အွန်လိုင်းပေါ်က သက်ကျားအို မြာမုဆိုး

အခြားသူတွေလည်း နှစ်နှစ် သုံးနှစ်လောက်မှ လိမ်ခံရမှန်း သိလာကြတာလို့ ဆိုပါတယ်။

 

ရန်ကုန်၊ စက်တင်ဘာ ၁၀ – မကြည်ဖြူ (အမည်လွှဲ) တစ်ယောက်လက်ထပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ချစ်သူကို ၂၀၁၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာပါ။ ဖုန်းတွေသိပ်မပေါသေးတဲ့ကာလဖြစ်လို့ သူတို့နှစ်ယောက် အင်တာနက်ဆိုင်မှာ VZO  မှာ ချက်တင်ထိုင်ရင်း စတင်ဆုံစည်းခဲ့ပါ တယ်။

မကြည်ဖြူရဲ့ အသက်က ၂၆ နှစ်၊ လခ ကောင်းတဲ့ ကုမဏီဝန်ထမ်းတစ်ယောက်ပေါ့။ အသားဖြူဖြူ၊ မျက်နှာပြည့်ပြည့်နဲ့ ချစ်စရာကောင်းတဲ့ သူ့ကို တစ်ဖက်က အမျိုးသားက တမ်းတမ်းစွဲချစ်နေတဲ့ပုံစံနဲ့ နေ့စဉ် အဆက်အသွယ် ပြုလုပ်ခဲ့ကြပါတယ်။

မကြည်ဖြူက  “အပြောကောင်းတယ်၊ ဂရုစိုက်တယ်၊ ဘာပဲဖြစ်ဖြစ်မေ့မထားဘူးလေ၊ နေ့တိုင်းမက်ဆေ့ခ်ျပို့တယ်၊ နေမကောင်းချိန်ဆိုရင် ခဏခဏပို့တာ၊ အရမ်းကြင်နာပြတာလေ၊အဲဒီလိုမချစ်ချစ်အောင်ဂရုစိုက်ပြတာလေ၊အဲဒီတော့ မိန်းကလေးတွေက ပါကုန်တာပေါ့” လို့ ပြောတယ်။

လက်ကိုင်ဖုန်းတွေ ခေတ်စားလာတဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်ချက်က ပိုပြီးခိုင်မာလာပါတယ်။ အင်တာနက် မက်ဆင်ဂျာကနေ နေ့စဉ်စာတွေရေး၊ ပုံတွေပို့၊ ဖုန်းတွေခေါ်ကြရင်းနဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာပါတော့တယ်။

မနက်ရောက်ပြီဆိုတာနဲ့ ဖုန်းနဲ့ စကားပြော၊ လက်ထပ်မယ့်ရက်တွေကို အမျိုးသားကစီစဉ်၊ ကြိုတင်ငွေတွေ စုဆောင်းနေပြီဆိုတဲ့ ချိုသာတဲ့ ပြောဆိုချက်တွေကို တွေးတောရင်း မကြည်ဖြူတစ်ယောက် မိုးမမြင်လေမမြင် တစ်ယောက်တည်း ကျိတ်ပျော်နေတာလေ။

မကြည်ဖြူက “အတူနေချင်တယ်ပေါ့၊ အဲဒီလိုတွေ ပြောလာတော့ ၊ အမေ့လာတောင်းဆို ပြီး ရိုးရိုးပြောလိုက်တာ၊ အပြင်မှာ အတူတွေ့ပြီး နေချင်တယ်တွေ ဖြစ်လာတော့ နည်းနည်း ကြောက်သွားတယ်၊ ဒါမျိုးတော့ လက်ခံလို့ မရ ဘူးလေ၊ ရန်တွေ ခဏခဏဖြစ်ပေါ့၊ ကိုယ်သိထားတဲ့ အသက်က ၂၈၊ ခုဆိုရင် ၃၀ကျော်ပေါ့၊ ဒီလိုပဲထင်ခဲ့တာလေ၊ သူ့အသံက သိပ်ချိုပြီး ဆွဲဆောင်မှုကောင်းတော့ ယုံကြတာပေါ့”လို့ ပြောတယ်။
မကြည်ဖြူက သူ့ချစ်သူကို ချစ်သူသက် တမ်းအတွင်း တစ်ခါမှ မတွေ့ဖူးပါဘူး။ ဓာတ်ပုံလည်း အမှန်အကန် မပြဖူးပါဘူး။ အသက် ၃၀ အရွယ်၊ အင်္ဂလိပ်စာသင်တဲ့ ကျူရှင်ဆရာ၊ နိုင်ငံရေးပါတီတစ်ခုမှာ မြို့နယ်အဆင့်မှာပါဝင်သူ၊ လက်ရှိနိုင်ငံရေး လုပ်သူတစ်ယောက်ဖြစ်လို့ အခြားသူတွေ စောင့်ကြည့်နေကြတာကြောင့် ပုံအမှန်မတင်တာပါဆိုတဲ့ အကြောင်းပြချက်က ခိုင်လုံနေတော့ ယုံကြည်ခဲ့တာပါ။

