တနိုင်းက ထောင်နဲ့ချီတဲ့ဘဝတွေ တစ်ပတ်တာအတွင်း စစ်ဘေးဒုက္ခသည်တွေဖြစ်သွား

တနိုင်း၊ ဇွန် ၁၄ – တစ်ချိန်ကစိမ်းညို့ညို့တောင်တန်းတွေနဲ့အနားသတ်ထားတဲ့ အဖြူရောင်တိမ်တိုက်တွေလို မြူခိုးတွေနဲ့ဟူးကောင်လွင်ပြင်ဒေသက ဌာနေပြည် သူတွေအတွက်လွန်ခဲ့တဲ့ ၁၀ ရက်လောက်က မိုးပေါ်ကကျလာတဲ့ စာလွှာကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။
အဲသည်စာလွှာက ဌာနေပြည်သူတွေကို သူတို့ရဲ့ဌာနကနေမဖြစ်မနေထွက်သွား လို့ ရာဇသံပေးထားလို့ပါ။သည်ဒေသမှာ အစဉ်အဆက်ကြီးပြင်းလာသူတွေအဖို့ တခြားနေရာမှာ ပြောင်းရွှေ့ရရင်အစကနေ ပြန်စရတော့မှာမို့ ဆောက်တည်ရာမရဖြစ်စေခဲ့ ပါတယ်။
အဲသည်အထဲမှာ နန်ခမ်ကျေးရွာသား ကိုစတင်ဗင်နော်ရိမ်း(နော်ရိမ်း)လည်း ပါဝင်ပါတယ်။ဇွန်လဆန်းပိုင်းက ကိုနော်ရိမ်းတစ်ယောက် သူတို့ရွာရဲ့ကောင်းကင်ယံမှာ ဟက်စကီးတစ်စင်းပျံသန်းသွားတာကိုကြည့်ရင်း သူတို့ ရွာနားမှာ မြန်မာ့ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်တော့မယ်လို့တွေးထင်နေခဲ့တာပါ။ သူတို့ တစ်ရွာလုံးက ပြည်သူတွေလည်းစိုးရိမ်နေကြပါတယ်။
ဒါပေမဲ့ ဇွန်လ၅ရက်နေ့မှာ သူတို့ ရွာရဲ့ကောင်းကင်ယံမှာ ဟတ်စကီး တစ်စီး ဟာ နောက်တစ်ကြိမ်ပျံသန်းလာပြန်ပါတယ်။
ကိုနော်ရိမ်းက ပထမတစ် ကြိမ်လေယာဉ်ပျံလာတာကို ကြည့်ရင် ကျွန်တော်တို့ ရွာနားမှာတိုက်ပွဲဖြစ်တယ်၊ လေယာဉ်ပျံလာပြီးအလွန်ဆုံးကြာ တစ်ပတ်ပဲ၊ အနှေးနဲ့အ မြန်ပဲကွာသွားတာ၊ ဒုတိယအကြိမ်လာတော့စာကြဲပြီး ကျွန်တော် တို့ကို နှင်လိုက်တာလို့ ပြောပါတယ်။
တနိုင်းမြို့နယ်အတွင်းမှာ တူးဖော်လုပ်ကိုင်နေကြတဲ့ ရွှေနဲ့ပယင်းမှော်တွေအကုန် လုံးဟာတရားမဝင်တဲ့ မှော်တွေဖြစ်တဲ့အတွက် ရွှေနဲ့ပယင်းတူးဖော်တာတွေဟာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကိုထိခိုက်တာကြောင့် တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုတဲ့စာပါ။
အဲသည်စာထဲမှာ တနိုင်းမြို့နယ်အတွင်း ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်းကုန်းမှော်နဲ့ နမ့်ကွမ်းမှော်တွေပါဝင်ပါတယ်။ အဲသည်နေရာတွေမှာ နေထိုင်သူတွေအနေနဲ့ ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ညွန်ကြားထားပါတယ်။ မထွက်ခွာဘဲနေရင် ကေအိုင်အေနဲ့ပူးပေါင်း နေသူတွေအဖြစ်သတ်မှတ်မယ်လို့ ရေးသားထားပါတယ်။

အိမ်စွန့်၊ ယာစွန့်

နန်ခမ်ရွာဟာ နန်ဗြူမှော်ထဲမှာပါဝင်နေတာကြောင့် ကိုနော်ရိမ်း လည်းသူ့ရဲ့အိမ်ခြံမြေတွေ၊ ယာတွေကို စွန့်လွှတ်ရတော့မယ့်အလားအလာ ရှိနေပါတယ်။
