အက်ဖ်အေဖလားပြိုင်ပွဲ အသင်းကြီးတွေ စတင်ကစားကြမယ့် တတိယအဆင့်ပွဲစဉ်

ဇန်နဝါရီ ၄ – သည်တစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲနားပေမဲ့ အက်ဖ်အေဖလားပွဲဆက်ကစားကြမှာပါ။ အခု တတိယ အဆင့်မှာတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေ စတင်ပါဝင်လာကြပါပြီ။ လက်ရှိချန်ပီယံ မန်ယူအသင်းကတော့ ချန်ပီယံရှစ်က အသင်းကိုအိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်လို့ ပွဲချောင်တယ်လို့ဆိုနိုင်ပါတယ်။ ပရီးမီးယားလိဂ် အသင်းအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲလေးပွဲပါဝင်နေပြီး သည်ထဲမှာ ဝက်စ်ဟမ်း-မန်စီးတီးပွဲက စိတ်ဝင်စား စရာကောင်းပါတယ်။ ကျန်အသင်းကြီးတွေဖြစ်ကြတဲ့ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ စပါးတို့ကတော့ အောက်တန်းက အသင်းတွေနဲ့သာ ရင်ဆိုင်ကြရမှာပါ။ ပရီးမီးယားလိဂ်အသင်းအများစုကတော့ ပွဲဆက်များ နေတဲ့ဒဏ်ကြောင့် လူအပြောင်းအလဲတွေနဲ့ ပွဲထုတ်လာကြဖို့ရှိနေပါတယ်။ ဘယ်အသင်းကြီးတွေကမောက်ကမ ရလဒ်နေထွက်လာမလဲဆိုတာကလည်း စိတ်ဝင်တစားစောင့်ကြည့်ရပါလိမ့်မယ်။
ဝက်စ်ဟမ်း Vs မန်စီးတီး
အစောဆုံးကစားမယ့်ပွဲပါ။ သောကြာနေ့ည (စနေနေ့ မနက်စောစော)မှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ပရီးမီးယားလိဂ် သည်ရာသီမှာ တစ်ကြိမ်ဆုံထားပြီး မန်စီးတီးက အိမ်ကွင်းမှာ ၃-၁ နဲ့အနိုင်ယူထားတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်း ကွင်းမှာ ကစားခဲ့တဲ့နောက်ဆုံးနှစ်ပွဲဆက်တိုက် မန်စီးတီးအနိုင်မရထားပါဘူး။ ပရီးမီးယားလိဂ်မှာ အဆင့်ချင်းကွာပေမဲ့ အခုနောက်ပိုင်း ဝက်စ်ဟမ်းခြေပြန်တက်လာချိန်၊ မန်စီးတီး ခြေစွမ်းအနည်းငယ်ကျဆင်းချိန် တိုက်ဆိုင်နေ ပါတယ်။ မန်စီးတီးအရန်လူတွေ ပွဲထုတ်လာဖို့များတာကြောင့် ဝက်စ်ဟမ်းအသာရသွားနိုင်တယ်။ အိမ်ရှင်အနည်းဆုံး သရေတော့ကစားနိုင်တယ်။
မန်ယူ Vs ရက်ဒင်း
လက်ရှိချန်ပီယံအသင်းတာထွက်ကောင်းအောင် ကြိုးစားရမယ့်ပွဲပါ။ရက်ဒင်းကချန်ပီယံရှစ်ကဆိုပေမဲ့ အဆင့် (၃) မှာ ခြေစွမ်းကောင်းကောင်းနဲ့ရပ်တည်နေနိုင်တဲ့ အသင်းပါ။ မန်ယူက ပရီးမီးယားလိဂ်မှာနိုင်ပွဲဆက်တိုက်ရနေပေမဲ့ သည်ပွဲကို အဓိကကစားသမားတချို့အနားပေးပြီး လူထုတ်လာနိုင်ပါတယ်။ ဒါကြောင့် ရက်ဒင်းအတွက် အခွင့် အရေးတွေရလာဖို့ရှိတယ်။ ဒါပေမဲ့ အစဉ်အလာမှာ မန်ယူကို ရက်ဒင်းတစ်ကြိမ်မှ မနိုင်ဖူးသေးပါဘူး။ မန်ယူအိမ်ကွင်း လည်းဖြစ်လို့ အနိုင်ကတော့သေချာပေါက်ရပါလိမ့်မယ်။
ဟားလ်စီးတီး Vs ဆွမ်ဆီး
