လန်ဒန်ဗလီကထွက်လာသူတွေကို ဗင်ကားနဲ့ဝင်တိုက်၊ တစ်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

 ဇွန် ၁၉ – လန်ဒန်မြောက်ပိုင်း ဗလီတစ်ခုအနီးက လမ်းသွားလမ်းလာတွေကို တနင်္လာနေ့က ဗင်ကာတစ်စီးဝင်တိုက်ခဲ့ တာကြောင့် လူတစ်ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး အရာရှိတွေက သည်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ‘ အခင်းဖြစ်တဲ့နေရာမှာပဲ လူတစ်ဦးသေဆုံးသွားတယ်’ လို့ မြို့တော်ရဲတပ်ဖွဲ့ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လူရှစ်ဦးကိုလည်း ဆေးရုံသုံးခုဆီ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ အခြားနှစ်ဦးကိုတော့ အခင်း ဖြစ်တဲ့နေရာမှာပဲပြုစုကုသခဲ့တယ်လို့ ရဲကပြောပါတယ်။ အသက် ၄၈နှစ်ရှိပြီဖြစ်တဲ့ သည်ဗင်ကား ယာဉ်မောင်းကိုလည်း ယာဉ်တိုက်မှုဖြစ်တဲ့နေရာက ပြည်သူတွေက ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးကာ ဆေးရုံကိုခေါ်ဆောင်သွားခဲ့တယ်၊ သူ့ရဲ့ စိတ်ကျန်းမာရေးကို စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဗြိတိန်မွတ်စလင်ကောင်စီကလည်း ဗြိတိန်ရဲ့အကြီးဆုံးဗလီတစ်ခုဖြစ်တဲ့ ဖင်းစ်ဘယ်ရီပါ့ခ်ဗလီကနေထွက်လာတဲ့ လူတွေကို သည်ဗင်ကားက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ သည်တိုက်ခိုက်မှုဟာ မွတ်စလင်တွေရဲ့ ဥပုသ်လအတွင်း ဖြစ်ပွားခဲ့တာပါ။

မျက်မြင်သက်သေတွေကို ကိုးကားပြီး အီးဗနင်းစတန်းဒတ်သတင်းစာကရေးသားရာမှာ သည်ဗင်ကားထဲကနေ အမျိုးသားတစ်ယောက်ထွက်လာပြီး လူတစ်ယောက်ထက်မနည်းကို ဓားနဲ့လိုက်ခုတ်ခဲ့တယ်လို့ ရေးသားခဲ့ပေမယ့် သည်သတင်းကိုတော့ အတည်မပြုပေးနိုင်သေးပါဘူး။ မျက်မြင်သက်သေတစ်ဦးကလည်း သည်အမျိုးသားဟာ မွတ်စလင်တွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ် လို့ စီအင်န်အင်န်သတင်းဌာနကိုပြောပါတယ်။ ‘ သူဟာ လူအများအပြားကို သတ်ဖို့ကြိုးစားနေတာကြောင့် ဒါဟာ အကြမ်းဖက်သမားတစ်ဦးရဲ့တိုက်ခိုက်မှုမှန်း သိသာ ပါတယ်။

အဲ့ဒီအချိန်တုန်းက သူက မွတ်စလင်တွေကို ပစ်မှတ်ထားခဲ့တာ’ လို့ သည်မျက်မြင်သက်သေကပြောပါတယ်။ အခြားမျက်မြင်သက်သေတစ်ဦးကလည်း သည်ဗင်ကားဟာ လူ ဆယ်ဦးထက်မနည်းကို ၀င်တိုက်ခဲ့တယ်လို့ စကိုင်း ရုပ်သံကိုပြောပါတယ်။

နေမကောင်းပြီးလဲကျနေတဲ့အမျိုးသားတစ်ယောက်ကို ကူညီပေးနေတဲ့ လူအုပ်ကြီးဆီ သည်ဗင်ကားက တမင် သက်သက်ထိုးဝင်လာတာဖြစ်တယ်လို့ ဗြိတိန်မွတ်စလင်ကောင်စီရဲ့ လက်ထောက်အတွင်းရေးမှူးချုပ် မစ်ဒတ်ဗာစီက ပြောပါတယ်။ သည့်နောက် ယာဉ်မောင်းဟာ ကားထဲကနေထွက်ပြေးခဲ့ပေမယ့် လူအုပ်ကြီးက သူ့ကိုဖမ်းဆီးခဲ့ပြီး ရဲလက်အပ်ခဲ့တယ် လို့ ဗာစီကပြောပါတယ်။

သည်ဖြစ်ရပ်ဟာ ဗြိတိန်မှာ နိုင်ငံရေးအရှုပ်အထွေးတွေဖြစ်နေတဲ့အချိန်မှာ ဖြစ်လာတာပါ။ ဒါ့အပြင် သည်တိုက်ခိုက်မှု မဖြစ်ခင် ဇွန်လ ၃ ရက်တုန်းကလည်း လန်ဒန်တံတားပေါ်မှာ ဗင်ကားနဲ့တိုက်ပြီး ဓားနဲ့ခုတ်ခဲ့တဲ့တိုက်ခိုက်မှုအပါအ၀င် တိုက်ခိုက်မှုတွေတစ်သီကြီးဖြစ်ခဲ့ပါသေးတယ်။

သည်ဖင်းစ်ဘယ်ရီပါ့ခ်ဗလီဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က တော်လှန်အစွန်းရောက်စိတ်ပြင်းထန်တဲ့ ဘာသာရေး ခေါင်းဆောင် အဘူဟမ်ဇာအယ်မက်စ်ရီရဲ့ ဟောပြောမှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဗလီတစ်ခုပါ။ သည်ဘာသာရေး ခေါင်းဆောင်ဟာလည်းအကြမ်းဖက်မှုဆက်နွယ်စွဲချက်တွေနဲ့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန်အကျဉ်းထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရပါတယ်။

 

ချိုလေးငယ်

ref:Reuters. Jun 18,2017