ကျောင်းလွယ်အိတ်ထက် လေးလံတဲ့ မိဘတွေရဲ့ ဖိအားများ

ကလေးဖြစ်ချင်တာကို ဂရုမစိုက်ဘဲ အတန်းထဲမှာ နံပါတ်တစ်ဖြစ်ဖို့ အဓိကထားနေရတဲ့အဖြစ်တွေက ကလေးတွေအပေါ် ဖိအားပိုတိုးစေတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၈ – ငါးတန်းကျောင်းသူ ဆုရတီငယ်စကတည်းက စိတ်ထဲမှာစွဲနေတာကတော့ အတန်းထဲမှာ ပထမရဖို့ပါပဲ။ သူငယ်ချင်းတွေနဲ့ အမြဲတမ်း ယှဉ်ပြိုင်နေရတော့  စိတ်ထဲမှာမွန်းကြပ်နေပါတယ်။ သူ ဟာ ဆော့ကစားချင်စိတ်တွေ ကင်းမဲ့နေတဲ့ ကလေးတစ်ယောက်ပါ။

မိခင်ဖြစ်သူ အမြဲပြောတတ်တဲ့ “နင့်ကိုတစ်ယောက်တည်း အခက်အခဲကြားက မွေးထားရတာ နင်တော်မှရမယ်”ဆိုတဲ့ စကားသံတွေက သူ့ကိုခြောက်လန့်နေပါ တယ်။

‘အဆင့်ကျရင် အမေက ပြောနေကျ စကားတွေနဲ့ အခန်းပိတ်ပြီးတော့ ရိုက်တယ်၊ အဲဒီအချိန်မှာ မနေချင်ဘူး၊ သေသွားရင် ကောင်းမယ်လို့ တောင် တွေးမိတယ်”လို့ ညှိုးငယ်နေတဲ့ မျက်နှာလေးနဲ့ ဆုရတီက ရင်ဖွင့်ပါတယ်။
သားသမီးပညာရေးမှာ မိဘတွေ ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ ရလဒ်ဟာသားသမီးတွေအပေါ် တိုက်ရိုက် ဖိအားပေးခံရ ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တဲ့ ကလေးတွေရှိလာပါတယ် ။

တိတိကျကျ မှတ်တမ်းတင်မထားပေမဲ့သည်လ ၂ရက်နေ့က မြိတ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ၁၂နှစ်အရွယ် ခြောက် တန်းကျောင်းသားတစ်ဦးဟာ စာမေးပွဲ ကျတယ်ဆိုပြီး သူငယ်ချင်းရဲ့ စနောက်မှု ကြောင့် မိခင်က ဆူပူရိုက်နှက်မှာ စိုးရိမ်ပြီး နိုင်လွန်ကြိုးနဲ့ ကြိုးဆွဲချ သတ်သေခဲ့ပါတယ်။

၂၀၁၆ခုနှစ်အတွင်းမှာ ရန်ကုန်မြို့က မိန်းကလေးငယ်တစ်ဦး ၁၀တန်းအောင် စာရင်းထွက်တဲ့နေ့မှာ ဂုဏ်ထူးမပါလို့ တိုက်ပေါ်က ခုန်ချတာ၊ မကွေးတိုင်းမှာ ရှစ် တန်းကျောင်းသားတစ်ဦး စာမလိုက်နိုင် တော့တဲ့ အကြောင်း စာရေးခဲ့ပြီး ရေထဲခုန် ချခဲ့တာတွေရဲ့ နောက်ကွယ်မှာ မိဘတွေက ကလေးငယ်တွေရဲ့ အမှတ်ရလဒ် အပေါ် မတန်တဆဖိအားပေးမှုတွေ ပါဝင်ပါ တယ်။

နှစ်ဆန်းပိုင်းမှာပဲ အပြာရောင် ဘောလုံးအင်္ကျီဝတ်ထားပြီး ကြိုးဆွဲချသေဆုံး နေတဲ့ မြိတ်မြို့က ကျောင်းသားလေးရဲ့ ပုံဟာ  သားသမီးအပေါ် ရည်မှန်းချက်ကြီးလွန်းတဲ့ မိဘတွေကို အချက်ပေးလိုက်တဲ့ သတိပေး ခေါင်းလောင်းသံဖြစ်ပါတယ်။

အသက် ၁၃နှစ်အရွယ် ခုနစ်တန်းကျောင်းသား မောင်ကိုကိုဇော်ကအခန်းထဲမှာ အမြဲတမ်း အေအဆင့်ဝင်နေသူပါ။ ဒါပေမဲ့ ဆရာဝန်ဖြစ်ဖို့ မိခင်ဖြစ်သူက အမြဲ ဖိအားပေး စာကျက်ခိုင်းတဲ့ ဒဏ်ကို မခံစားနိုင်တော့တာကြောင့် အိမ်ကနေ ထွက်ပြေးဖို့ ခဏခဏ ကြံစည်ဖူးတယ်လို့ ရင်ဖွင့်ပါတယ်။

