The Kumudra Journal

အဂတိလိုက်စားမှုနဲ့စစ်ဆေးခံရတဲ့တရားသူကြီးထွက်ပြေးတိမ်းရှောင်လို့ ကော်မရှင်အမှုဖွင့်

အဂတိလိုက်စားမှုနဲ့စစ်ဆေးခံရတဲ့တရားသူကြီးထွက်ပြေးတိမ်းရှောင်လို့ ကော်မရှင်အမှုဖွင့်

ဇန်န၀ါရီ ၁၁။ရန်ကုန်။
အဂတိလိုက်စားမှုနဲ့စစ်ဆေးခံနေရတဲ့ မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီးဒေါ်အဉ္ဖာလီမြရှိန် ဟာ ထွက်ပြေးတိမ်းရှောင် သွားတာကြောင့် နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်တရားစွဲဆိုလိုက်တယ်လို့ ပွင့်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“တရားခံက ရုံးက ခွင့်ယူပြီး စစ်ဆေးမခံပဲ ထွက်ပြေးနေတဲ့ အတွက် ကော်မရှင် က တရားစွဲဆိုမှု ပြုလုပ်တာဖြစ်ပါတယ်။အဂတိလိုက်စားတာနဲ့ပတ်သတ်ပြီး စစ်ဆေးတာတွေကို ကော်မရှင်က ပြုလုပ်တယ်။”လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
နေပြည်တော် အဂတိလိုက်စားရေးတိုက်ဖျက်မှုကော်မရှင်က ပွင့်ဖြူမြို့နယ်တရားသူကြီးဒေါ် အဉ္ဖလီမြရှိန်ကို ဇန်န၀ါရီ ၂ရက်နေ့မှ (ပ)နံပါတ် ၃/၂၀၁၇နဲ့ အမှုဖွင့်ထားပြီးနောက်မှာ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဇန်န၀ါရီ ၁၀ရက်နေ့မှာ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ အဂတိလိုက်စားရေးတိုက်ဖျက်ရေးကော်မရှင်က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ၂၀၁၃ခုနှစ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ၅၁၂ စွပ်စွဲခံရသူထွက်ပြေးတိမ်းရှောင်နေတဲ့အမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဖလီ မြရှိန်ဟာ ယစ်မျိုးဥပဒေနဲ့ တရားခံ ကို ပိုက်ဆံ ပေးတဲ့ လူကို တစ်မျိုး ပိုက်ဆံမပေးတဲ့ သူကိုတစ်မျိုးပြစ်ဒဏ်ချမှတ်တဲ့အတွက် ခံရတဲ့လူတွေဘက်က တိုင်းဒေသကြီး အစိုးရကို တိုင်ကြားတဲ့အတွက်ကော်မရှင်က ၀င်ရောက်စစ်ဆေးတာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၅) ဦးတင်အောင်ထွန်းက ပြောပါတယ်။
“ရှောင်ပြေးနေလို့ စစ်ဆေးမှုတွေမပြုလုပ်ရသေးဘူး။ခံရတဲ့ တရားခံတွေက တိုင်ကြားတာ။အခုထိတော့ တရားခံရှောင်ပြေးနေတယ်လို့ ”လို့ ဦးတင်အောင်ထွန်းကပြောပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပေါ်ပေါက်တဲ့ အခါလုပ်ပိုင်ခွင့်နဲ့ အာဏာရှိသူတစ်ဦးက ရာထူးတာဝန်ကိုအလွဲသုံးစားလုပ်ပြုလုပ်ပြီး ယစ်မျိုးဥပဒေပုဒ်မ၃၀(က)အမှုနဲ့ လောင်းကစားဥပဒေ ပုဒ်မ၁၅(က)အမှုတွေမှာ လာဘ်ငွေရယူခဲ့တယ် လို့ စစ်ဆေး ပေါ်ပေါက်ခဲ့တဲ့အတွက် အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

မို့မို့သန္တာ