ကိုလံဘီယာ ဈေးဝယ်စင်တာသန့်စင်ခန်းအတွင်း ပေါက်ကွဲမှုဖြစ်၊ သုံးဦးသေဆုံး

ကိုလံဘီယာ ဈေးဝယ်စင်တာသန့်စင်ခန်းအတွင်း ပေါက်ကွဲမှုဖြစ်၊ သုံးဦးသေဆုံး

ဇွန် ၁၈ – ကိုလံဘီယာမြို့တော် ဘိုဂိုတာမှာရှိတဲ့ လူစည်ကားတဲ့ဈေးဝယ်စင်တာတစ်ခုရဲ့ သန့်စင်ခန်းအတွင်း စနေနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် အမျိုးသမီးသုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဘိုဂိုတာရဲ့အထူးဧရိယာတစ်ခုအတွင်းမှာရှိတဲ့ Andino ရှော့ပင်းမောလ်ရဲ့ အမျိုးသမီးအိမ်သာအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအပြီး လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။ သည်စင်တာဟာ တနင်္ဂနွေနေ့ မှာ ကျရောက်မယ့် အဖေများနေ့ မတိုင်မီ လက်ဆောင်လာဝယ်သူတွေနဲ့ စည်ကားနေခဲ့တာဖြစ်ပါတယ်။
ဒုတိယထပ် သန့်စင်ခန်းအတွင်းက အိမ်သာခွက်အတွင်းမှာဖောက်ခွဲရေးပစ္စည်းထားရှိခဲ့တာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ သမ္မတ ဂျူအန်မန်နျူယယ်ဆန်းတို့စ် က သည်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေ အပြစ်ခံယူရစေမယ်လို့ ကတိပြုခဲ့ပါတယ်။
” အကြမ်းဖက်မှုကို ကြောက်နေမှာမဟုတ်ဘူး။ ဘိုဂိုတာမြို့သူမြို့သားတွေအနေနဲ့ စိတ်ချလုံခြုံရတဲ့ ကာကွယ်စောင့်ရှောက်မှုအတွင်းမှာရှိနေတယ်လို့ ခံယူထားကြပါ။ ကြောက်လန့်နေလို့မဖြစ်ဘူး။ အကြမ်းဖက် သမားတွေက ဒါကိုလိုချင်နေတာ”လို့ ဆန်းတို့စ် ကပြောပါတယ်။
အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ လှုပ်ရှားနေကြချိန်မှာ စင်တာအနီးတဝိုက်က လမ်းတွေကိုပိတ်ထားပြီး အဆောက်အဦတွေကို ရှင်းလင်းရှာဖွေခဲ့ကြပါတယ်။
ဘိုဂိုတာမြို့မှာ ရဲနဲ့စစ်တပ်က လျှို့ဝှက်ထောက်လှမ်းရေးကိုတိုးမြှင့်ပြီး လမ်းတွေပေါ် လက်နက်ကိုင် အစောင့်အကြပ်တွေထပ်တိုး တာဝန်ချခဲ့တာကြောင့် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း လုံခြုံရေးအခြေအနေ တိုးတက်လာခဲ့တာဖြစ်ပါတယ်။
Ref:Reuters, June-18, 2017
YSD