ရန်ကုန်မှာဆုံဖို့ ကြိုးစားတိုင်း အကြောင်း အမျိုးမျိုးကြောင့် လွဲချော်ခဲ့ပေမဲ့ ချစ်သူဟာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လို့ လူသိမခံချင်တဲ့ အချက်ကို မျက်စိမှိတ်ယုံခဲ့မိတယ်။

ချစ်သူက ဓာတ်ပုံမပြပေမဲ့ နေ့စဉ်ဖုန်းဆက်တာ၊ စာသင်သားတွေနဲ့ စာသင်ပုံတွေ၊ ခရီးထွက်ပုံတွေကို အမြဲတမ်းပို့ပေးနေတော့ နောက်ပိုင်းတွေမှာ အပြင်မှာ လူချင်းတွေ့ဖို့အထိ ကြိုးစားတဲ့ ချစ်သူရဲ့အပြုအမူတွေကို ယုံယုံကြည်ကြည် ဖြစ်လာတယ်။

ဘိုးဘိုးကြီး

လက်ထပ်ရမယ့် ယောကျာ်းတစ်ယောက်ရဲ့ ဖေ့စ်ဘုတ်ခ်ဝေါထဲမှာ အသေးစိတ်သိဖို့ ဝင်ရောက်မွှေနှောက်ရင်း သူ့ချစ်သူက ကောင်မလေးတွေနဲ့ ပတ်ရှုပ်နေတဲ့ ရည်းစားများသူတစ်ယောက်အဖြစ် စတင်သတိထားမိလာပါတယ်။
“လိမ်နေတာတွေ သိပေမဲ့ ဘယ်လောက်အထိ လိမ်နေမှာလဲဆိုတာစောင့်ရင်းနဲ့ နောက်ဆုံး ကျွန်မသိလိုက်ရတာက သူက အသက် ၇၀ အရွယ် အဘိုးကြီး၊ မြေးတောင်ရှိနေပြီလေ၊ ရှက်လိုက်တာလဲ မပြောတော့နဲ့၊ သတ်သေချင်စိတ် တောင် ပေါက်မိတာပါ”လို့ မကြည်ဖြူက သူ့အတွေ့အကြုံကို ပြန်ပြောပြတယ်။

မကြည်ဖြူကို အသက် ၃၀ အရွယ်လို့ ပြောဆိုခဲ့တဲ့ သူ့ချစ်သူဟာ အခြားမိန်းကလေး ခုနစ်ယောက်ကိုလည်း သူ့လိုပဲ လိမ်လည်ထားတာပါ။ ခုနစ်ယောက်လုံးကို ပြောပြထားတဲ့ တူညီတဲ့အချက်က အမေတစ်ခုသားတစ်ခု ၊ ကျူရှင် ဆရာတစ်ယောက်ပေါ့။  ရန်ကုန်မြို့အနီးက မြို့မှာ နာမည်ကြီးကျူရှင်နဲ့ ဘော်ဒါဖွင့်ထားတဲ့ နိုင် ငံရေးသမားကျောင်းဆရာတစ်ယောက်၊ နိုင်ငံရေးပါတီတစ်ခုက မြို့နယ်တစ်ခုမှာ ပါဝင်လှုပ်ရှားနေသူ။ စုံစမ်းလိုက်တဲ့အခါမှာလည်း သူ ပြောထားတဲ့ ပုံစံနဲ့ ဘော်ဒါနာမည်က ရှိနေတယ်ဆိုတော့ မိန်းကလေးတွေက ယုံကြည်မိခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေနဲ့ ခရီးထွက်ချိန်မှာ သူထားတဲ့ ရည်းစားတွေဆီကို အုပ်စုလိုက်ပုံ  အဆက်မပြတ်ပို့တာ၊ ရှုခင်းတွေပြတာ၊ စာသင်ခန်းထဲက ပုံရိပ်တွေနဲ့ အသံဖိုင်တွေကို အမြဲပို့ပေးတာ၊ ပရဟိတအဖွဲ့တွေနဲ့ ရေဘေးကယ်ဆယ် ရေးသွားတဲ့ပုံတွေကိုပါ ပြပေမဲ့ ဗီဒီယိုကောလ် နဲ့ ခေါ်ဖို့ ကို အမြဲငြင်းဆန်ပြီး ရှောင်ထွက်တတ်တယ်လို့ ဆိုပါတယ်။

