ရန်ကုန်အစိုးရအသုံးစရိတ် အချိန်မီတင်ပြရေးအဆို ဆွေးနွေးတော့မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁ – ရန်ကုန်အစိုးရရဲ့ အသုံးစရိတ်တွေကို အသေးစိတ်စစ်ဆေး နိုင်ဖို့ ရန်ကုန်တိုင်းလွှတ်တော်ကို အချိန်မီတင်ပြရေးအဆိုကို ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

အဆိုတင်သွင်းသူ တောင်ဥက္ကလာပ မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့် က “ရန်ကုန်တိုင်းဘတ်ဂျက်မှာ နှစ်စဉ်နှစ်တိုင်း ငွေလုံးငွေရင်းနဲ့ သုံးစွဲနေတဲ့ တံတားတည်ဆောက်တဲ့ ကိစ္စမျိုးတွေ ကြီးမားတဲ့ ဘီလျံနဲ့ချီတဲ့ စီမံကိန်းတွေမှာ စစ်တဲ့နေရာ မှာ အသေးစိတ် မသိတဲ့အတွက် အကြမ်းဖျင်းလောက်ပဲ စစ်လိုက်ရတော့ သည်ငွေတွေဟာ ပြောမယ်ဆိုရင် ရာနဲ့ချီပြီးတော့ နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးတယ်လို့ ထင်မြင်မိတာ”လို့ ပြောပါတယ်။

၂၀၁၇-၂၀၁၈ ခုနှစ်  ဘဏ္ဍာရေးနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ဌာနဆိုင်ရာတွေက လွှတ်တော်စတင်ခါနီးတစ်ပတ်အလိုအထိ အသုံးစရိတ်စာရင်းအသေးစိတ်ကို တင်ပြခြင်း မရှိတဲ့အတွက် ပြည်သူ့ငွေစာရင်းကော်မတီကနေ ယေဘုယျဆန်တဲ့ စာရင်းတွေကိုသာ တွက်ချက်ခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခန့်မှန်းဘတ်ဂျက်မှာတော့ ပြည်သူ့ငွေစာရင်း ကော်မတီက စီမံကိန်းတွေကို စစ်ဆေးပြီး ကျပ် ၁့  ၄ ဘီလျံအထိ အစိုးရရဲ့အသုံးစရိတ်ကို စိစစ်လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဦးမိုးမြင့်က ‘ဒီအဆိုသာ အောင်ခဲ့မယ်ဆိုရင်တော့ ပြည်သူအတွက် ဘီလျံ ပေါင်းများစွာ ထပ်ပြီးတော့ ပြည်သူ့ငွေစာရင်းက လျှော့ချနိုင်ခဲ့ရင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အစားထိုးလုပ်နိုင်တဲ့အတွက် ပြည်သူတွေအတွက်ကိုရော ဒေသန္တရဖွံ့ ဖြိုးမှုတွေကို ကိုယ်စားလှယ်တွေက တတ်စွမ်းသလောက် လုပ်နိုင်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေရဲ့အသုံးစရိတ်အသေးစိတ်စာရင်းတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလွှတ်တော်အစည်းအဝေးမတင်မီအနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင် ပေးပို့ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။

ဌာနဆိုင်ရာတွေကလည်း လုပ်ငန်းတစ်ခုချင်းစီအလိုက် ကြိုတင်လေ့လာလျာထားတွက်ချက်မှုတွေရှိသလို တချို့လုပ် ငန်းတွေကိုတော့ လုပ်ငန်းဆောင်ရွက်ဖြစ် ဖို့ စတိအနေနဲ့ ထည့်သွင်းခြင်းတွေလည်း ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်မှာ ပြန်လည်ဖြေကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာများရဲ့ အသုံးစရိတ်တွေကို အသေးစိတ် (detailed estimate) နဲ့ drawing တွေစစ်ဆေးဖို့ ပြည်သူ့ငွေ စာရင်းကော်မတီကို အချိန်မီတင်ပြရေး အဆိုကို တောင်ဥက္ကလာပမဲဆန္ဒနယ် အမှတ်(၂)မှ ဦးမိုးမြင့်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

သည်အဆိုကို စမ်းချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ထောက်ခံခဲ့တာကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့ ကျင်းပမယ့် အစည်းအဝေးမှာ ဆွေးနွေးဖို့ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ပါ တယ်။

Author /  အေးအေးအောင်