သူသိတတ်စအရွယ်ကတည်းက နွေရာသီကျောင်းပိတ်ရက်ဆိုတာကို အပြည့် အဝမခံစားရဘဲ နောက်နှစ်တက်ရမယ့် အတန်းအတွက် စာကို ကြိုတင်သင်ယူနေ ရတာက သူ့ကိုဖိစီးမှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။
မောင်ကိုကိုဇော်က “သားကြီးလာရင် ဘောလုံးသမားဖြစ်ချင်တာလေ၊ ခုတော့ ဘောလုံးဆိုတာ သူများကန်တာကိုပဲ ငေးကြည့်နေတယ်၊ ကိုယ်တိုင်မဆော့ရတာ ကြာပြီ”လို့ ပြောပါတယ်။

ပညာရေးလား၊ ဂုဏ်လား

အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံက မိဘတွေရဲ့ တစ်ခုတည်းသော ထွက်ပေါက်ကတော့ ပညာရေးပါပဲ။ သားသမီးတွေ အမှတ်ကောင်းကောင်းနဲ့ အောင်မှ အလုပ် ကောင်းကောင်း ရမယ်။အလုပ်ကောင်း ကောင်းရမှ မဆင်းရဲမှာဆိုတဲ့ အတွေးအခေါ်တွေဟာ မြန်မာမိဘတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ရှိနေပါတယ်။

အောင်စာရင်းထွက်တဲ့ အချိန်မှာလည်း ဂုဏ်ထူးဘယ်နှခုနဲ့ အောင်တယ်။ အမှတ်ဘယ်လောက်ရတယ်။ ဘယ်တက္ကသိုလ်မှာတက်နေတယ်ဆိုတဲ့စကားတွေကလူမှုပတ်ဝန်းကျင်မှာ ကြွားဝါစရာဂုဏ်ယူစရာအဖြစ် ကြားနေရပါတယ်။

၁၀တန်းအောင်တဲ့အခါ ဂုဏ်ထူး ဘယ်နှစ်ခုနဲ့ အောင်တယ်ဆိုတာကို မိဘတွေကိုယ်တိုင် သတင်းစာထဲထည့်ပြီး ကိုယ့်သားသမီးကို ဂုဏ်ပြုကြသလို အသိုင်းအဝိုင်းတွေကိုလည်း ချပြတတ်ပါ တယ်။
မြန်မာနိုင်ငံမှာ ဆရာဝန်နဲ့  အင်ဂျင်နီ ယာဘွဲ့ ရရှိသူတွေအတွက်သာ အလုပ်အကိုင်က အဆင်သင့်ရှိတာကြောင့် မိဘတွေက သားသမီးတွေကို အမှတ်ကောင်း ကောင်းရအောင် ဖိအားပေးနေရတာလို့ မိဘတချို့က ဆိုပါတယ်။

ကျောက်ဆည်နည်းပညာတက္ကသိုလ်က ဒေါက်တာ ဇော်မျိုးလှိုင်က မိဘတွေရဲ့ ခံယူချက်ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ပညာသင်ပေးတယ်ဆိုတာ အကုန်လုံးအင်ဂျင်နီယာဖြစ်ဖို့ ဆရာဝန်ဖြစ်ဖို့ အမှတ် ကောင်းဖို့မလိုဘူး။ ဒါကြောင့်ကလေးတွေ ဖိအားမပေးသင့်ဘူးလို့ ဆိုပါတယ်။

သူက’ကလေးတွေရဲ့ ပင်ကိုဝါသနာ ကို ဂရုမစိုက်ဘဲ အတန်းထဲမှာ နံပါတ်တစ်ရရေးကို အဓိက ထားနေရတာအံ့ချော် နေ တာ ပဲ၊ ကလေးရဲ့ ဝါသနာက ဘာလဲဆို တာ သိပြီးငယ်စဉ်ထဲက မြေတောင် မြှောက် ပေးရမယ်˘လို့  ပြောပါတယ်။

သည်လိုအမှတ်ကောင်းကောင်းနဲ့ အောင်မှသာ အဆင့်တန်းမြင့်မြင့် နေနိုင်မယ်ဆိုတဲ့ အတွေးမျိုးတွေက အထက်တန်းလွှာပညာတတ် ၊ ချမ်းသာတဲ့ အသိုင်း အဝိုင်းတွေမှာရော လူလတ်တန်းစားတွေမှာ ပိုပြီးပြင်းထန်ပါတယ်။

ရန်ကုန်မြို့ နာမည်ကြီး အထက်တန်း ကျောင်းတွေရဲ့ အရှေ့မှာ မိဘတွေက ကားအကောင်းစားတွေနဲ့ သားသမီးတွေကို အပြိုင်အဆိုင်လာကြိုတာ၊ နာမည်ကြီးဂိုက် ဆရာ၊ ဆရာမတွေကို အသုံးပြုပြီး အိမ်တွေမှာ ခေါ်သင်တာ၊ သားသမီး အမှတ်ကောင်းကောင်းရဖို့ သင်ကြားပေးတဲ့ ဆရာဆရာမတွေကို လက်ဆောင်ပေးတာတွေ ပြုလုပ်လေ့ရှိပါတယ်။

