မသန်စွမ်းသူတစ်ဦး မတရားပြုခံရသောအခါ

ရန်ကုန်၊ ဇွန် ၁၈ – ရန်ကုန်ဆင်ခြေဖုံးက ခြေမသန်တဲ့ ဆယ်ကျော်သက် မစံပယ်(အမည်လွှဲ)ကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က မိသားစုနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက အယုံသွင်းပြီး ဆိတ်ကွယ်ရာတစ်ခုဆီ  ခေါ်ဆောင်သွားပါတယ်။

အမျိုးသမီးအဖွဲ့၊ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့များရဲ့ ကွင်းဆင်းပညာပေးဆွေးနွေးပွဲတွေ တက်ရောက်ဖူးတဲ့ မစံပယ်ဟာ သူအန္တရာယ်ရှိနေပြီဆိုတာ ကို သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲသည် လူရဲ့ လက်ထဲကနေ ရှိသမျှခွန်အားသုံးပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။

“သူက သမီးရဲ့ ရင်သားတွေကို ကိုင်လို့ သမီး သူ့လက်တွေကို ကုန်းကိုက်ပစ်တယ်၊ ရှိသမျှအားကုန်သုံးပြီး တွန်းထုတ်ပစ်တယ်”လို့ မစံပယ်က ပြောပါတယ်။

သူအိမ်ပြန်ရောက်တယ်ဆိုရင်ပဲ အကြောင်းစုံပြောပြတော့ မတရားပြုကျင့် ဖို့ ကြံစည်ကြိုးစားသူကို မိဘတွေက တရားစွဲဆိုခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အကူအညီယူပြီး တရားစွဲတာပါ။ နှစ်နှစ် ကျော်ကြာ စစ်ဆေးမှုတွေအပြီးမှာတော့ တရားရုံးကသက်သေခိုင်လုံတဲ့အမှုမဟုတ်ဘူးလို့  ဆုံးဖြတ်လိုက်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုကို အားနည်းချက်သဖွယ် ထိုးနှက်တတ်တဲ့ လူမှုဝန်းကျင်မှာ မသန်စွမ်းသူတွေဟာ တရားဥပဒေရဲ့ အကာအကွယ်ပေးမှု ရရှိဖို့က လွယ်လွယ်နဲ့ ဖြစ်မလာပါဘူး။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရ၊ စော်ကားဖို့ ကြံစည်ခံရသူ အများစုဟာ ရင်ဖွင့် ပြောဆိုဖို့၊ တိုင်တန်းကြဖို့ ခဲယဉ်းလှပါ တယ်။ မသန်စွမ်းသူတွေလည်း သည်လို ဖြစ်ရပ်မျိုး ကြုံရတဲ့အခါ တရားခွင်ကို ရောက်လာဖို့ဟာ တော်ရုံခံနိုင်ရည်နဲ့တော့ မရနိုင်ပါဘူးလို့ မသန်စွမ်းသူများအရေး လုပ်ဆောင်နေသူတွေက မှတ်ချက်ပြုကြပါတယ်။

သည်အခြေအနေမှာပဲ မသန်စွမ်းသူ တို့ အနိုင်အထက်ပြုခံရမှု ဘယ်လောက် ရှိတယ်ဆိုတာ မှတ်တမ်းတင်၊ စစ်တမ်း ကောက်ယူမှုအားနည်းနေသေးတာ တွေ့နေရပါတယ်။

စိတ်ဒဏ်ရာ

ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်းက ကျား/မရေးရာ လုပ်ငန်း အစီအစဉ်မန်နေဂျာမအေးလဲ့ထွန်းက တချို့မိဘတွေ ကိုယ်တိုင်က မသန်စွမ်းတွေကို ပစ်ပယ်ထားတာ ရှိတယ်။ လာဘ် တိတ်တယ်၊ အလှုပ်ရှုပ်တယ်၊ ရှက်စရာ ကောင်းတယ်လို့ ယူဆကြတယ်လို့ ဆိုပါ တယ်။