၁၉၈၀ ပြည့်နှစ်လောက်က မြန်မာတပ်မတော်နဲ့ ကေအိုင်အေတို့နှစ်ဖက် တပ်တွေအနေနဲ့ နန်ခမ်ရွာကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ကတိစာချုပ်ရေးထိုးခဲ့ဖူးတယ်လို့ တနိုင်းဒေသက ဘာသာရေးခေါင်း ဆောင်တွေက ဆိုကြပါတယ်။
အဲသည်လို ကတိကဝတ်တွေရှိထားခဲ့လို့ နန်ခမ်ရွာသားတွေအနေနဲ့ ပြောင်းရွှေ့ ဖို့ စိတ်မကူးသေးပါဘူး။စာရရှိပြီးနောက်ပိုင်းမှာ သူပြောကိုယ်ပြောနဲ့ ကြားရတဲ့သတင်းကတော့ နန်ခမ်ရွာ တစ်ရွာလုံးကိုတုန်လှုပ်သွားစေပါတယ်။
ကိုနော်ရိမ်းက စာထဲမှာတော့ ကျွန်တော်တို့ရွာကပါနေတာပေါ့၊ ဘာမှမဖြစ်လောက်ဘူးဆိုပြီးတော့ ဆက်နေနေကြတယ်၊ နောက်ပိုင်းဆက်နေ တဲ့လူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေရှိမယ်လို့ ကြားရတော့ စိတ်ဓာတ်တော်တော် လေးကျသွားတယ်လို့ ညည်းပါတယ်။
နန်ခမ်ရွာမှာ ဌာနေရွာသား ၅၀ဝ၀ လောက်ရှိပါတယ်။ အဲသည်ရွာပတ်ဝန်း ကျင်မှာလာရောက်ပြီး ပယင်းတူးတာ၊ ရွှေတူးတာလုပ်ကိုင်နေသူတွေပါ ရေတွက်မယ်ဆိုရင်တော့ လူဦးရေ ၁၅၀,ဝ၀ဝ နီးပါးရှိတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေက ခန့်မှန်းထားပါတယ်။
ပြောင်းရွှေ့ဖို့ လေယာဉ်ပေါ်က ညွှန်ကြားစာ နန်ခမ်ရွာသားတွေအပါအဝင် တနိုင်းမြို့နယ်ထဲက မှော်အသီးသီးရှိရာကျေးရွာတွေကထောင်နဲ့ချီတဲ့ ပြည်သူတွေဟာတနိုင်းမြို့ကို ပြောင်းရွှေ့ဖို့ကြိုးစားပါတော့တယ်။
ကိုနော်ရိမ်းဟာ တောင်ယာခုတ်တာ၊ လယ်ယာစိုက်တာ၊ ကုန်စုံရောင်းတာတွေကို လုပ်ကိုင်နေသူ တစ်ယောကဖြစ်ပါတယ်။
နန်ခမ်ရွာသားတွေအလုံးအရင်းနဲ့ ထွက်လာချိန်မှာ လမ်းတစ်လျှောက်မှာ တပ်မတော်၊ ပြည်သူ့စစ်တွေက စစ်ဆေးရေးဂိတ်တွေဖွင့်ထားပြီး အလီလီစစ်ဆေးပါတယ်။
‘အရင်ဆုံးသွားတဲ့လူတွေက တော်တော်လေးစစ်ဆေးခံရတယ်၊ ဖုန်းတွေဘာတွေတောင်အစစ်ခံရတာလို့ ကိုနော်ရိမ်းက ပြောပါတယ်။

ဘယ်လိုကယ်ထုတ်နေလဲ
တနိုင်းမြို့ပေါ်က ဘာသာရေးခေါင်းဆောင်တွေကလည်းအရေးပေါ်ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ကယ်ဆယ်ရေးကော်မတီဖွဲ့စည်းပြီး စက်လှေ၊ ကားစတာတွေနဲ့ ကယ်ထုတ်ဖို့လုပ်ဆောင်ကြပါတယ်။ကချင်နှစ်ခြင်း အသင်းတော်က သင်းအုပ်ဆရာ ဦးဒါ့ဘန်ဂျယ်ဒီက အစက တနိုင်းချောင်းကို ပိတ်ထားတယ်၊ ကျွန်တော်တို့က အသင်းတော်က လူတွေကိုကယ်ဖို့ အုပ်ချုပ်ရေးမှူးရုံးကိုသွားညှိတယ်၊ ခွင့်ပြုတော့ ၁၂ စီးနဲ့  သွားကြိုတယ်၊ နောက်နေ့ကတော့ လမ်းပိတ်ထားလိုက်တယ်၊ ကျွန်တော်တို့ ကယ်ဆယ်ရေး သမားတွေလဲသွားလို့မရတော့ဘူးလို့ ပြောပါတယ်။