၁၀တန်းအောင်စာရင်း တရားဝင်မထွက်သေးတဲ့ အချိန်မှာလည်း အမှတ်စာရင်းတွေ ကြိုသိအောင် ဂုဏ်ထူးရဖို့ ငွေနဲ့ လိုက်တာတွေအထိရှိခဲ့ပါတယ်။ မှန်းထား သ လောက် ဂုဏ်ထူးမထွက်ခဲ့ရင် ကလေးတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာကတော့ ထုံးစံတစ်ခုလို ဖြစ်နေပါတယ်။

ပြင်စရာများစွာ

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ စာမေးပွဲဖြေဆိုရတာရဲ့ ဖိအားတွေကြောင့် ကျောင်းနေအရွယ် ကလေးတွေအပေါ် စိတ်အနှောက်အယှက် ဖြစ်ရာကနေ အန္တရာယ်တွေ ကျရောက်တဲ့အထိ ဖြစ်လာတဲ့အတွက် စာမေးပွဲစနစ်ကိုပြောင်းဖို့ လိုအပ် နေပြီလို့ ပညာရှင်အချို့က သုံးသပ်ကြတယ်။

လက်ရှိစနစ်မှာ ကေဂျီတန်းတွေကနေ စပြောင်းနေပြီဖြစ်ပေမဲ့ ကျန်တဲ့အတန်းတွေရဲ့ ပညာရေးစနစ်သစ်တစ်ခု တည် ထောင်ပေးဖို့ လိုအပ်တယ်လို့ အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက်ကအတွင်းရေးမှူး ဒေါ်သူသူမာက ပြောပါတယ်။

နှစ်ပေါင်း ၅၀ကျော်ကြာအောင် ပျက်စီးခဲ့တဲ့ ပညာရေးကို အဟောင်းထဲကနေ ပြီး လိုက်ပြင်နေရတဲ့အတွက် အသစ်ကို မမြင်ရဘဲအတွင်းမှာလိုက်ဆက်နေရတဲ့အတွက် ကောင်းမွန်တဲ့ပညာရေး မဖြစ်လာနိုင်သေးဘူး။ အာဆီယံဒေသတွင်းက ပညာရေးတွေနဲ့ ယှဉ်ရင် ပြုပြင်စရာတွေ အများကြီးရှိနေတယ်လို့ ဒေါ်သူသူမာက ပြောပါတယ်။

ကထိက ဒေါက်တာဇော်မျိုးလှိုင်က ‘မိဘတွေက လောဘတကြီးနဲ့ တွန်းအားပေးတဲ့အခါ ကလေးတွေက အိမ်ကနေထွက်ပြေးတာတွေ၊ မိဘကို အရွဲ့တိုက်ပြီး ကလန်ကဆန် လုပ်လာတယ်၊ မိဘတွေရဲ့ ခံယူချက်ကို ပြောင်းလဲနိုင်မှ ကလေးတွေရဲ့ ခံစားနေ ရတဲ့ ဖိအားတွေ လျှော့နိုင်မှာ” လို့ ပြောပါတယ်။

ကျောင်းနေအရွယ်ကလေးအချို့ကို မေးမြန်းချက်တွေအရ လက်ရှိခံစားနေရတဲ့ ဖိအားဟာ မိဘကိုယ်တိုင် ကျောင်းစာကို ဖိအားပေးတာ၊ ဆရာမတွေက ဖိအားပေးတာ၊ ဆွေမျိုးအသိုင်းအဝန်းတွေရဲ့ ဖိအား၊ အခန်းဖော် သူငယ်ချင်းအချင်းချင်း ပြိုင်ဆိုင်ကြတဲ့ ဖိအားတွေကြောင့် ကိုယ်တိုင်အလိုမကျမှုတွေ ခံစားနေရတယ်လို့ ဖြေကြပါတယ်။

တက္ကသိုလ် ကောင်းကောင်း တက်ဖို့  အခြေခံပညာအဆင့် ကျောင်း အမှတ်တွေကလည်း အရေးကြီးတာ ကြောင့်  မိဘတွေက ကလေးဖြစ်ချင်တာကို ဂရုမစိုက်ဘဲ အ တန်း ထဲမှာ နံပါတ်တစ်ဖြစ်ဖို့အတွက်ကိုသာ   အဓိကထားနေတဲ့အဖြစ်တွေက ကလေးတွေအပေါ် ဖိအား ပိုတိုးစေတယ်လို့ ဆိုပါတယ်။