“အခြားသားသမီးတွေနဲ့ အပြင်သွားချိန်မှာ မသန်စွမ်းကလေးတွေကို အိမ်မှာထားခဲ့တာ စတဲ့ ခွဲခြားဆက်ဆံမှုတွေကို ကလေးဘဝကတည်းက ခံစားကြရတာကြောင့် မသန်စွမ်းအများစုမှာ စိတ်ဒဏ်ရာတွေ ရှိနေတတ်ပါတယ်”လို့ မအေးလဲ့ထွန်းက ပြောပါတယ်။

မသန်စွမ်းသူတွေဟာ အနီးစပ်ဆုံး အသိုင်းအဝိုင်းဖြစ်တဲ့ မိဘ၊ ဆွေမျိုးတွေရဲ့ ဖဲကြဉ်ထားမှု၊ လူစဉ်မမီသူတွေလို့ ပြောဆိုဆက်ဆံခံရမှုတို့ကြောင့် စာသင်ခန်းကို ကျောခိုင်းကြရပါတယ်၊ မစံပယ်လည်း သည်လို အခြေအနေနဲ့ ရင်ဆိုင်ဖူးသူပါ။

“သမီးကို ကျောင်းတက်တုန်းက သူငယ်ချင်းတွေက အကျို့း အကျိုးလို့ ဝိုင်းခေါ်ကြတယ်၊ သမီး သူတို့နဲ့ မကစားရဘဲ တစ်ယောက်တည်းနေရတယ်၊ စိတ်မကောင်းဘူး၊ ကျောင်းမနေချင်တော့ဘူး” လို့ ဆဋ္ဌမတန်းမှာ ကျောင်းထွက်ခဲ့သူ မစံပယ်က ပြောပြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းသန်း ၅၀ ရဲ့  ၄ . ၆  ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။

အမြင်အာရုံချို့တဲ့သူပေါင်း ၁,၂၄၉,၇၃၇ ၊ အကြားအာရုံချို့တဲ့သူပေါင်း ၆၇၃,၁၂၆၊ ဉာဏ်ရည်မသန်စွမ်းသူပေါင်း ၈၃၅,၅၉၈ ၊ ခန္ဓာကိုယ်မသန်စွမ်းသူပေါင်း ၉၅၇,၇၃၆ ဦး ရှိနေတာပါ။

တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေတဲ့ အများနဲ့ ကွဲပြားစွမ်းဆောင်နိုင်သူ မသန်စွမ်းတွေကို မလိုလားအပ်သူတွေအဖြစ် မရှုမြင်ဘဲ လုပ်အားအ ဖြစ် တိုင်းပြည်တည်ဆောက်ရေးမှာ သူတို့ တတ်နိုင်တဲ့ နေရာကနေ ပါဝင်စေရမယ်။ သူတို့ရဲ့အခွင့်အရေးကိုလည်း ကာကွယ်ပေးရမယ်လို့ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသူတို့က ထောက်ပြကြပါတယ်။

လက်တွေ့မှာလည်း သူတို့အပေါ် အမြင်သစ်၊ အတွေးသစ်နဲ့ ပြုမူဆက်ဆံ နေရာပေးနိုင်ဖို့က တိုင်းပြည်မှာ အဆင် သင့်မဖြစ်သေးပါဘူး။ သည်ထက်ပိုဆိုးနေတာကတော့ မသန်စွမ်းတွေ လိင်စော်ကားခံရမှုလိုမျိုး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နစ်နာမှုတွေက လူအများရဲ့အာရုံစိုက်ခြင်း မခံရသေးတာပါပဲ။ လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်ခံရတဲ့ မသန်စွမ်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းပြုထားတာ အား နည်းနေသေးတယ်လို့ မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းအစီအစဉ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောပါတယ်။

