ပုဂ္ဂလိက လယ်ယာလုပ်ငန်းသုံး စက်ကိရိယာတွေ တွင်ကျယ်လာ

နေပြည်တော်၊ ဇန်နဝါရီ ၁ – မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်ဘက်ရှိတောင်သူတွေအနေနဲ့ လယ်ယာလုပ်ငန်း မှာ ပြင်ပပုဂ္ဂလိကစက်တွေဝင်ရောက်လာတဲ့အတွက် အစိုးရရဲ့စက်တွေကို ငှားရမ်းမှုနည်းသွားပါတယ်။
ပျော်ဘွယ်မြို့နယ် ချောင်းမကြီးအုပ်စုကျေးရွာက တောင်သူဦးအေးဆွေက ဒီဘက်မှာစက်တွေနဲ့ စပါးရိတ်ကြ၊ ယာခင်းတွေ ထွန်ကြလုပ်လာတာ သုံးနှစ်လောက်ရှိပြီ၊ အစကတော့ အစိုးရကနေလာတဲ့ စက်တွေသုံးကြသေးတယ်၊ နောက်ပိုင်းမှာမသုံးတော့ဘူး၊ ပြင်ပကုမ္မဏီတွေကလာတဲ့ စက်တွေပဲသုံးတော့တယ်၊ ငှားရတဲ့ ဈေးကလဲအတူတူပဲလို့ ပြောပါတယ်။
အရင်နှစ်စပါးရိတ်သိမ်းချိန်ကာလမှာဆိုရင်လည်း အစိုးရစက်တွေက အရည်အသွေးနိမ့်ပြီး စပါးအလေအလွင့်ရှိ တဲ့အတွက် ပြင်ပကစက်တွေပဲငှားရမ်းလာတယ်လို့သိရပါတယ်။  အစိုးရစက်တွေကများသောအားဖြင့် တရုတ်နဲ့ ကိုရီးယားစက်တွေသာဖြစ်ပြီး တောင်သူတွေအကြိုက်များတာက ဂျပန်ကလာတဲ့ စက်တွေဖြစ်ပါတယ်။
ဒါ့အပြင်ဝန်ဆောင်မှုပိုင်းမှာဆိုရင်လည်း ပြင်ပပုဂ္ဂလိက ကုမ္မဏီတွေရဲ့စက်တွေက စပါးရိတ်သိမ်းခြွေစက်တွေ ဆိုရင် တစ်ဧကကို ကျပ် ၅၀ဝ၀ နှုန်းနဲ့ တောင်သူတွေဆီကိုပြန်ပေးတယ်လို့သိရပါတယ်။
ပျော်ဘွယ်မြို့နယ်က တောင်သူ ဦးသိန်းနိုင် ဂျပန်ကလာတဲ့ kubota ဆိုရင် တော်တော်ကောင်းတယ်၊ တောင်သူတော်တော်များများက ဂျပန်ကလာတဲ့စက်တွေကိုပဲ ကြိုက်ကြတာ၊ ဒီစက်တွေမအားမှအစိုးရစက်ကိုခေါ်တာ လို့ပြောပါတယ်။ တချို့ဒေသတွေမှာရှိတဲ့တောင်သူတော့ ပြင်ပကုမ္မဏီကစက်တွေသိပ်မဝင်ရောက်တဲ့အတွက် အစိုးရစက်တွေ ကိုပဲအသုံးပြုနေရဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အစိုးရအနေနဲ့ကတောင်သူတွေ အဆင်ပြေနိုင်အောင်စက်မှုလယ်ယာကဏ္ဍကိုဖော်ဆောင်နေပါ တယ်။  အရည်အသွေးတွေ ကောင်းမွန်မှုသိပ်မရှိသေးတဲ့အတွက် ပြင်ပပုဂ္ဂလိက ကုမ္မဏီတွေရဲ့ စက်တွေကိုပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။

Author – မာရီခိုင်