အသက်၁၃နှစ်အရွယ် ခုနစ်တန်း ကျောင်းသား မောင်မြင့်မြတ်ကိုဆိုရင် မိခင်က စာမလိုက်နိုင်တဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့ အထိ ကန့်သတ်ခံထားရပါတယ်။
အတန်းထဲမှာရှိတဲ့ စာတော်တဲ့ က လေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ခိုင်းတာတွေ၊ ကျောင်းစာတစ်ခုထဲကိုပဲ စိတ်ဝင် စားဖို့  အတင်းအကျပ် ဖိအားပေးတာတွေကြောင့် တစ်ခါတလေ မိဘနဲ့ဝေးရာကို ထွက်ပြေးဖို့အထိ ကြိုးစားခဲ့ဖူးတယ်လို့ ဆို ပါတယ်။
သူက’သားက တစ်ခါတလေ ဘော လုံးကန်တာလေးကို လမ်းထဲက သူငယ်ချင်းတွေနဲ့ဆော့ချင်တာပေါ့၊ အခုတော့ ကျောင်းကပြန်လာရင် စာကြည့်စားပွဲနဲ့ လူနဲ့ကို ကပ်ထားသလို နေနေရတယ်၊ စားလဲ ဒီနေရာမှာပဲ၊ ရေသောက်လဲ ဒီနေရာမှာပဲ၊ စိတ်ထွက်ပေါက်က မရှိတော့ဘူး၊ သူတို့ စိတ်နဲ့ အသက်ရှင်နေရတာ”လို့ ပြောပါတယ်။

အထက်တန်းစားတွေသာမက လူလတ်တန်းစားမိသားစုတွေ ဝန်ထမ်းမိသားစုတွေ အခြေခံလူတန်းစားတွေရဲ့ မိသားစု တွေမှာလည်း ပညာရေးနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။
၁၀တန်းအောင်မှ လူရာဝင်မယ်ဆိုတဲ့ အသိတွေကိုလည်း ကလေးတွေကို ရိုက်သွင်းထားပါတယ်။ ကလေးတွေက စာမလိုက်နိုင်တာကြောင့် အိမ်ကထွက်ပြေးတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းက ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းအတွင်းက ရှစ်တန်းအရွယ်ကျောင်းသူတွေ စာမလိုက်နိုင်လို့ မိဘတွေနဲ့ ဝေးတဲ့နေရာကို အုပ်စုလိုက် ထွက်ပြေးခဲ့ကြပါတယ်။ သူတို့တွေကို လူ ကောင်းတချို့တွေရဲ့ တွေ့ရှိကူညီမှုကြောင့် လူကုန်ကူးသူတွေရဲ့ လက်ထဲမရောက်ဘဲ လွတ်မြောက်ခဲ့ပါတယ်။

အောင်မြင်မှုဆိုတာ

လက်ရှိပညာရေးမှာ အဆင့်တစ်ရ တိုင်း ပြင်ပဘဝမှာ တကယ်အောင်မြင် တာမျိုးမဟုတ်ပါဘူး။ အတန်းထဲမှာ နံပါတ်တစ်ရတာဟာ ကျောင်းစာနဲ့ပဲဆိုင်တာပါ လို့ ပညာရေးနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်း လဲရေး လုပ်လိုသူတွေက ပြောပါတယ်။

ဒေါက်တာဇော်မျိုးလှိုင်က“ဘဝဆိုတာ စာတစ်ခုတည်းနဲ့ ဖြတ်သန်းသွားရတာ မဟုတ်ဘူး၊ မိဘတွေက နံပါတ်တစ်ရတိုင်း အတော်ဆုံးလို့ ထင်တယ်၊ အပြင်မှာ အား ကစားထူးချွန်သူတွေ ၊ ပန်းချီပညာထူးချွန်သူတွေ အခြားသော အသက်မွေးဝမ်းကြောင်း ထူးချွန်တဲ့သူတွေရှိတယ်”လို့ ပြောပါတယ်။

အမှတ်ပေးတဲ့ ယဉ်ကျေးမှုနဲ့ အချိန်အကြာကြီး ရင်းနှီးလာတဲ့အတွက် မိဘတွေက ပညာရေးနဲ့ ပတ်သက်ရင် အမှတ်ပဲ စဉ်းစားကြတယ်။ ကိုယ့်ကလေးကို မလိုအပ်ဘဲ အဆင့်တစ်ရဖို့ ဖိအားတွေပေးကြတယ်။အရင်ဦးဆုံး မိဘတွေကို အသိပညာပေးတာတွေ လုပ်ရမယ်။ အဲဒါမှ မိခင်နဲ့ကလေး ကြားမှာရှိတဲ့ ဖိအားတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ဒေါ်သူသူမာက ပြောပါ တယ်။

သူက’ကလေးတစ်ယောက်ရဲ့ လိုအပ် တာ၊ ဖြစ်ချင်တာကို သိရမယ်၊ စွမ်းရည်တွေ မြင့်အောင်၊ ပူးပေါင်းဆောင်ရွက်တတ် အောင်၊ ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ စွမ်းအားတွေရှိအောင် သင်ကြားပေးရမယ်၊ နံပါတ်တစ်ရဖို့ပဲ ကလေးတွေ ကို မပြုစုမပျိုးထောင်ရဘူးဆိုတာ မိဘတွေသိဖို့ လိုအပ်တယ်”လို့ ဆက်ပြောပါတယ်။