မကြည်ဖြူရဲ့ ချစ်သူအကောင့်နာမည်က aung hte နာမည်နဲ့ ဖွင့်ထားတာပါ။ သူ အွန်လိုင်းကနေ ဖြားယောင်းခဲ့တဲ့ မိန်းကလေးတွေကတော့ ရန်ကုန်နဲ့ဝေးတဲ့ နေရာတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ ကလေး၊ ကျောက်ဆည်၊ ရခိုင်ပြည်နယ်ဘက်က မြို့တွေကပါ။

အလိမ်ခံခဲ့ရသူတွေကလည်း ခုမှ ဖေ့စ်ဘုတ်ခ်ကို စသုံးတဲ့သူတွေ မဟုတ်သလို ပညာရေးအနေနဲ့ကလည်း အင်ဂျင်နီယာ၊ ဘဏ်ဝန်ထမ်း၊ ကျောင်းဆရာမ၊ ကုမဏီ ဝန်ထမ်းစတဲ့ ဘွဲ့ရသူတွေပါ ပါဝင်နေပါတယ်။

ပစ်မှတ်

တချို့ အမျိုးသမီးတွေဆို အိမ်ထောင်ရေးအဆင်မပြေသူတွေပါ ပါဝင်နေတယ်လို့ ဆိုပါ တယ်။  သူ့ရဲ့အဓိက ပစ်မှတ်ကတော့ အပျိုကြီးတွေ၊ ရိုးရိုးသားသား နေတတ်သူတွေ၊ တစ်ခုလပ်တွေ၊ ယောကျာ်းနဲ့ ကွဲနေသူတွေကို ပစ်မှတ်ထားလာတယ်လို့ ပြောတယ်။

မကြည်ဖြူက “တဏှာကြီးလို့ပေါ့၊ သူကဆီးချိုသည်လို့ နောက်ပိုင်းသိရတာ၊ သူ့ဆန္ဒတွေ မပြည့်လို့ ဖေ့စ်ဘုတ်ခ်သုံးပြီး လိင်စိတ်ဖြေတယ်လို့ပဲ အားလုံးက သတ်မှတ်လိုက်တာ”လို့ ပြောတယ်။
မကြည်ဖြူကတော့ သုံးနှစ်ကျော် ကြာ အောင် လိမ်လည်ခဲ့တဲ့ ချစ်သူရဲ့ အကောင့်မှာ ကောမန့်တွေ ဝင်ရေး၊ စကားတွေ သွားပြောလိုက်တဲ့အတွက် တခြား အမျိုးသမီးတွေကပါ သူ့အကောင့်ကို လာအပ်ပြီး ဖြစ်ကြောင်းကုန်စင် ရင်ဖွင့်ကြပါတယ်။ အခြားသူတွေလည်း နှစ်နှစ် သုံးနှစ်လောက်မှ လိမ်ခံရမှန်း သိလာကြတာလို့ ဆိုပါတယ်။

