ငြိမ်းချမ်းရေးနဲ့ လူထုဘဝတိုးတက်ရေး ဦးစားပေးမည်

နိုင်ငံအေးချမ်းမှ လူထုဘ၀တိုးတက်မယ်၊ ငြိမ်းချမ်းခြင်းကို ထိန်းသိမ်းထားနိုင်မယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ဇန်နဝါရီ ၁ – အခု ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံအတွက် ဦးစားပေးဆောင်ရွက်မယ့် အကြောင်းအရင်းစ်ရပ်ကို နိုင်ငံ တော် အ တိုင်ပင်ခံ ပုဂ္ဂိုလ်က လူထုကို အသိပေးပါတယ်။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် က ‘၂၀၁၇ ခုနှစ်ကနေစဉ်းစားရမှာ ကျွန်မတို့နိုင်ငံအတွက် ဘာတွေ ပထမဆုံးဦးစားပေးပြီး လုပ်ရမလဲဆိုတဲ့ ကိစ္စပါပဲ၊ အရင်နှစ်တုန်းက ပြည်သူလူထုအများစုမဲပေးရွေးချယ်တဲ့ အစိုးရအနေနဲ့ ဘာတွေကို ဦးစားပေးဆောင်ရွက်မယ်ဆိုတာကို ပြောထားတာတွေရှိခဲ့ပါတယ်လို့ နေပြည်တော်မှာ နှစ်သစ်ကူးနှုတ်ဆက်စကားမှာ ပြောပါတယ်။
သူကဆက်ပြီး အဲဒီထဲမှာအရေးအကြီးဆုံးကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုတွေရဲ့  ဘဝတိုးတက်ရေးဟာ ကျွန်မတို့ ဦး စားပေးထားတဲ့ ကိစ္စနှစ်ခုဖြစ်ပါတယ်၊  ဒီနှစ်ခုကလဲ ဆက်နွှယ်မှုရှိနေပါတယ်၊ နိုင်ငံအေးချမ်းမှ လူထုဘဝတိုးတက်မယ်၊ ဘဝတိုးတက်မှ ငြိမ်းချမ်းခြင်းကိုထိန်းသိမ်းထားနိုင်မယ်၊ ဒါကြောင့် ဒီနှစ်ခုကိုရည်ရွယ်ချက်အနေနဲ့ သတ်မှတ်ထားတာပါလို့ ပြောတယ်။
နိုင်ငံသူ နိုင်ငံသားသန်း ၅၀ ကျော်မှာ မြောက်မြားစွာသော ဆန္ဒတွေရှိမှာဖြစ်ပါတယ်။ သည်ဆန္ဒတွေထဲမှာ ဆိုရင်ဘယ်ဆန္ဒတွေက အဓိက အကျဆုံးလဲ။ ဘယ်ဟာတွေကို ဦးစားပေးပြီးတော့အကောင်အထည်ဖော်ရမလဲဆိုတာဟာ ပြည်သူလူထုကနေပြီးတော့ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရတစ်ခုအတွက် အကြီးဆုံးတာဝန်တစ်ခုဖြစ်ပါတယ်။ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ သည်ဆန္ဒတွေကို ဘယ်လိုပုံစံနဲ့ဖြည့်ဆည်းပေးရမလဲဆိုတာကို ဆုံးဖြတ်ဖို့ကလည်း အင်မတန်မှအရေးကြီးတယ်လို့ဆိုပါတယ်။
သည်ရည်မှန်းချက်တွေထဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ယူထားတာကတော့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပါတယ်။ အစိုးရဖွဲ့ပြီး မေလအတွင်းကနေစပြီး ၂၁ ရာစု ပင်လုံညီလာခံစဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါကြောင့် ကျွန်မကနေပြီးတော့၂၀၁၇ ခုနှစ်ရဲ့အစပိုင်းဖြစ်တဲ့ ဒီနေ့မှာငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့စကားတွေကိုစချင်တယ်လို့ဆုံးဖြတ်တာ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။
