တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းဖို့ ဟောင်ကောင်ခေါင်းဆောင်ကို ရှီကျင့်ဖျင် ပြော

နိုဝင်ဘာ ၂၁ – အမျိုးသားစည်းလုံးညီညွတ်ရေးကိုတည်တံ့စေဖို့နဲ့ လူမှုရေး၊နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းဖို့ ဟောင်ကောင်အကြီးအကဲ လျန်ချွန်ယင်း ကို တရုတ်သမ္မတရှီကျင့်ဖျင်က တိုက်တွန်းခဲ့တယ်လို့ဆင်ဟွာသတင်းက ပြောကြားခဲ့ပါတယ်။

ပီရူးမြို့တော် လီမာမှာကျင်းပတဲ့ အေပက်ထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ်ဆွေးနွေးပွဲတွေမှာ ဟောင်ကောင်နဲ့တရုတ်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ခေါင်းဆောင်လျန်အနေနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကိုတည်တံ့အောင်လုပ်ဆောင်ပြီး လူမှုရေး၊ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုကို ပြတ်ပြတ်သားသားထိန်းသိမ်းပေးမယ်လို့မျှော်လင့်ကြောင်း ရှီက ပြောကြားခဲ့ပြီး သူ့အနေနဲ့ လျန်နဲ့ ဟောင်ကောင်အစိုးရအဖွဲ့ကို အပြည့်အဝအထောက်အပံ့ပေးမယ်လို့ ထပ်ပြောခဲ့ပါတယ်။

ဟောင်ကောင်ခေါင်းဆောင်ကလည်း ရှီဟာ ဟောင်ကောင်ရဲ့လွတ်လပ်ရေးပြဿနာနဲ့ပတ်သက်ပြီး အားမာန်ပါတဲ့မှတ်ချက်စကားတွေပြောခဲ့တယ်လို့ ဆိုပါတယ်။

“တစ်နိုင်ငံစနစ်နှစ်ခု မူဝါဒအရ ဟောင်ကောင်လွတ်လပ်ရေးအတွက်ပြောစရာအကြောင်းမရှိဘူးလို့ တရုတ် သမ္မတက အရမ်းကိုရိုးရိုးရှင်းရှင်းနဲ့အားမာန်ပါပါ ပြောကြားခဲ့တယ်”  လို့ လျန်ကဆိုပါတယ်။ ၄၅ မိနစ်ကြာတဲ့ သည်တွေ့ဆုံမှုမှာ ခေါင်းဆောင်နှစ်ဦးက လွတ်လပ်ရေးအကြောင်းမဆွေးနွေးခဲ့ကြဘူးလို့ သိရပါတယ်။

Ref: Reuters, Nov-21, 2016

YSD