လက်ရှိပညာရေးစနစ်ကို အမှတ်နဲ့မပေးတော့ဘဲ ဂရိတ်တွေနဲ့ သတ်မှတ်လိုက်ပါတယ်။

ဂရိတ်တွေ သတ်မှတ်လိုက်တဲ့အတွက် အမှတ်(၁) (၂) မှတ်ရတဲ့အပေါ် အဆင့်တွေ သတ်မှတ်ထားတဲ့ ဝန်ထုပ်ဝန် ပိုးက လွတ်သွားပေမဲ့ မိဘတေ∑ရဲ့ ပညာရေး အယူအဆတွေကြောင့် ဂရိတ်မှာလည်း ပြိုင်ဆိုင်မှုတွေ လုပ်လာကြတယ်လို့ ပညာရေးလေ့လာသူအချို့က သုံးသပ်ပါ တယ်။

ဒေါ်သူသူမာက ‘အခုမှ ကျောင်းစ တက်တဲ့ ကလေးတွေကတော့ အမှတ်ဆို တာ ဘာမှန်းမသိဘူး၊ ဂရိတ်ပဲသူတို့သိတယ်၊ အရင်ပညာရေးစနစ်အဟောင်းနဲ့ ကြီးပြင်းလာတဲ့ လူတွေကတော့ အမှတ်ကို  အခုထိ သိချင်နေကြတုန်းပဲ၊ စာမေးပွဲကို ဗဟိုပြုတဲ့ စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

၂၀၁၆ ပညာသင်နှစ်ကစပြီး ဂရိတ်နဲ့ အမှတ်ပေးတာကိုစတင်ခဲ့တာဖြစ်ပါတယ်။

မိခင်ရဲ့ ခံစားမှု

ခုနစ်တန်းကျောင်းသူတစ်ဦးရဲ့ မိခင် ဖြစ်သူ ဒေါ်စန္ဒာကြည်က သူ့သမီးကို ကျူ ရှင်လည်းမထား ဂိုက်လည်းမထားဘဲ ကိုယ်တိုင်သင်ကြားပေးပါတယ်။ကလေးကိုလည်း ဘာဖြစ်ရမယ်ဆိုပြီး ဖိအားမပေးဘဲသူဝါသနာပါရာကို လုပ်ခွင့်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါ တယ်။

သူ သည်လိုဆုံးဖြတ်တာက ငယ်စဉ်က ဆရာဝန်ဖြစ်ရမယ်ဆိုပြီး မိဘတွေ့ ပုံသွင်းမှုကြောင့် ဆရာဝန်အမှတ်မမီဘူး လို့ သိရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် အိပ် ဆေး သောက်ပြီး သတ်သေဖို့ အထိ ကြိုးစားခဲ့ဖူးတယ်လို့ သူ့အတွေ့အကြုံကို ပြောပြတယ်။

သူက “ကလေးတွေကို လွတ်လပ်စွာ ဆုံးဖြတ်တတ်ဖို့ သင်ပေးတယ်၊ ဖိအား မ ပေးချင်ဘူး၊ စာမရတဲ့ ကလေးတွေ သတ်သေတယ်လို့ သတင်းကြားချိန်မှာ ကျွန်မ ခံစားရတယ်၊ သူငယ်ချင်းတွေက သူတို့ သားသမီးတွေကို တအားတင်းကျပ်ရင် ကျွန်မက သူတို့ကို ဖျောင်းဖျနားချရတယ်၊ စာတော်တိုင်း မအောင်မြင်နိုင်ဘူးဆိုတာ ဝါသနာပါတာလုပ်မှ အောင်မြင်တယ်ဆို တာ ခဏခဏရှင်းပြပေးနေရတယ်၊ သူတို့က သဘောမပေါက်ဘူး” လို့ ပြောပါတယ်။

အသက် နှစ်နှစ်အရွယ် သမီးလေးရဲ့ မိခင် မနန္ဒာကျော်ကလည်း ကလေးမဖြစ်ချင်တာ လုပ်ခိုင်းရင် မိဘနဲ့ သားသမီးကြား နား လည်မှုလွဲပြီး ပိုဝေးကွာသွားမှာ စိုးရိမ်လို့အဆင့်တစ်ရဖို့ပဲ ဖိအားမပေးဘဲ တကယ့် အပြင်လောကမှာ ကိုယ်ပိုင်အတွေးအခေါ် ကောင်းအောင် သင်ကြားပေးတယ် လို့ ဆိုပါတယ်။

သူက ‘တကယ့်ပတ်ဝန်းကျင်မှာ အ ဆင့် တစ်ရဖို့က မိဘနဲ့ ဆရာသမားတွေပေါ်မှာ မူတည်တယ်၊ အတွေးအခေါ်ကောင်းအောင်၊ အသိလိမ္မာတိုးအောင်၊ အသိလိမ္မာတိုးအောင် ပြင်ပစာပေတွေ ဖတ်ဖို့ အလေ့အကျင့်တွေ သင်ကြားပေး မယ်၊ သူ့အဖေ ဆရာဝန်ဖြစ်လို့ သမီးလေး ဆရာဝန်ဖြစ်ရမယ်လို့ မစဉ်းစားထားဘူး၊ သူ ဘာဝါသနာပါလဲဆိုတာကိုပဲ လေ့လာပြီး ဖေးမပေးမယ်”လို့ ဆက်ပြောတယ်။

