သုံးခွမြို့နယ်က ငါးဘာသာဂုဏ်ထူးရှင် ပညာရေးအတွက် သမ္မတကတော် တာဝန်ယူမည်

သုံးခွမြို့နယ်က ငါးဘာသာဂုဏ်ထူးရှင် ပညာရေးအတွက် သမ္မတကတော် တာဝန်ယူမည်

ဇွန်၊ ၁၈၊ ရန်ကုန်။
၂၀၁၆ခုနှစ် ပညာသင်နှစ်မှာ သုံးခွမြို့နယ်ကနေ ငါးဘာသာဂုဏ်ထူးထွက်ခဲ့တဲ့ မနေခြည်ဝင်းလိုင်ရဲ့ ပညာရေးအတွက် နိုင်ငံတော် သမ္မတ ကတော် ဒေါ်စုစုလွင်က တာဝန်ယူပေးသွားမယ်လို့သိရပါတယ်။
“အရင်တုန်းကလည်း သုံးဘာသာကျောင်းသားလေးတစ်ဦး ထွက်ခဲ့ဘူးတယ်။ သူ့ကိုလည်း အခုလိုမျိုးပဲ ကူညီပေးခဲ့တာပေါ့။ အခု ဒီကလေးမလေးကလည်း ထူးထူးချွန်ချွန်ဖြစ်တယ်။နောက်ပြီး သူတို့အိမ်စီးပွားရေး ကလည်းအဆင်မပြေတဲ့ အခါကျတော့ မနေ့ညက ကျွန်တော် သတင်းရတာနဲ့ ဒေါ်စုစုလွင်ဆီဖုန်းဆက်ပြီး အကြောင်းကြားခဲ့တယ်။ သူကကလေးပညာရေးကို ကျောင်းပြီးတဲ့အထိကူညီပေးချင်တယ်ပြောတာနဲ့ အခုလိုဖြစ်တာပါ” လို့ သမ္မတ ကတော် ဒေါ်စုစုလွင်ရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးစိန်ဝင်းမောင်က ပြောပါတယ်။
သည်ကနေ့မနက်မှာ မနေခြည်ဝင်းလှိုင် နေထိုင်တဲ့ သုံးခွမြို့နယ် ၇ ရပ်ကွက်က နေအိမ်ကို သွားရောက်ပြီး ကူညီမယ့်အကြောင်း သွားရောက်အသိပေး အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။
“ကလေးမလေးက အမှတ်လည်း မီမယ်ဆိုရင် ဆေးကျောင်းတက်ချင်တယ်။ ကျန်တဲ့ကျောင်းတက်ဖို့သင်ကြားစရိတ်၊ ကျောင်းစရိတ်တွေကတော့ အမှတ်စာရင်းတို့ ဘာတို့ထွက်ပြီးမှ သူလည်းဘယ်ကျောင်းတက်ရမယ်ဆိုတာသိရမှာ။ အဲ့ဒါတွေက နောက်မှစီစဉ်ဖြစ်မှာပါ။” လို့ ဦးစိန်ဝင်းမောင် က ရှင်းပြပါတယ်။
သုံးခွမြို့နယ်ဟာ သမ္မတ ကတော် ဒေါ်စုစုလွင် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်မြေဖြစ်ပါတယ်။
မနေခြည်ဝင်းလှိုင်ရဲ့ကျောင်းစရိတ်ကို မိခင်ဖြစ်သူက မုန့်လက်ဆောင်းရောင်းပြီး ဖခင်ဖြစ်သူက ဆန်စက်မှာ ညစောင့်အလုပ်ကိုလုပ်ကိုင်ရင်းထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ သုံးခွမြို့နယ် အ.ထ.က ( ၂ ) ကနေ တက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။
အခုနှစ် သုံးခွမြို့နယ် ကနေ မနေခြည်ဝင်းလိုင်အပြင် နောက်ထပ် ငါးဘာသာဂုဏ်ထူးထွက်သူတစ်ဦးလည်း ရှိသေး တယ်လို့သိရပါတယ်။
ဇွန်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး လူဦးရေခြောက်သိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့တဲ့အနက် ၂၉.၉၂ ရာခိုင်နှုန်းအောင်မြင်ခဲ့ပါတယ်။

ဝင်းနန္ဒာ