The Kumudra Journal

အစိုးရသစ်လက်ထက်မှာ ၆၆ (ဃ) နဲ့ တရားစွဲခံရတဲ့အမှု ၃၈ မှုရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရသူပေါင်း ၃၈ မှုရှိပြီဖြစ်တယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ ကိုဆောင်းခက ပြောပါတယ်။
ဥပဒေပုဒ် ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ အမှုအားလုံးဟာ အသရေဖျက်မှုတွေဖြစ်ပြီး အခုလ ဒီဇင်ဘာ၂၃ ရက်နေ့အထိကောက်ယူထား တာဖြစ်ပါတယ်။ လတ်တလော ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၅ ဦးရှိပြီဖြစ်ပြီး ပြစ်ဒဏ် ချမှတ်ခံရသူ ငါးဦးရှိပြီဖြစ်တယ်လို့ ကိုဆောင်းခက ပြောပါတယ်။
၆၆ (ဃ) ပြင်ဆင်နိုင်ရေးအတွက် အစီရင်ခံစာ၊ အကြံပေးချက်တွေကိုလွှတ်တော်နဲ့ ဆက်သွယ်ရေးဌာနကို နောက်လအတွင်းပေးပို့နိုင်ဖို့ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေသုတေသန အဖွဲ့ အနေနဲ့ မှတ်တမ်းများလိုက်ကောက်ခြင်းများနဲ့ တရားစွဲဆိုခံထားရသူတို့ရဲ့အမှုအခင်းအချက် အလက်တွေကို ပြန်လည်စုဆောင်းလျက်ရှိပြီး ၆၆ (ဃ)ကို ဘယ်လိုပြုပြင်ရင်ကောင်းမယ်ဆိုတဲ့ အစီရင်ခံစာသဘောမျိုး၊ အကြံပေး ချက်တွေကို စတင်ရေးသားနေတယ်လို့သိရပါတယ်။
အကြံပေးချက်တွေကို ဆက်သွယ်ရေးဌာနကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲမှာပေးဖို့စီစဉ်ထားပြီး ပြည်သူတွေနဲ့ သတင်းမီဒီယာတွေကိုပါထုတ်ပြန်ပေး သွားမယ်လို့သိရပါတယ်။ ၆၆ (ဃ) ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်း ကတော့ ဥပဒေနဲ့ ပြစ်မှုပြစ်ဒဏ်ကို ပြင်ဆင်သွားဖို့ရှိတယ်လို့ ပြောဆိုထားပါတယ်။
ဒဏ်ငွေအစားထိုး
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က လူပုဂ္ဂိုလ်တစ်ယောက်နဲ့တစ်ယောက်ဖြစ်ပွားတဲ့ကိစ္စအတွက် ရည်ညွှန်းသောအသရေ ဖျက်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေခြင်းကိုအရေးတကြီးပယ်ဖျက်သင့်တယ်။ အာမခံရတဲ့ပုဒ်မအဖြစ် ဒဏ်ငွေကိုအစားထိုးပြောင်းလဲသင့်တယ်လို့ ထင်တယ်လို့ ပြောပါတယ်။ အဆိုပါပုဒ်မဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကိုထိခိုက်စေနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကမှတ်ချက်ချထားပါတယ်။

Author – ထင်လင်းထက်