မောင်ကိုကိုဇော်ရဲ့ မိခင်ဖြစ်သူကတော့ သားဖြစ်သူရဲ့ ကျောင်းစရိတ်၊ ကျူ ရှင်စရိတ်၊ ဖယ်ရီစရိတ်တွေအားလုံးပေါင်း ရင် တစ်နှစ်ကို ကျပ်သိန်း ၃၀ နီးပါး ကုန် ကျနေတယ်။ သားဖြစ်သူရဲ့ ကုန်ကျစရိတ် ကို ကျခံဖို့ သူ့အမျိုးသားက နေ့ခင်း ဆို ကုမဏီမှာ အလုပ်လုပ် ညဆို အပိုငွေရအောင်  အငှားယာဉ်မောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေရပါတယ်။

သည်လိုအချိန်တွေငွေတွေအများကြီး ရင်းနှီးထားရတဲ့အတွက်  ကလေးကို အမှတ်များများနဲ့အောင်ဖို့ ဘေးကတစ်ချိန် လုံး ထိန်းကျောင်းပေးနေရတယ်။ သည်လို ဖိအားတွေပေးနေရတာ ကလေးတွေ ကောင်းစားဖို့လုပ်နေတာဖြစ်တဲ့အတွက် ကလေးတွေအပေါ် တရားတယ်လို့ သူမြင် ကြောင်း ပြောပါတယ်။

ဆရာ၊ ဆရာမ အမြင်

ကျောင်းတွေမှာ ပညာသင်ကြားပေးတာဟာ ဆရာဝန် ဖြစ်ဖို့ချည်း သင်ကြား ပေးတာမဟုတ်ဘဲ သိသင့်သိထိုက်တဲ့ အတတ်ပညာတွေကို သင်ပေးဖို့ အရေး ကြီး တယ်လို့ ဆရာ ဆရာမတွေက ဆိုပါ တယ်။

ဒေါက်တာ ဇော်မျိုးလှိုင်က ‘တကယ်ဝါသနာမပါဘဲ မိဘတွေတက်ခိုင်းလို့ ရောက်လာတဲ့အခါ ပညာရေးမှာ မထူးချွန်တဲ့အပြင် အညံ့အပိုင်းကိုပါ ရောက်သွားတယ်၊ မှားယွင်းနေတဲ့ ပြဿနာကြောင့် တိုင်းပြည်ရဲ့ ထွက်လာသင့်တဲ့ ကောင်း ကောင်းမွန်မွန်တွေ မထွက်လာတော့ တိုင်း ပြည်အတွက်ဆုံးရှုံးတယ်၊ လူသားအရင်းအမြစ်ဆုံးရှုံးရတာက ပညာရေးစနစ်လွဲမှားတာကြောင့်ဖြစ်ရတယ်” လို့ ပြောပါ တယ်။

မိဘတွေက ကိုယ့်ရဲ့ ကလေး ပင်ကိုဉာဏ်ရည်ကို မသိဘဲ သား၊ သမီးတွေကို ကျောင်းကောင်းကောင်းတွေ ကျူ ရှင် ကောင်းကောင်းတွေ ထားပေးပြီး ကလေးတွေ အဆင့်ကောင်းကောင်း ရစေချင်ကြ တယ်။ အဲဒီလိုတွေ လုပ်ပေးတဲ့အတွက် မိဘတွေက တာဝန်ကျေနေပြီလို့ ယူဆထားကြတယ်လို့ ဆရာမအချို့ကို မေးမြန်းချက်တွေအရ သိရပါတယ်။

မူလတန်း ဆရာမ ဒေါ်နှောင်းဝါမိုးက ‘အခုစနစ်ကို မိဘတွေ ၊ ကျောင်းသားတွေ သဘောမကျကြဘူး၊ သူတို့က ဂရိတ် သတ်မှတ်ချက်နဲ့ ပေးတာက သူတို့အမှတ် ကို တိတိကျကျမသိရဘူးဆိုပြီး အမှတ်သိ ချင်တော့ ဆရာမနားကို ဟိုဟာလေးပေးပြီး ကပ်ကြတယ်။ အမှန်တော့ ဂရိတ်သတ်မှတ်ချက်ရဲ့အမှတ်က ကျောင်းသားနဲ့ မိဘ ကို ပေးသိခွင့်မရှိဘူး”လို့ ပြောပါတယ်။

အခုစနစ်သစ်အရ ဂရိတ်သတ်မှတ် ချက်တွေမှာ ဂရိတ် အဆိုရင် အမှတ် ၈၀ ကနေ ၁၀ဝ ကြား၊ အဆင့် ဘဆိုရင် ၆၀ က နေ ၇၉ ကြား၊ အဆင့် C ဆိုရင် ၄၀ ကနေ ၅၉ ကြား၊ ၄၀ အောက်ဆိုရင်တော့ အဆင့် D အကျဆိုပြီး သတ်မှတ်ပါတယ်။