ပရီးမီးယားလိဂ်နှစ်သင်းထိပ်တိုက်ပွဲဖြစ်ပြီး အကြိတ်အနယ်ရှိနိုင်တယ်။ နှစ်သင်းစလုံး ပရီးမီးယားလိဂ်မှာ တန်းဆင်းရနိုင်တဲ့အထိ အခြေအနေဆိုးနေတယ်။ ဒါကြောင့်အက်ဖ်အေဖလားကို ဂုဏ်သိက္ခာပွဲအဖြစ်အစွမ်းကုန် ကြိုးစားကြလိမ့်မယ်။ နှစ်သင်းစလုံးခြေစွမ်းယိုင်ဆင်းနေချိန်မှာ ဆွမ်ဆီးကနည်းပြသစ်လက်ထက်မှာ အနည်းငယ် ပြန်ငြိမ်လာပြီလို့ဆိုရမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပဲလေ့စ်နဲ့ပရီးမီးယားလိဂ်ပွဲမှာလည်း ဆွမ်ဆီးအနိုင်ရထားတယ်။ ဒါပေမဲ့ ဟားလ်စီးတီးကတော့ နည်းပြမိုက်ဖီလန်ထုတ်ပယ်ခံရတာကြောင့် ယာယီနည်းပြနဲ့သာပွဲထွက်လာရဖို့ ရှိတယ်။ သည်နှစ် ပရီးမီးယားလိဂ်မှာဆုံတော့ ဟားလ်စီးတီးက အဝေးကွင်းမှာအနိုင်ရခဲ့တယ်။ သည်အကြွေး ဆွမ်ဆီးပြန်ဆပ်ရဖို့ရှိပြီး သရေနဲ့အနိုင်တစ်ခုခုပါပဲ။
ဆန်းဒါးလန်း Vs ဘန်လေ
ပရီးမီးယားလိဂ် အဆင့်(၁၈) နဲ့ အဆင့် (၁၂) ရင်ဆိုင်ရမှာပါ။ လီဗာပူးလ်ကို ပူပူနွေးနွေးသရေကစားထားတဲ့ ဆန်းဒါးလန်းနဲ့ မန်စီးတီးကို သူတင်ကိုယ်တင် ကစားပြီးမှ ၂-၁ နဲ့ အရှုံးပေးခဲ့ရတဲ့ ဘန်လေတို့ဖြစ်ပါတယ်။ သည်နှစ်ဘန်လေအိမ်ကွင်းမှာ ၄-၁ နဲ့ ဆန်းဒါးလန်းအရေးနိမ့်ထားပါတယ်။ ဒါပေမဲ့ အစဉ်အလာမှာ အိမ်ကွင်းမှာ ဘန်လေကို ဆန်းဒါးလန်းအမြဲလိုလိုအသာရနေကျပါ။ ဆန်းဒါးလန်းအနိုင်ရပြီး နောက်တစ်ဆင့်တက်သွားဖို့ ရှိတယ်။
နော်ဝစ်ခ်ျ Vs ဆောက်သမ်တန်
မနှစ်ကမှ တန်းဆင်းသွားရတဲ့ နော်ဝစ်ခ်ျကို ဆောက်သမ်တန်ရင်ဆိုင်ရတာပါ။ နှစ်သင်းစလုံးကတော့ အမှတ် ပေးပြိုင်ပွဲအသီးသီးမှာ အလယ်အလတ်အဆင့်နဲ့ရပ်တည်နေကြတယ်။ ဆောက်သမ်တန်ကနောက်ဆုံးသုံးပွဲဆက် ရှုံးပြီး ပုံစံကောင်း ပြန်ပျောက်နေတယ်။ နော်ဝစ်ခ်ျကနောက်ဆုံးကစားခဲ့တဲ့ ဒါဘီကောင်တီနဲ့ပွဲမှာ ဂိုးပြတ် အနိုင်ရထားတယ်။ မနှစ်က နော်ဝစ်ခ်ျ အိမ်ကွင်းမှာ ၁-ဝ နဲ့အနိုင်ယူခဲ့တယ်။ ဆောက်သမ်တန်ခြေစွမ်း ကျနေချိန်ဖြစ်ပြီး အိမ်ကွင်းအားသာချက်ရှိနေတဲ့ နော်ဝစ်ခ်ျကိုအနိုင်ယူဖို့မလွယ်ပါဘူး။ ချန်ပီယံရှစ်အသင်း အသာစီးယူသွားမယ့်ပွဲပါ။
အဲဗာတန် Vs လက်စတာ
မနှစ်ကဆီမီးဖိုင်နယ်အထိရောက်ခဲ့တဲ့ အဲဗာတန်အသင်း သည်နှစ်တော့ပွဲကျပ်နဲ့စကြုံရတာပါ။ လက်စတာက ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းပေမဲ့ ချန်ပီယံလိဂ်လို ဖလားပွဲတွေမှာ အာရုံပိုစိုက်မယ့်ပုံရှိတာကြောင့် အဲဗာတန်အခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ပူပူနွေးနွေးကစားထားကြပြီး အဲဗာတန်က လက်စတာကွင်းမှာ ဝ-၂ နဲ့အနိုင်ယူခဲ့တယ်။ လောလောဆယ် လက်စတာခြေစွမ်းပြန်တည်ငြိမ်စပြုလာပုံရပေမဲ့ အားရစရာတော့ မရှိသေးပါဘူး။ ပုံစံကောင်းပြန်ရနေတဲ အဲဗာတန်ပဲ အနိုင်ယူနောက်တစ်ဆင့်တက်ဖို့များပါတယ်။
ဘော်လ်တန် Vs ပဲလေ့စ်