အလိမ်ခံရသူတွေ တွေ့ဆုံကြပြီး တစ်ခုခု ပြန်လုပ်ဖို့ တိုင်ပင်ကြပေမဲ့ အများစုက အသက် ၇၀ အရွယ် အဘိုးကြီးနဲ့ ဖြစ်တဲ့ကိစ္စဖြစ်လို့ ရှက်တာကြောင့် ဘာမှ မတုံ့ပြန်ခဲ့ကြပါဘူး။ လိမ်ခဲ့တဲ့ အမျိုးသားကလည်း သူ့အသက်နဲ့ မိန်းက လေးတွေကို ချစ်သူအဖြစ်နဲ့ ဖြားယောင်းခဲ့တယ် ဆိုတာကို ဝန်ခံပြီး မကြည်ဖြူအပါအဝင် သူ့ အကြောင်း သိသွားတဲ့ အကောင့်တွေကို ဘလော့ဂ်သွားတယ်လို့ ပြောပါတယ်။
မိန်းကလေးတွေဟာ အပြင်မှာ အတူနေတဲ့အထိ မကြုံရပေမဲ့ လိင်ပိုင်းဆိုင်ရာ အပြောအဆိုတွေ၊ အပြုအမူတွေ၊ ရုပ်ရှင်တွေ အပြန်အလှန်ပို့ပြီး ကြည်နူးခဲ့ကြတာကြောင့် တိုင်ကြားရင် သူတို့ပို့ထားတဲ့ ဓာတ်ပုံတွေနဲ့ ပြန်ပြီး အရှက် ခွဲမှာကို စိုးရိမ်နေတာပါ။

မကြည်ဖြူလိုပဲ ခံခဲ့ရဖူးတဲ့ မရည်မွန် (အမည်လွှဲ) ဆိုရင် နှစ်နှစ်အကြာမှ လိမ်နေမှန်း စသိတာပါ။ အပေါ်ပိုင်း ဗလာပုံတွေ မက်ဆင်ဂျာက နေ ပို့ခဲ့မိတာကြောင့် ဘယ်တော့များ အရှက်ခွဲခံရမလဲဆိုတဲ့ စိတ်နဲ့ နေနေရပေမဲ့ တရားစွဲဖို့အထိ တော့ မလုပ်ရဲဘူးလို့ ပြောပါတယ်။

အသက် ၇၀ ကျော်အရွယ် အဘိုးကြီးကို ယုံခဲ့မိတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ သူ လိမ် ခံခဲ့ရတာကို နောက်လူတွေ ဆင်ခြင်နိုင်ရင် တော်ပြီဆိုတဲ့ စိတ်နဲ့သာ မေးမြန်းမှုကို ပြန်ပြီး ဖြေကြားခဲ့တာလို့ ဆိုပါတယ်။

သတိရှိပါ

“ဟုတ်လားမေးတော့ ဝန်ခံတယ်၊ နောက် ဘယ်တော့မှ အဲဒီလိုတွေ မလုပ်တော့ပါဘူးဆို ပြီး တောင်းပန်တာ၊ ကတိလဲပေးတော့ ဝဋ်ကြွေးရှိလို့ အလိမ်ခံခဲ့ရတာဆိုပြီး ဖြေလိုက်တယ်၊ ဆေးသောက်ပြီး သတ်သေတော့မယ်ဆိုပြီး လုပ်ခဲ့တာ၊ အိပ်ဆေးတွေ သောက်ပေမဲ့ သေတဲ့အထိတော့ မဖြစ်လိုက်ဘူးလေ၊ အိမ်က အသိမြန်လို့” လို့ မရည်မွန်က ပြောတယ်။

အမျိုးသမီးတစ်ယောက်ဆိုရင် သည်လို အလိမ်ခံလိုက်ရတဲ့အတွက် နှစ်လလောက် နေ့တိုင်းငိုပြီး အရူးကြီးတစ်ယောက်လို ဖြစ်သွားခဲ့ တယ်။ မကြည်ဖြူကို ရင်ဖွင့်ခွင့်ရမှသာ စိတ်သက်သာရာရသွားတယ်လို့ ဆိုပါတယ်။
“ကျွန်မဆိုရင် သနားလွန်းလို့ ကိုယ်တိုင် သွားသတ်ပေးချင်စိတ်တောင် ပေါ်တယ်၊ သူတို့ကတော့ ဝဋ်ရှိလို့ ပေးဆပ်ရတာ၊ ဒီအတိုင်းပဲ နေတော့မယ်တဲ့၊ အလိမ်ခံရတော့ ရှက်ကြတာပေါ့၊ စဖြစ်တုန်းကဆို အစ်မတချို့က လူငှားပြီး သတ် မယ်တောင် ပြောကြတာ”လို့ သူ့စိတ်ထဲမှာရှိတဲ့ အတိုင်း မကြည်ဖြူက ပြောပါတယ်။

Author / အေးအေးအောင်