မိဘနဲ့ သားသမီးကြား ရင်းနှီးပွင့်လင်းမှုမရှိတဲ့ဓလေ့က အရိုးစွဲနေတာကြောင့် မိဘက ကိုယ့်သားသမီး ဘာဖြစ်နေမှန်း မသိ ဘဲ ကလေးငယ်တွေကို သူတို့ဖြစ်စေချင်တဲ့ ပုံစံခွက်ထဲ အတင်းဆွဲသွင်းနေကြပါတယ်။
အလယ်တန်း၊ အထက်တန်း ဂိုက်သင် ကြားတဲ့ မမြင့်မြတ်လွင်က ‘ကိုယ့်ကလေး ဘာဖြစ်ချင်လဲ အရင်ဆုံးသိအောင်လုပ်ပြီး မှ ကြိုးစားခိုင်းသင့်တယ်” လို့ ပြောပါတယ်။

အဲသည်ကိစ္စနဲ့ပတ်သတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က “မိဘတွေကို ပညာပေးရမယ်၊ ကျောင်းတက်ခိုင်းရမယ်၊ စာမေးပွဲပြန်ဖြေခိုင်းရမယ်၊ အဲဒါမှ ဖိအားဘယ်လောက်များလဲဆိုတာ သူတို့ သဘောပေါက်မှာပါ” လို့ ပြောပါတယ်။

ပြုပြင်ပြောင်းလဲဖို့အတွက်

မိဘတွေအတွက် အတန်းထဲမှာ ကလေးထူး ချွန်ဖို့သာ အရေးကြီးနေကြပြီး မိဘဆရာ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ လာရောက်တွေ့ဆုံတာတွေ မပြုလုပ်ကြဘဲ ဆရာဆရာမတွေနဲ့ ပူးပေါင်းမှု အားနည်းနေတယ်လို့ ဆရာဆရာမတွေက ထောက်ပြကြပါတယ်။

“မိဘနဲ့ ဆရာပူးပေါင်း ကလေးပညာ ရေးကောင်း”ဆိုတဲ့ ဆောင်ပုဒ်ထဲကအ တိုင်းဖြစ်စေချင်ရင်တော့ မိဘနဲ့ ဆရာ ဆရာမတွေ ပူးပေါင်းဖို့ အများကြီးလိုအပ် နေတယ်လို့ အငြိမ်းစား ဆရာ ဆရာမ အချို့က ဆိုပါတယ်။
ကလေးတစ်ယောက်ဟာ ကျောင်းနေ အရွယ်ကစပြီး တက္ကသိုလ်ပြီးတဲ့အထိ ပေးထားတဲ့အချိန်နဲ့ညီမျှတဲ့ ကောင်းမွန်တဲ့ ပညာရေးစနစ်ကို ပြောင်းလဲဖို့ လိုအပ် တယ်လို့ ဒေါက်တာဇော်မျိုးလှိုင်က ပြောပါ တယ်။

ဒေါ်သူသူမာက ဂရိတ်တွေနဲ့ ပြောင်းလဲ လိုက်ပေမဲ့ အလွတ်ကျက်နေရတဲ့ စနစ်က နေမလွတ်ဘဲ ကျူရှင်တွေ၊ စာမေးပွဲတွေက မလွတ်ဘူးဖြစ်နေတယ်၊ အရင်ဆုံး ပြောင်း လဲဖို့ဆိုရင် ပညာရေးအယူအဆကနေစပြီး ပြောင်းလဲရမယ်လို့ ဆိုတယ်။

သူက “ကလေးတစ်ယောက်က ကျောင်းကိုလာတာဘာကြောင့်လဲဆိုတာ မသဲကွဲကြဘူး၊ မှတ်မိတဲ့ လူကအမှတ် များများရနေတဲ့ စနစ်ဖြစ်နေတယ်၊ ပညာရေး မျှော်မှန်းချက်က အရမ်းကောင်းတယ်၊ ကလေးတွေ ဘာဖြစ်ချင်လဲဆိုတာ သိ အောင်လုပ်ဖို့ပဲ လိုအပ်တယ်”လို့ ဆက်ပာပါတယ်။

စစ်မှန်တဲ့ ပညာရေးစနစ်ဆိုတာ ရမှတ်အပေါ်မှာ အခြေခံတာမျိုးမဟုတ်ဘဲ စဉ်းစားတွေးခေါ်တဲ့စနစ်ရောက်အောင် ပြုပြင် ပြောင်းလဲမှသာ ကလေးတွေရဲ့ လက်ရှိခံစားနေတဲ့ ဖိအားတွေ လျော့ကျသွားစေနိုင်မယ်လို့ ပညာ ရေး လေ့ လာ သူတွေက ဆိုပါ တယ်။

သည်လိုစနစ်မျိုး ရအောင် လက်ရှိ ပညာရေးဝန်ကြီး ဌာနအနေနဲ့ ပြင်ပကနေ ပညာရေးလုပ်ငန်းတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နေတဲ့ ပညာရှင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှသာ အကောင်အထည်ဖော်နိုင်မယ်လို့ အမျိုး သားပညာရေးပြုပြင်ပြောင်းလဲရေးကွန်ယက်က ဥပဒေရေးရာအကြံပေး ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။