သူကဆက်ပြီး ကျွန်တော်တို့က တနိုင်းချောင်းအောက်ကို ဆင်းသွားလိုက်တယ်၊ လိုင်ဖန်ကျေးရွာမှာ ကားနှစ်စီးနဲ့စောင့်တယ်၊ အဲဒီမှာကမ်းကပ်ပြီးတော့ ကားနဲ့သွားလို့ရသလောက်သွားကြတယ်၊ ပါဆင်ချာကားတွေနဲ့သွားကြတယ်၊ နာရေးကားတွေနဲ့ သွားကြတယ်လို့ ပြောပါတယ်။
လတ်တလောမှာတော့ ကိုနော် ရမ်းအပါအဝင် ရွှေနဲ့ပယင်းမှော်တွေရှိရာက ဒေသခံပြည်သူတွေဟာ တနိုင်းမြို့ပေါ်ကဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေကြရတယ်။
ရွှေ့ပြောင်းလာကြတဲ့ ပြည်သူတွေအတွက် တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ဆန်တစ်အိတ်၊ ဆီတစ်ပုံးလာရောက်လှူဒါန်းတာရှိပါတယ်။ ပယင်းတူးဖော်ရေး ကုမ္မဏီတစ်ခုဖြစ်တဲ့ Season Star က ဆန်အိတ် ၂၀၊ ရေသန့်ဘူးကြီး ဖာ ၃၀၊ တနိုင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဆန် ၁၀ အိတ်၊ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂) ကိုယ်စားလှယ် ဦးဇော်ဝင်းက ဆန်လေးအိတ် စသဖြင့်ဘာသာရေးခေါင်းဆောင်တွေကို လာလှူကြပါတယ်။
ကျွန်တော်တို့ အသင်းတော်ကရတဲ့ အလှူပစ္စည်းတွေအပြင် အသင်းတော်ရဲ့ ဘတ်ဂျက်လေးသိန်းလောက်ကို တစ်နေ့စာအတွက် သုံးနေရတယ်၊ ဘယ်နှရက်ချက်ကျွေး နိုင်မလဲတော့ မပြောတတ်သေးဘူး၊ အသင်းတော် မှာလူမဆံ့လို့ အဆောင်တစ်ဆောင် ထပ်ဆောက်နေတယ်၊ ဘယ်လောက်များလာနိုင်မလဲ မပြောတတ်သေးဘူး၊ ကူညီတဲ့ လူတွေလာရင်တော့ ကျွန်တော်တို့ဆက်ကျွေးနိုင် မှာပေါ့၊ ကျွန်တော်တို့ အနေနဲ့က တစ်လနှစ်လထက် တော့ပိုမယ်မထင်ပါ ဘူးလို့ ဆရာဦးဒါ့ဘန်ဂျယ်ဒီက ပြောပါတယ်။
ပထမကလိုင်ဖန်နဲ့ ၁၀ မိုင် လောက်ဝေးတဲ့ လီဒိုလမ်းထွက်တဲ့ နေရာမှာပိတ်ထားတယ်။ နောက်ပိုင်းတော့ မှော်တွေကထွက်ခွာလာ ကြသူတွေအတွက် လမ်းတစ်လမ်းသာဖွင့်ပေးထားတယ်လို့ဆိုပါတယ်။
တနိုင်းမြို့ကိုမရောက်ခင် လမုံစခန်းမှာ တပ်မတော်၊ လူဝင်မှုကြီး ကြပ်ရေးဌာနတွေက တာဝန်ရှိသူတွေဟာ စစ်ဆေးရေးဂိတ်တွေဖွင့် ပြီး စစ်ဆေးပါတယ်။ အဲသည်နောက် လိုင်ဖန်ကျေးရွာမှာရှိတဲ့ဘုန်းကြီး ကျောင်းမှာ ခေတ္တ (တစ်ရက်)ထားတယ်လို့ သိရပါတယ်။ နောက်နေ့ မှာတော့ အစိုးရကကယ်ဆယ်ရေးကားတွေနဲ့ကောင်ရာကျေးရွာမှာ တည်ဆောက်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကိုတစ်ဆင့်ပြန်ပို့ပြီး နောက် မိုးကောင်းမြို့ကိုဆက်လက် ပို့ဆောင်တယ်လို့ သိရပါတယ်။