ငြိမ်းချမ်းရေးနဲ့ စကားစတယ်ဆိုတာ အစိုးရနဲ့လက်နက်ကိုင်တွေ ဆွေးနွေးခြင်းမျိုးကိုဆိုလိုတာမဟုတ်ဘဲ ပြည်သူပြည်သားတွေနဲ့ ဆွေးနွေးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာကိုသိရဖို့ ကြိုးပမ်းမှုနဲ့စတင်တာလည်းဖြစ်ပါတယ်။ သည်အတွက် အနာဂတ်တွေအများကြီး ရှေ့ဆက်ရဦးမယ့် လူငယ်တွေနဲ့ စကားဝိုင်းလုပ်ဖို့ရွေးချယ်တွေ့ဆုံခဲ့တာပါ။
ဆွေးနွေးမယ်
ငြိမ်းချမ်းရေးအတွက် လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပညာရေးဘက်ကရော ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်ဘယ်လိုအကြံ ဉာဏ်ပေးနိုင်မလဲဆိုတာတွေသိရဖို့ ဆွေးနွေးပွဲတွေလုပ်ဖို့ရှိနေပါတယ်။
သည်လိုဆွေးနွေးပွဲတွေကနေ ပြည်သူတွေကငြိမ်းချမ်းရေးကို သူတို့လည်းပိုင်တယ်ဆိုတဲ့ပိုင်ဆိုင်မှုစိတ်ရှိလာအောင် ဖော်ဆောင်မှာဖြစ်ပါတယ်။ အခုခေတ်မှာ နိုင်ငံရေးအရအင်မတန်မှအရေးကြီးတဲ့ အသုံးအနှုန်းတစ်ခုကတော့ ownership ပိုင်ဆိုင်မှုပါပဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ တစ်နိုင်ငံလုံး ရဲ့ပိုင်ဆိုင်မှု national ownership ဖြစ်ရပါမယ်။ အားလုံးပိုင်ဆိုင်လို့ အားလုံးမှာတာဝန်ရှိတယ်။ ပိုင်ဆိုင်တယ်ဆိုတာ ကိုယ်လုပ်ချင်ရာလုပ်ဖို့မဟုတ်ဘဲ ပိုင်ဆိုင်လို့ တာဝန်ယူရမယ်ဆိုတဲ့စိတ်နဲ့ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေစဉ်းစားပါ၊ ကျွန်မတို့ဘယ်လိုနိုင်ငံကြီးမှာနေချင်သလဲ၊ ကျွန်မတို့သားစဉ်မြေးဆက်ကို ဘယ်လို နိုင်ငံမှာနေစေချင်သလဲဆိုတာတွေကို ကျွန်မတို့ဆုံးဖြတ်ရမှာဖြစ်ပါတယ်၊ အဲဒီလိုရေရှည်အမြင်နဲ့လုပ်မှသာလျှင် ကျွန်မတို့နိုင်ငံဟာ အောင်မြင်နိုင်မှာပါလို့ပြောတယ်။
အစိုးရအနေနဲ့ မတည်နိုင်တဲ့ ကတိတွေကိုမပေးဘဲတည်နိုင်တဲ့ ရိုးရိုးသားသားကတိတွေကိုသာပေးခဲ့ပါတယ်။ သည်ကတိတွေကိုလည်း ဆက်ပြီးတော့ တည်အောင်လုပ်သွားမှာဖြစ်ပါတယ်။ မဖြစ်နိုင်တဲ့ကိစ္စကိုပြည်သူကို ကတိမပေးဘဲပွင့်ပွင့်လင်းလင်းဖြောင့်ဖြောင့်မတ်မတ်နဲ့ ဆက်ဆံပါမယ်ဆိုတာ ပြောပြီးတော့ သည်အစိုးရတာဝန်ကိုယူခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ကျွန်မတို့တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုးလအတွင်းမှ ပြည်သူကိုပေးခဲ့တဲ့ကတိတွေပျက်ပြားခဲ့တာမရှိပါဘူး၊ ကျွန်မတို့ ဖြစ်စေချင်သလောက် ဒီကိုးလအတွင်း မှာဖြစ်ခဲ့သလားဆိုတော့ တချို့ဟာတွေကတော့ ကျွန်မတို့မျှော်မှန်းသလောက်မဖြစ်ပေမဲ့ တချို့ကိစ္စတွေမှာတော့ မမျှော်မှန်းဘဲနဲ့လဲတိုးတက်မှုတွေရှိခဲ့ တာရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူကဆက်ပြီး ကျွန်မတို့အနေနဲ့ဘာပဲလုပ်လုပ်ကောင်းသော အစိုးရတွေရဲ့ အခြေခံဖြစ်တဲ့ ပွင့်လင်းမြင်သာမှု့နဲ့ တာဝန်ယူမှုဆိုတဲ့ မူနှစ်ခုကိုတော့ ဆက်လက်ပြီးတော့ ဆုတ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

Author – ချိုဇင်မာဝင့်