ပဲလေ့စ်က မနှစ်ကဗိုလ်လုပွဲအထိတက်ရောက်ခဲ့ပြီး မန်ယူကိုအချိန်ပိုမှာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အခုတော့ပရီးမီးယားလိဂ် မှာ ပဲလေ့စ် အခြေအနေမကောင်းပါဘူး။ အဆင့် (၁၇) ရောက်နေပါတယ်။ ဘော်လ်တန်ကတော့ လိဂ်ဝမ်းအသင်းဖြစ်ပြီး လောလောဆယ် အဆင့်(၂)မှာ ရပ်တည်နေပါတယ်။ သည်နှစ်သင်းတွေ့ဆုံတဲ့ အစဉ်အလာမှာတော့ နိုင်ပွဲရှုံးပွဲထက်သရေပွဲကပိုများနေတာတွေ့ရတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဘော်လ်တန်ကအသာစီးရထားပါတယ်။ သည်လိုပွဲမျိုးတွေမှာ အောက်တန်းကအသင်းတွေ ခြေ စွမ်းပြတတ်တာကြောင့် ပဲလေ့စ်သတိထားရမှာပါ။ ခြေစွမ်းမကောင်းတဲ့အပြင် အရန်လူတချို့ပါ ပွဲထုတ်လာခဲ့ မယ်ဆိုရင် ပဲလေ့စ်အနေနဲ့ စောစောစီးစီးပြိုင်ပွဲက နှုတ်ဆက်ရဖို့များပါတယ်။
ပရက်စတန်နော့အန်း Vs အာဆင်နယ်
သည်အသင်းငယ်လေးနဲ့ အာဆင်နယ်မတွေ့တာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ အခု ချန်ပီယံရှစ် အဆင့် (၁၁)မှာ ရှိနေတဲ့ ပရက်စတန်ဟာ ပရီးမီးယားလိဂ်အဆင့် (၄)မှာ ရပ်တည်နေတဲ့ အာဆင်နယ်ကို ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ခြေစွမ်းနဲ့ အစဉ်အလာအရ ဘယ်လိုမှ မယှဉ်သာတဲ့အသင်းတွေဖြစ်ပေမဲ့ အာဆင်နယ်ဟာ အဓိက ကစားသမားတွကို အနားပေးမှာ သေချာနေတာကြောင့် အိမ်ရှင်အသင်းအသက်ရှူချောင်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်ပဲနောက်တစ်ဆင့်တက်မှာပါ။
လီဗာပူးလ် Vs ပလိုင်းမောက်
အသင်းကြီးတွေထဲမှာတော့ လီဗာပူးလ်က ပွဲအချောင်ဆုံးလို့ ပြောနိုင်ပါတယ်။ အိမ်ကွင်းမှာ လိဂ်တူးက အသင်းငယ်လေး ပလိုင်းမောက်ကို ဧည့်ခံရမှာဖြစ်လို့ လီဗာပူးလ်အတွက် အခက်အခဲလုံးဝမရှိနိုင်ပါဘူး။ ပထမဆုံးတွေ့ဆုံကြတဲ့ပွဲမှာ လီဗာပူးလ်ဂိုးပြတ်နိုင်ပွဲရသွားပါလိမ့်မယ်။
ချယ်လ်ဆီး Vs ပီတာဘရော့
ချယ်လ်ဆီးလည်း လီဗာပူးလ်လိုပဲ ပွဲချောင်ပါတယ်။ ပရီးမီးယားလိဂ်ကို အမှတ်ပြတ်ဦးဆောင်နေတဲ့ ချယ်လ်ဆီး သည်ပွဲမှာအရန်လူတွေ ထည့်သုံးရင်တောင် ပီတာဘရော့ကိုအသာစီးကစားနိုင်မှာပါ။ လိဂ်ဝမ်းအဆင့်(၈)မှာ ရပ်တည်နေတဲ့ ပီတာဘရော့ဂိုးပြတ်မရှုံးရင် ကံကောင်းတဲ့ပွဲပါပဲ။
စပါး Vs ဗီလာ
စပါးအနေနဲ့ ချန်ပီယံရှစ်အသင်းနဲ့ ကစားရမှာဖြစ်လို့သိပ်မခက်ခဲနိုင်ပေမဲ့ ဗီလာက မနှစ်ကမှတန်းဆင်းသွား ရတဲ့ ပရီးမီးယားလိဂ်ဝါရင့်အသင်းဟောင်းဖြစ်လို့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်တယ်။ စပါးကို နောက်ပိုင်းနှစ်တွေမှာ ဗီလာယှဉ်မကစားနိုင်တော့ပေမဲ့ သည်ပွဲမှာ စပါးကလည်း လူစုံထုတ်လာဖို့မသေချာပါဘူး။ ဒါပေမဲ့ စပါးအိမ် ကွင်းဖြစ်နေတာ၊ ဗီလာကလည်း ချန်ပီယံရှစ်မှာတောင်ရုန်းကန်နေရတဲ့ ခြေစွမ်းမျိုးနဲ့အားနည်းနေတာကြောင့် နောက်တစ်ဆင့်တက်ဖို့ မမျှော်လင့်နိုင်ပါဘူး။ စပါးသက်သောင့်သက်သာ အနိုင်ယူသွားမှာပါ။