‘မြစ်ကြီးနားတို့၊ ဝိုင်းမော်တို့လိုမျိုး IDPs တွေမဖြစ်စေချင်လို့ကယ် ဆယ်ရေးစခန်းတွေကို မဖွင့်စေချင်ဘူး၊ ဘုရားကျောင်းတွေမှာတော့ ခိုလှုံလို့ရပါတယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။

ပြောင်းကြ၊ ရွှေ့ကြ
မှော်လုပ်သားတွေထဲက မိုးကောင်း၊ မြစ်ကြီးနားပြန်မယ့်သူတွေ အတွက် ကားစီစဉ်ပေးတာ၊ အခြားဒေသတွေကို ပြန်မယ့်သူတွေအ တွက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရညှိနှိုင်းပြီးနမ္မတီး၊ မိုး ကောင်းဘူတာတွေမှာ ရထားစီစဉ်ပေးဖို့ကို ကချင်ပြည်နယ်အစိုးရ က ညွှန်ကြားတာတွေရှိတယ်လို့သိရပါတယ်။မှော်လုပ်သားတွေကတော့ အစိုးရကယ်ဆယ်ရေးကားတွေနဲ့ မိုးကောင်းမြို့၊ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့သွားကြပါတယ်။
ဘာသာရေးခေါင်းဆောင်တွေကတော့ ဒေသခံပြည်သူတွေကိုအ သင်းတော်မှာပဲထားရှိလိုတယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ညှိနှိုင်းထား ပါတယ်။ ဘာသာရေးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေဖွင့် ထားပါတယ်။ လက်ရှိမှာတော့ တနိုင်းမြို့ပေါ်ရှိဘာသာရေးကျောင်း ဆောင်တွေမှာ လူ ၈၀ဝ နီးပါးရှိပါတယ်။
ရိုမန်ကက်သလစ်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ကယ်ဆယ်ရေး စခန်းတာဝန်ခံ ဦးတူးဂျာက ဒေသခံတွေနေရပ်ပြန်ရေးကိစ္စကိုပြော တော့သူတို့ဘာမှပြန်မပြောဘူး၊ ဒီမှာ IDPs ကမ့်ဖြစ်လို့မဖြစ်ဘူးဘဲ ကျွန် တော်တို့နဲ့တွေ့တော့ ပြောတယ်၊ စခန်းမဖွင့်စေချင်ဘူး၊ သူတို့တာဝန် မယူချင်တာလားမသိဘူးလို့ ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့၊ ၁၄ ရက်နေ့တွေမှာ တနိုင်းမြို့ပေါ်ကဘာသာ ရေးခေါင်းဆောင်တွေနဲ့ တွေ့ချိန်မှာတော့ အသင်းတော်မှာ ခိုလှုံနေကြတဲ့ ဒေသခံပြည်သူတွေကို တနိုင်းမြို့နဲ့ ၁၃ မိုင်အကွာမှာ ရှိတဲ့ကောင်ရာကျေးရွာကို ပို့ဆောင်ဖို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားတာတွေရှိတယ်လို့ သိရပါတယ်။
တနိုင်းဒေသမှာ ဇွန်လ ၃ ရက်နေ့ကစပြီး တပ်မတော်နဲ့ကေအိုင် အေတို့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ဒေသခံတွေနေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေး မှူးရုံးကိုမေးမြန်းလို့ မရသေးပါဘူး။
ကိုနော်ရိမ်းက ကျွန်တော်တို့နေရပ်ပြန်ရေးကိစ္စကိုတောင်းဆိုဖို့နေနေ သာသာ၊ ဒီကိုလာတဲ့လမ်းမှာတောင် အပိတ်ခံထားရတယ်၊ အခြေ အနေ ပြန်ငြိမ်လာမယ်လို့တော့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။

Author – ချမ်းသာ