့်တယ်လို့ ဆိုပါတယ်။ သုံးစွဲတဲ့သူတွေကို ဆေးဖြတ်စခန်းတွေပို့ပြီး စောင့်ရှောက်ပေးဖို့ပြောပါတယ်။

အဲသည်လိုဆိုရင်ထောင်ထဲက လူငယ်တွေအတွက် ထည့်စဉ်းစားပေးစေချင်ပြီး အမေအားရင်ပူဆာချင်တယ်လို့ သူကပြောပါတယ်။အရင်က ဒရာမာကားတွေပဲရိုက်ကူးခဲ့တာဖြစ်ပေမဲ့ အခုအချိန်ထောင်ထဲမှာရတဲ့အတွေ့အကြုံတွေအရ ဟာသကားတွေလည်းရိုက်ဖို့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။သရုပ်ဆောင် ရဲတိုက်ဟာ ၂၀၁၃ ခုနှစ်ကဆေးခြောက် တစ်ကျပ်သားလက်ဝယ်တွေ့ရှိမှု၊ သာသနာညှိုးနွမ်းစေမှုတွေနဲ့ လေးနှစ်ခွဲကျော် ကြာ အင်းစိန်ထောင်နဲ့ တောင်ငူထောင်မှာအကျဉ်းကျခံခဲ့ရတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ ပြစ်ဒဏ်စေ့သွားတဲ့အတွက် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

Author – ဂျက်