‘ကျွန်တော်တို့ မသန်စွမ်းအဖွဲ့တွေမှာ အချက်အလက်တွေ စနစ်တကျထိန်း သိမ်းထားတာ  သိပ်မရှိဘူး”လို့ ဦးကျော်ကျော်က ပြောပါတယ်။
အမျိုးသမီးတစ်ယောက် မတရားကြံ စည်ခံရရင် အနေအထိုင်၊ ဝတ်စားဆင်ယင်မှု၊ အသွားအလာ မဆင်ခြင်လို့ ဖြစ်ရ တာဆိုပြီး ပြစ်တင်ပြောဆိုတာ ခံရတတ်ပါတယ်။
မသန်စွမ်းမိန်းကလေး မစံပယ်ဟာလည်း လိင်စော်ကားခံရတဲ့ဖြစ်ရပ်အတွက်နဲ့ ကဲ့ရဲ့ပြောဆိုတာကို ခံရမှာ စိုးရိမ်နေခဲ့ ပါတယ်။ ဒါပေမဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးများသင်တန်းက ဆရာဆရာမတွေ လိုက်ပါကူညီပေးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့စိတ်နဲ့ တရားရင်ဆိုင် တိုင်ကြားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဥပဒေလိုအပ်ချက်

မသန်စွမ်းသူများ အခွင့်အရေး ဥပဒေကို ၂၀၁၅ခုနှစ်မှာ ပြဋ္ဌာန်းထားပြီးပါပြီ။ သည်ဥပဒေမှာ မသန်စွမ်းသူတွေဟာ နိုင်ထက်စီးနင်း အကြမ်းဖက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှုအမျိုးမျိုး အပါအဝင် အလွဲသုံးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုတို့မှ အကာအကွယ် ရထိုက်ခွင့်ရှိတယ်ဆိုပြီး ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

သည်ဥပဒေကို လက်တွေ့ကျင့်သုံးရေးအတွက် နည်းဥပဒေထွက်လာဖို့ လို အပ်နေသေးတယ်လို့ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းအစီအစဉ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ထောက်ပြပါတယ်။

‘ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တဲ့ အမှုအခင်းတွေ ဖြစ်လာရင် တိုင်ကြားလို့ရမယ့် ယန္တရားကလဲ မရှိသေးဘူး” လို့ ဦးကျော်ကျော်က ပြောပါတယ်။

တရားစီရင်ရေးမှာ အသုံးပြုနေတဲ့ ရာဇသတ်ကြီးဥပဒေတွေနဲ့ စွဲချက်တွေဟာ လည်း ၁၈၆၁ ခုနှစ်ကတည်းက ပြဋ္ဌာန်း ထားတာ ဖြစ်တယ်။ မသန်စွမ်းတွေကို ဘယ်လိုမေးမြန်းရမယ်၊ ဘယ်လိုဆက်ဆံ ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ညွှန်ကြား ထားဖို့ လိုနေသေးကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ)ရဲ့ ညွှန်ကြားရေး မှူး တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုပါတယ်။

မသန်စွမ်းအမျိုးသမီးတွေကို မှုခင်းရေးရာ မေးမြန်းစစ်ဆေးမှုတွေအတွက် သီးသန့်လမ်းညွှန်ချက်များ ထုတ်ပြန်ထားသင့်တယ်လို့ ဒေါ်လှလှရီက ပြောပါတယ်။

ရဲစခန်း၊ တရားရုံး စတဲ့နေရာတွေက စစ်ဆေးမေးမြန်းမှုတွေဟာ သာမန်လူတွေအတွက်တောင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်။

မျက်စိမမြင်သူ၊ နားမကြားသူ၊ စကားမပြောနိုင်သူ၊ ဉာဏ်ရည်မမီသူတွေစတဲ့ မသန်စွမ်းသူတွေပိုပြီးခက်ခဲကြောင်း မသန်စွမ်းသူများအရေး လုပ်ကိုင်နေသူ တို့က ထောက်ပြကြပါတယ်။

