အစိုးရရဲ့ နှစ်ပတ်လည်ဆောင်ရွက်ချက် ပြည်သူလူထုကို အသိပေးတင်ပြမည်

နေပြည်တော်၊ ဇန်နဝါရီ ၁ – အခုအစိုးရလက်ထက်ဝန်ကြီးဌာနအသီးသီးရဲ့ တစ်နှစ် ပြည့် နှစ်ပတ်လည်ဆောင်ရွက်ချက်တွေနဲ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပြည်သူလူထုကိုအသိပေးတင်ပြမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပထမနှစ်ဦးပိုင်းကနေစပြီးတော့ ကျွန်မတို့အစိုးရအဖွဲ့ တစ်နှစ်ပြည့်မယ့်အချိန်အထိ ဒီကြားထဲမှာ ဝန်ကြီးဌာန၊ အစိုးရဌာနအသီးသီးကနေပြီးတော့ တစ်နှစ်အတွင်းဆောင်ရွက်ချက်တွေ၊ တစ်နှစ်  စိန်ခေါ်မှုတွေ၊ ဒီစိန်ခေါ်မှုတွေကို ဘယ်လိုနည်းနဲ့ကျော်လွှားမလဲဆိုတဲ့ ကျွန်မတို့ရဲ့ခန့်မှန်းထားတဲ့ အစီအစဉ်တွေကို နိုင်ငံကိုတင်ပြသွားမှာဖြစ်ပါတယ်လို့ ပြောပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်များစကားဝိုင်းမှာ အခုလိုထည့်သွင်းပြောဆိုတာပါ။
တိုင်းပြည်စီးပွားရေးနဲ့ သက်ဆိုင်မှုရှိတဲ့ ဝန်ကြီးဌာနတွေအတွက်ကိုလည်း ၂၀၁၇ ခုနှစ် တစ်လပိုင်း ဒါမှမဟုတ် နှစ်ဦးပိုင်းအတွင်းမှာပဲ ပြည်သူလူ ထုကိုတင်ပြအသိပေးမယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီလအတွင်းမှာပေါ့နော်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေက မိမိတို့ရဲ့ဝန်ကြီးဌာနတွေက ဘယ်လိုကြိုးပမ်းမှုတွေရှိတယ်၊ စီးပွားရေးနဲ့ အဓိကပတ်သက်နေတဲ့ ဝန်ကြီးဌာနဆိုရင် ဥပမာစီမံဘဏ္ဍာတို့၊ စီးပွားကူးသန်းတို့ အဲဒီလိုဝန်ကြီးဌာနတွေက စီးပွားရေးနဲ့အဓိက ပတ်သက်တယ်ပေါ့၊ ဒီလိုပဲတခြားဝန်ကြီးဌာနတွေလဲ ပတ်သက်တာရှိတယ်လို့ပြောတယ်။
နိုင်ငံတော်ရဲ့ စီးပွားရေးဆိုတာ အလုပ်တစ်ခုတည်းလုပ်ရုံနဲ့မပြီးဘဲ အားလုံးတညီတညွတ်တည်းဆောင်ရွက်ဖို့လိုအပ်တာကြောင့် စီးပွား ကူးသန်း၊ စီမံဘဏ္ဍာသည်ဝန်ကြီးဌာနတွေတင်မဟုတ်ဘဲ စိုက်ပျိုးရေး၊ အခြားဆက်စပ်ဝန်ကြီး ဌာနတွေအားလုံးကတင်ပြပြောဆိုမှာ ဖြစ်တယ်လို့ဆိုတယ်။
အခု သည်နှစ်ဦးပိုင်းမှာပဲ အခြားဝန်ကြီးဌာနတွေအားလုံးကလည်းဌာနအလိုက် ဌာနအလိုက်တစ်လှည့်စီ အများပြည်သူသိအောင်ရှင်းပြမှာဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အဲသည်လိုတွေ ရှင်းပြပြောဆိုတဲ့အခါမှာ ဘာသာရပ်ဆိုင်ရာပညာရှင်အသုံးအနှုန်းတွေနဲ့ပြောဆိုမှာမဟုတ်ဘဲ အများပြည်သူနားလည်လွယ်မယ့် အသုံးအနှုန်းတွေနဲ့ပဲရှင်းလင်းတင်ပြမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
Author – ဖေသက်ထက်ခင်