အက်ဖ်အေဖလား တတိယအဆင့်

ပွဲကစားချိန်များ

ဇန်နဝါရီ ၇၊   စနေနေ့                         

မနက်                           ဝက်စ်ဟမ်း               ၂း၂၅   မန်စီးတီး

ဇန်နဝါရီ၇စနေနေ့ည      မန်ယူ                    ၇းဝ၀   ရက်ဒင်း

အစ်ဆွစ်တောင်း      ၉း၃၀   လင်ကွန်းစီးတီး

ဟားလ်စီးတီး           ၉း၃၀   ဆွမ်ဆီး

ဆန်းဒါးလန်း          ၉း၃၀   ဘန်လေ

ကျူပီအာ                ၉း၃၀   ဘလက်ဘန်း

ဘရိုက်တန်             ၉း၃၀  မီတန်ကီးနက်စ်

မီဝေါလ်                  ၉း၃၀   ဘုန်းမောက်

ဘလက်ပူးလ်         ၉း၃၀   ဘန်စလေ

ဝီဂန်                      ၉း၃၀   နော်တင်ဟမ်

ရိုသာဟမ်               ၉း၃၀   အောက်စဖို့ဒ်

နော်ဝစ်ခ်ျ                ၉း၃၀   ဆောက်သမ်တန်

ဘာရိုး                    ၉း၃၀   ရော့ခ်ဒေးလ်

ဝက်စ်ဘရွန်း          ၉း၃၀   ဒါဘီကောင်တီ

အဲဗာတန်               ၉း၃၀   လက်စတာ

ဝိုင်ကွန်ဘီ              ၉း၃၀   စတိုးဘရစ်ခ်ျ

ဝက်ဖို့ဒ်                   ၉း၃၀   ဘာတန်

စတုတ်                   ၉း၃၀   ဝူဗာဟမ်တန်

ဘရစ်စတိုးစီးတီး     ၉း၃၀   ဖလိဝုဒ်တောင်း

ဟက်ဒါစဖီးတောင်း  ၉း၃၀   ပို့ဗေးလ်

ဘရန့်ဖို့ဒ်                 ၉း၃၀   အီစတယ်လေး

ဘာမင်ဂမ်               ၉း၃၀   နယူးကာဆယ်

ဘော်လ်တန်           ၉း၃၀   ပဲလေ့စ်

ဆက်တန်ယူနိုက်တက်  ၉း၃၀   ဝင်ဘယ်ဒန်

အက်ခရင်တန်        ၉း၃၀   လူတန်တောင်း

ပရက်စတန်နော့အန်း   ၁၂းဝ၀ အာဆင်နယ်

ဇန်နဝါရီ ၈၊   တနင်္ဂနွေနေ့ည   ကာဒစ်ဖ်        ၆းဝ၀   ဖူလ်ဟမ်

လီဗာပူးလ်               ၈းဝ၀   ပလိုင်းမောက်

ချယ်လ်ဆီး              ၉း၃၀   ပီတာဘရော့

မစ်ဒယ်ဘရော့         ၉း၃၀ ရှက်ဖီဝမ်းနက်စဒေး

စပါး                      ၁၀း၃၀ ဗီလာ

ဇန်နဝါရီ   ၁၀၊   အင်္ဂါနေ့ မနက် ကမ်းဘရစ်ခ်ျ   ၂း၁၅   လိဒ်စ်

 

4cus