လှိုင်သာယာမြို့နယ် မသန်စွမ်းသူ များအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်က တရားခွင်မှာ မသန်စွမ်းသူတွေ ကြုံရတတ်တဲ့ အခက်အခဲတွေထဲက အချို့ကို ပြောရာမှာတော့ “နားမကြားတဲ့ ကလေးတွေဆိုရင် တရားခွင်မှာ အသုံးပြုလို့ရတဲ့ sign language (သင်္ကေတစကားပြော နည်း) လဲ မတတ်ဘူး၊ ဒါကို သင်ပေးတာ ကလဲ တစ်နိုင်ငံလုံးမှာမှရန်ကုန်နဲ့ မန္တလေးမှာ တစ်ကျောင်းစီပဲ ရှိတယ်၊ လွှမ်းခြုံမှု အ ရမ်းနည်းတော့ အများစုက မသိကြဘူး၊ မိသားစုတွင်းမှာသုံးတဲ့ ခြေဟန်လက်ဟန် နဲ့ပြောတာပဲ ရှိတယ်၊ ဒါကို မိသားစုဝင်က အနီးစပ်ဆုံး ဘာသာပြန်ပေးတာကို တရား ရုံးက လက်ခံနိုင်ဖို့ အခက်အခဲရှိတယ်”လို့ ဆိုပါတယ်။

တရားခွင်မှာ သည်လိုအခက်အခဲတွေ ရှိနေတာဟာ မသန်စွမ်းတွေကို အနိုင်ကျင့်စော်ကားဖို့ ချောင်းမြောင်းနေသူတွေအတွက် အခွင့်အရေးတစ်ခုလိုဖြစ်နေ ကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ ညွှန်ကြားရေးမှူး ဒေါ်လှလှရီ က ထောက်ပြပါတယ်။

‘လက်ရှိကျူးလွန်နေကြတဲ့ မုဒိမ်းမှုတွေဟာ မသန်စွမ်းအမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးတည်ပြီး ကျူးလွန်နေသလားလို့ သံသယဖြစ်မိတယ်” လို့ ဒေါ်လှလှရီ က ပြောပါတယ်။

မသန်စွမ်းတွေ မတရားခံရလို့ တိုင်တန်းပြီဆိုရင် “ဦးနှောက်က ပုံမှန်မဟုတ် လို့ လျှောက်ပြောနေတာ”လို့ ယူဆသူများရှိတတ်ကြပြီး မသန်စွမ်းတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးရမယ့်အစား ဖုံးဖိဖို့ ကြိုးစားနေကြသူများပင် ရှိနေတယ်ဆို တာပါပဲ။

ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဆန်အိတ်ဟောင်းတွေကာထားပြီး သုံးထပ်သားပြားအပိုင်းလေးတွေဟို တစ်စ သည်တစ်စခင်းထားတဲ့ ခပ်နိမ့်နိမ့် ခပ်ယိုင်ယိုင်အိမ်လေးထဲမှာတော့ ဘယ်အရာတွေ ဘယ်လောက်ပဲ ခက်ခဲနေပါ စေ အမှန်တရားဆိုတာ တစ်နေ့ပေါ်မှာပါလို့ ယုံကြည်နေတဲ့ မသန်စွမ်းသူလေး မစံပယ် ရှိနေပါတယ်။

“သမီး မတရားခံရတာလေ၊ သမီးမှာလဲ သိက္ခာနဲ့ပါ၊ ဒီတရားရုံးမရရင် နောက် တရားရုံးတက်မှာပဲ၊ သမီး ဘယ်တော့မှ အလျှော့မပေးဘူး”လို့ မစံပယ်က ပြောလိုက်ပါတယ်။

ခင်စန္ဒာမြင့်
(Myanmar Now)