တပ်မတော်နဲ့ ကေအိုင်အေ တပ်မဟာလေးခုကြား တပြိုင်တည်းတိုက်ပွဲဖြစ်နေ

 ရန်ကုန်၊ ဇန်န၀ါရီ ၁၀ – သည်ကနေ့ မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ အကြား KIAတပ်မဟာလေးခုမှာ တပြိုင်တည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ KIAမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။ KIA တပ်မဟာ ၂ ဒေသ တနိုင်းမြို့ နယ်နဲ့ တပ်မဟာ ၅ဒေသ ၀ိုင်းမော်မြို့ နယ်တွေမှာ ဇန်န၀ါရီလ ၈ ရက်နေ့ ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

သည်ကနေ့ မှာတော့ အဲသည်တပ်ရင်းနှစ်ခုအပြင် မူဆယ်၊ကွက်ခိုင်စတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIAရဲ့ တပ်မဟာ ၅၊ တပ်မဟာ ၆ စတဲ့ တပ်မဟာ တပ်ရင်းတွေနဲ့ ပါ ဖြစ်ပွားလာတာဖြစ်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်”တပ်မဟာ ၂၊၄၊၅၊၆ အဲဒီဘက်မှာ ဖြစ်နေတာ။၈ ရက်နေ့ အထိတိုက်နေတာ။ ၉ရက်နေ့ ကတော့ တိုက်ပွဲပုံစံမျိုးတော့ မဟုတ်ဘူးထင်တယ်။ ၀ိုင်းမော်မြို့ နယ်၊ တနိုင်းမြို့နယ် တွေမှာ ဖြစ်တယ်။

နောက် မူဆယ်၊ကွတ်ခိုင်ဘက်နယ်စပ်တကြောမှာလည်း ဖြစ်နေတာ။ အခုဖြစ်နေတဲ့နေရာက သတင်းတွေက တက်မလာသေးဘူး။သူတို့  ပို့ လာတဲ့ အချိန်မှ သိရတာ။

အစိုးရတပ်ဘက်က အရပ်လေးမျက်နှာလုံး ပစ်နေတာ။” လို့ ဦးဒေါင်ခါးက ပြောပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း ကစပြီး ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ KIA တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ အပြင်းအထန်ဖြစ်ပွားလာခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ ကလည်း ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ အရေးပါတဲ့ ရှေ့ တန်းစစ်စခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်စခန်းကိုလည်း မြေပြင်ထိုးစစ်တွေနဲ့  လေကြောင်းအပစ်ကူတွေရယူပြီး တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့ က စပြီး တပ်မတော်က ကချင်ပြည်နယ် ၀ိုင်းမော်မြို့ နယ်အတွင်းရှိ KIAရဲ့  လိုင်ဖောင်စခန်းကို စတင်တိုက်ခိုက်ခဲ့ပါတယ်။

၂၀၁၆ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့  နံနက်ပိုင်းမှာ လေကြောင်း၊ ခြေလျင်၊ အမြောက်နဲ့  တင့်ကားလက်နက်ကြီး ပစ်ကူရယူပြီး တိုက်ခိုက်ရာလိုင်ဖောင်စခန်းအပါအ၀င် စခန်းငယ် ၆ခုကိုသိမ်းပိုက်ရှိခဲ့တယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့  လိုင်ဖောင်စခန်းအနီးမှာ တပ်မတော်နဲ့ KIAတို့ အကြားဖြစ်ပွားနေစဉ်က တိုက်ပွဲတွေက လက်နက်ကြီးကျည်တွေဟာ လိုင်ဖောင်စခန်း အနီးနား မှာရှိတဲ့ ဇိုင်းအောင်၊ မဂါ့ယန်စတဲ့ စစ်ဘေးရှောင်စခန်း အနီးကို ကျရောက်မှုတွေရှိနေတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ တရုတ်-မြန်မာနယ်စပ် ကားလမ်းဘေးတစ်လျှောက် ပုန်းခိုနေကြရပါတယ်။

လတ်ရှိအချိန်မှာလည်း ဇိုင်းအောင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းက စစ်ဘေးရှောင်သူ လူဦးရေ ၂၆၉၀ ကျော်နဲ့  မဂ့ါယန်စခန်းက စစ်ရှောင်သူ ဦးရေ ၂၆၀၀ ကျော်ဟာ တရုတ်-မြန်မာနယ်စပ် ကားလမ်းဘေးတစ်လျှောက်မှာပဲ နေထိုင်နေကြရဆဲဖြစ်ပြီး စစ်ရှောင်စခန်းကို ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်”ဒုက္ခသည်စခန်းတွေနားမှာလည်း လက်နက်ကြီးကျလို နှစ်ခါပြန်ပြေးရတဲ့ ဒုက္ခသည်တွေလည်းရှိတယ်။

ဒီဘက်မှာက တိုက်ပွဲတွေ နေ့ တိုင်းလိုလိုရှိနေတာပါ။ လေယာဉ်တွေလည်း သွားနေရတာမြင်နေရတယ်။ အသေးစိတ်အချက်အလက်တွေတော့ မသိရဘူး” လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မှ ဦးဆန်းအောင်က ပြောပါတယ်။ သည်ကနေ့ မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာ မတွေ့ ရသေးပါဘူး။

တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးကြီးအောင်ရဲဝင်းကို ဆက်သွယ်မေးမြန်းရာမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

Author ချမ်းသာ