ပြင်သစ်နိုင်ငံခြားသားတစ်ဦးကို အမည်မသိ (နိုင်ငံခြား) အမျိုးသားနဲ့ အမျိုးသမီးက ညစ်ညမ်းပြောဆိုကာ နာကျင်အောင်ပြုမှုဖြစ်ပွား

ပြင်သစ်နိုင်ငံခြားသားတစ်ဦးကို အမည်မသိ (နိုင်ငံခြား) အမျိုးသားနဲ့ အမျိုးသမီးက ညစ်ညမ်းပြောဆိုကာ နာကျင်အောင်ပြုမှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၁၃။ ။ပြင်သစ်နိုင်ငံသားတစ်ဦးကို အမည်မသိ(နိုင်ငံခြား)အမျိုးသားနဲ့ အမျိုးသမီးက ညစ်ညမ်းပြောဆိုပြီး နာကျင်အောင်ထိုးကြိတ်ခဲ့တဲ့အတွက် ပြင်သစ်နိုင်ငံသားက ပုစွန်တောင်မြို့မရဲစခန်းကို စက်တင်ဘာလ ၁၂ရက်နေ့လာရောက် အမှုဖွင့်တိုင်ကြားခဲ့တယ်လို့သိရပါတယ်။
ပုစွန်တောင်မြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးက“ ပြင်သစ်နိုင်ငံသားကလည်း ဒီနိုင်ငံခြားသားနဲ့ နိုင်ငံခြားသူကို မြင်လဲမမြင်ဖူးဘူး။ ကျွန်တော်တို့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်။ လက်ရှိမှာကတော့စုံစမ်းပဲရှိပါသေးတယ်။”လို့ ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ မြန်မာလိုက်(ဖ်)ဟိုတယ်မှာနေထိုင်တဲ့ ပြင်သစ်နိုင်ငံသား Mr.Denis Scheffer အသက် (၅၅)နှစ်ဟာ စက်တင်ဘာလ ၈ရက်နေ့က မြန်မာလိုက်(ဖ်)ဟိုတယ်ကနေ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ လမ်း(၅၀)ရှိ 50 STREET BAR ကိုလာရောက်ပြီး သောက်စားနေချိန် အမည်မသိ အမျိုးသမီးတစ်ဦး (နိုင်ငံခြားသူ)ရောက်ရှိလာကာ “ ညစ်ညမ်းစွာဆဲဆိုကာ သတ်ပစ်မည်”လို့ ခြိမ်းခြောက် ခြေထောက်နဲ့ကန်ရန်ပြုလုပ်တဲ့အတွက် Mr.Denis Scheffer က အဆိုပါအမျိုးသမီးနဲ့ခပ်ဝေးဝေးမှာနေပြီး စားသောက်နေခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။
နောက်ထပ် အမည်မသိ (နိုင်ငံခြားသား) အမျိုးသားတစ်ဦးရောက်ရှိလာပြီး Mr.Denis Schefferကို “ မင်းနဲ့ငါ ဒီတစ်ခွက်ကုန်အောင်သောက်ပြီးရင် အပြင်ထွက်ရအောင်”လို့ပြောဆိုတဲ့အတွက် Mr.Denis Scheffer က “ ငါဘာမှမမှားကြောင်း”ပြောဆိုတဲ့အခါ အမည်မသိ (နိုင်ငံခြားသား)အမျိုးသားက အစောပိုင်းကလာရောက်ခဲ့တဲ့ အမျိုးသမီးကငါ့ဇနီးလို့ပြောဆိုခဲ့ပါတယ်။
Mr.Denis Schefferဟာ ပြန်ရန်ဆိုင်ရှေ့လမ်းပေါ်အရောက် အမည်မသိ (နိုင်ငံခြားသား)က နောက်ကနေလိုက်လာကာ မျက်နှာကိုလက်သီးနဲ့ထိုးပြီး ညစ်ညမ်းတဲ့စကားများပြောဆိုခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။
Mr.Denis Schefferဟာ ယာမျက်လုံးဖူးရောင်ဒဏ်ရာများရရှိတဲ့အတွက် ပုစွန်တောင်မြို့မရဲစခန်းကို စက်တင်ဘာလ ၁၂ရက်နေ့က သွားရောက်ခဲ့ပြီး အမည်မသိ (နိုင်ငံခြား) အမျိုးသားနဲ့ အမျိုးသမီးကို အမှုဖွင့်အရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။
ပုစွန်တောင်မြို့မရဲစခန်းက (ပ)၂၁၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/၅၀၆/၁၁၄ နဲ့အမှုဖွင့်အရေးယူထားပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

နှင်းနှင်း