သူက ‘လက်ရှိ ပညာရေးဝန်ကြီးဌာနက လုပ်နေတဲ့ပွဲတွေမှာ ပြင်ပပညာရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ကြားတာမျိုးတွေ မရှိဘူး၊ အရပ်ဘက် အဖွဲ့အစည်းတွေဆိုတာနဲ့ သူတို့နဲ့ ခင်တဲ့ နီးစပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းကိုပဲ ရွေးဖိတ်တာတွေ တွေ့ရတယ်၊ ကိုယ်နဲ့ အယူ အဆမတူတဲ့ ပညာရှင်အဖွဲ့တွေကိုလဲ ပူး ပေါင်းပါဝင်ခွင့်ပေးရင် ပညာရေးနဲ့ ပတ်သက်တဲ့ ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်” လို့ ပြောပါတယ်။

ပညာရေးနဲ့  ပတ်သက်တဲ့ အခြေခံကျတဲ့ နည်းလမ်းကို မပြင်နိုင်သေးတဲ့အတွက် သင် ရိုးညွှန်းတန်းဆိုင်ရာတွေကို တစ်စုတစ်ဖွဲ့တည်းကပဲ ကိုင်ထားပြီး တစ်နိုင်ငံလုံးကို ဖတ်စာအုပ်တစ်ခုထဲက သင်ကြား တယ်။ မြန်မာနိုင်ငံမှာက လူမျိုးတွေ အများကြီးရှိတယ်။ မတူကွဲပြားမှုတွေကို တစ်ပုံစံတည်းလုပ်ထား တဲ့ သင်ကြားရေးစနစ်ကိုလည်း ပြန်လည် ပြုပြင်ဖို့လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။

နိုင်ငံတကာနဲ့ ကွာခြားချက်

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အာဆီယံဒေသတွင်း ပညာရေးစနစ်နဲ့ယှဉ်ရင်တောင် ပြုပြင်စရာတွေ မျာစွာရှိနေပါ တယ်။ တခြားနိုင်ငံတွေက ၂၁ ရာစုပညာရေးစနစ်နဲ့ ကျင့်သုံးနေကြပြီး အလွတ် ကျက်ဖြေကြားတာတွေ မပြုလုပ်ဘဲ စဉ်းစားတွေးခေါ်တာတွေ၊ အသစ်ဖန်တီးတာတွေကို  လေ့ကျင့်သင်ကြားတာဖြစ်တယ် လို့ လေ့လာသူတွေက ပြောပါတယ်။ တခြားနိုင်ငံတွေက ကလေးတွေကို လေ့ကျင့် ပေးနေတဲ့အချိန် ကိုယ့်နိုင်ငံက ကလေး တွေက ဒါမေးဒါဖြေစနစ်ကြီးနဲ့ သွားနေရ တယ်လို့ ဒေါ်သူသူမာက ပြောပါတယ်။

အလွတ်ကျက်ဖြေနိုင်မှသာ ကလေးတွေ ဘဝအောင်မြင်မယ်ဆိုတဲ့ အသိတွေကို ပြောင်းလဲပြီး နိုင်ငံတကာနည်းတူ ပညာ ရေးစနစ်တွေကို ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်တဲ့ ပင်ကိုအရည်အသွေး ဖော်ထုတ်နိုင်တဲ့ ပညာရေးစနစ်ကို ဖော် ဆောင် ရမှသာ နိုင်ငံတကာနည်းတူ ကောင်းမွန်တဲ့ ပညာရေးကို အကောင်အ ထည်ဖော် ဆောင် နိုင်မှာ ဖြစ်တယ်လို့ ပညာရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံကို တိုးတက်အောင်လုပ်ဖို့ အာဆီယံနိုင်ငံတွေကို မီဖို့ ပထမဆုံးလုပ်ရ မှာကတော့ ပညာရေးပြုပြင်ပြောင်းလဲဖို့ပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ဆိုထားပါတယ်။

မိဘတွေကတော့ အရိုးစွဲနေတဲ့ ပုံစံခွက်ထဲကို ကလေးငယ်တွေကို တွန်းထည့်နေဆဲပါ။ စိတ်ပိုင်းဆိုင်ရာ ဖိအားတေ∑ဟာ ကလေးငယ်တွေလွယ်ရတဲ့ ကျောင်းလွယ်အိတ်ထက် အဆပေါင်းများစွာ လေးလံစေပါတယ်။

ဖိအားတွေ များနေတဲ့ ဆုရတီဟာ အိမ် ရှေ့မှာ ကစားနေတဲ့ကလေးတွေကို တစ်ချက်ငေးကြည့်ရင်း သက်ပြင်းတစ်ချက်ချ လိုက်ပါတယ်။ အဲသည်နောက် သူငယ် ချင်းဆီက ငှားလာတဲ့ ကျောင်းစာအုပ်လေးကိုကိုင်ပြီး သူနေထိုင်နေကျ ပုံစံခွက် အတိုင်းနေထိုင်ဖို့ သူမိခင်ရှိရာ အိမ်ထဲကို လေးပင်စွာ ဝင်သွားပါတော့တယ်။

Author အေးအေးအောင်၊ မို့မို့သန္တာ