တရုတ်ဥပဒေတွေကို လေးစားလိုက်နာရင် ဖေ့စ်ဘွတ်နဲ့ဂူဂဲကို ပြန်လက်ခံမယ်လို့ တရုတ်အစိုးရပြော

အောက်တိုဘာ ၁၃ – ဖေ့စ်ဘုတ်နဲ့ဂူဂဲ တရုတ်နိုင်ငံကို ပြန်လာနိုင်မလားဆိုတဲ့မေးခွန်းကို တရုတ်အစိုးရက သူတို့သာ တရုတ်ဥပဒေတွေကို လေးစားလိုက်နာနေသရွေ့ ပြန်လာနိုင်တယ်လို့ ပြောပါတယ်။

လာမယ့်ကမ္ဘာ့အင်တာနက်ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ဘလွန်းဘာ့ဂ် သတင်းထောက်တစ်ဦးက တရုတ်ဆိုက်ဘာစပေ့စ်စီမံခန့်ခွဲရေးလက်ထောက်ညွှန်ကြားရေးမှူး ရန်ရှင်းလျန်ကို အစိုးရအနေနဲ့ အမေရိကန်အင်တာနက်လုပ်ငန်းကြီး နှစ်ခုကို တရုတ်ထဲပြန်ဝင်ခွင့်ပြုပေးသွားမလားလို့ မေးမြန်းခဲ့ပါတယ်။

‘ တရုတ်ရဲ့အင်တာနက်ဖွံ့ဖြိုးမှုက ပွင့်လင်းရေးမူဝါဒကို အမြဲထိန်းသိမ်းထားပါတယ်။ နိုင်ငံခြား အင်တာနက် လုပ်ငန်းတွေအနေနဲ့ တရုတ်ဥပဒေတွေကို လေးစားလိုက်နာနေသရွေ့၊ ကျွန်တော်တို့ နိုင်ငံရဲ့အကျိုးစီးပွား၊ စားသုံးသူတွေရဲ့အကျိုးစီးပွားတွေကို ကို ဒုက္ခမပေးသရွေ့ သူတို့ကို တရုတ်နိုင်ငံက ကြိုဆိုပါတယ်။ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့အင်တာနက်ရဲ့အကျိုးစီးပွားတွေကို သူတို့အတူတကွမျှဝေနိုင်ပါတယ်’ လို့ ရန်ကပြောပါတယ်။

ရန်ပြောတဲ့ တရုတ်ဥပဒေတွေဆိုတာက တရုတ်ကွန်မြူနစ်ပါတီကိုဝေဖန်တယ်လို့ယူဆရတဲ့သတင်းအချက်အလက်တွေကို အင်တာနက်သုံးစွဲသူတွေ ရှာဖွေလို့မရအောင်၊ ဖြန့်ဝေလို့မရအောင်တားဆီးပိတ်ပင်ထားတဲ့ တိုင်းပြည်ရဲ့တင်းကျပ်တဲ့ဆင်ဆာစနစ်ကို ရည်ညွှန်းတာပါ။

သည်အချိန်မှာပဲ တရုတ်ရဲ့ဖိုင်းယားဝေါကြီးကလည်း အင်တာနက်အသုံးပြုသူတွေကို နိုင်ငံခြားဆိုက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်နဲ့ဂူဂဲအပါအဝင် ဆိုက်တွေကိုအသုံးပြုခွင့် ပိတ်ထားပါတယ်။ သူတို့ကလည်း တရုတ်အစိုးရ တောင်းဆို သလောက်အကြောင်းအရာတွေကို လောလောဆယ် ဆင်ဆာမဖြတ်ပေးကြပါဘူး။

တရုတ်အင်တာနက်အသုံးပြုအချို့ကတော့ ရန်ရဲ့မှတ်ချက်စကားတွေကို အလျင်အမြန်ဝေဖန်ခဲ့ပြီး Sina Weibo တရုတ်ဝက်ဘ်ဆိုက်မှာ သုံးစွဲသူတစ်ဦးက လိုက်နာရမယ့်ဥပဒေဆိုတာ ဘယ်လိုဥပဒေမျိုးလဲလို့မေးမြန်းခဲ့ပါတယ်။ တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံသားတွေဟာ လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်ရှိတယ်လို့ ရေးသားထားတာကြောင့် သတင်းအချက်အလက်တွေနဲ့ အဓိကစကားလုံးတွေ ကို စိစစ်ထားမယ်ဆိုရင် ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တာမဟုတ်ဘူးလားလို့ လည် ရေးသားထားပါတယ်။

Author – ချိုလေးငယ်

ref:qz.com. Oct 12, 2016