The Kumudra Journal

သိမ်ကြီးဈေး နိုက်ကလပ်မှာ ကလေးမလေးတွေကို လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုစွဲချက်တင်တရားခံဟာ အထည်နဲ့အလှကုန်ရောင်းသူဖြစ်ကြောင်းထွက်ဆို

ရန်ကုန်၊ နိုဝင်ဘာ ၆ – သိမ်ကြီးဈေးအနီး နိုက်ကလပ်တစ်ခုမှာ အသက်မပြည့်တဲ့သူတွေကို နိုင်ငံခြားသားတွေနဲ့ လိင်ပိုင်းဆိုင်ရာ ခိုင်းစေမှုက တရားလိုပြသက်သေအဖြစ် ဆယ်အိမ်မှူးကို စစ်ဆေးရာစွဲချက်တင် တရားခံဟာ ဘေထုပ်ထည်နဲ့ အလှကုန် ရောင်းသူဖြစ်ကြောင်း ထွက်ဆိုပါတယ်။

ရပ်ကွက်သာရေးနာရေးနဲ့အလှူခံကိစ္စ ဆောင်ရွက်လေ့ရှိတဲ့ အသက် ၆၀ အရွယ် ဆယ်အိမ်မှူး ကျမ်းကျိန်ထွက်ဆိုတာက တော့ မိမိဟာ စွဲချက်တင်တရားခံ မ…နဲ့ တစ်ရပ်ကွက်တည်း အတူကြီးပြင်းလာသူ များဖြစ်လို့ ကောင်းစွာသိကြောင်း၊ စွဲချက်တင် တရားခံ မ…နေအိမ်ဟာ လမ်းထိပ်မှာ ဖြစ်လို့ မိမိတို့ အလှူခံကိစ္စဆောင်ရွက်ရာ မဏ္ဍပ်နဲ့ နီးလို့ လှမ်းမြင်ရကြောင်း၊ ရပ်ကွက်သာရေးနာရေး၊ လူမှုရေး၊ အလှူ အ တန်းကိစ္စ များတွင် စွဲချက်တင်တရားခံ မ…နေအိမ်ကို မကြာခဏ ဝင်ထွက်သွားလာလေ့ရှိပြီး ကူညီတတ်သူဖြစ်ကြောင်း ထွက်ဆိုတယ်။

စွဲချက်တင်တရားခံရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ဘေထုပ်ထည်နဲ့ အလှကုန်ပစ္စည်းများ ရောင်းဝယ်တဲ့ လုပ်ငန်း ဖြစ်ကြောင်း၊ နေအိမ်ကို အမျိုးသမီးများ ဝင်ထွက်သွားလာပြီး ပစ္စည်းများ ဝယ်ခြမ်းတာ ကို မြင်ရကြောင်း၊ နေအိမ်ကို သော့ခတ် ထားခြင်းမျိုး မရှိဘဲ အလွယ်တကူဝင်ထွက် သွားလာနိုင်ရန် တံခါးဖွင့်ထားလို့ အချိန်မရွေး လွယ်လင့်တကူဝင်ထွက်သွားလာနိုင်ကြောင်း၊ နေအိမ်မှာ လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်ကြောင်းကို မိမိတို့အနေနဲ့ မြင်တွေ့ကြားသိခြင်းမရှိကြောင်း ထွက်ဆိုပါတယ်။ ဥပဒေအရာရှိက ပြန်လှန်စစ် မေးရာ ရန်ကုန်ဓလေ့အရ ဘယ်သူမှ ခြံ တံခါး သော့ခတ်မထားဘဲ မနေဆိုက မှန်ကြောင်း ထွက်ဆိုတယ်။

တောင်ဥက္ကလာပမြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ အခင်းဖြစ် နေအိမ်ကို ရဲတပ်ဖွဲ့နဲ့ ဝင်ရောက်ဖမ်းရာမှာ ပါဝင်ခဲ့ပြီး သက်သေခံပစ္စည်းသိမ်းရာမှာ ရှာဖွေသက်သေအဖြစ် ပါဝင်လက်မှတ် ထိုးတာ သိလားဆိုက မသိကြောင်း၊ စွဲချက်တင် တရားခံ ဒေါ်…နေအိမ်မှာနေတဲ့ ကလေးမလေးတစ်ဦးက သက်ဆိုင်ရာကို အကူအညီတောင်းလို့ နေအိမ်တွင် ဖမ်းဆီး ချိန် ပျော်ပါးခ ငွေသိမ်းစာအုပ်၊လိင်စိတ်ကြွဆးများ၊ ဟိုတယ် မိုတယ်များမှာမိန်းကလေးများနိုင်ငံခြားသားနဲ့ ပျော်ပါးရန် လွှတ် တဲ့အခါ အသုံးပြုတဲ့ မှတ်ပုံတင်ကတ်ပြား များ၊ ဆက်သွယ်တဲ့ ဖုန်းတို့ကို သက်သေအဖြစ် သိမ်းခဲ့တာ သိပါသလားဆိုက မသိကြောင်း ထွက်ဆိုတယ်။

ဖြစ်စဉ်အကျဉ်း

သည်အမှုဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၁၁ ရက်နေ့က အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်သူကို ဖော်ထုတ် ဖမ်းဆီးခဲ့တဲ့ အမှုဖြစ်ပါတယ်။ လိင်ပိုင်းဆိုင် ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသူတွေထဲမှာ အသက် ၁၃ နှစ်၊ ၁၆ နှစ်၊ ၁၇ နှစ်၊ ၁၉ နှစ်နဲ့ အသက် ၂၀ အရွယ်ရှိတဲ့ မိန်းကလေး ခြောက်ဦး ပါဝင်ပါတယ်။ အနောက်နိုင်ငံက အမည်မဖော်လိုတဲ့နိုင်ငံခြားသား သတင်းပေးတစ်ဦးက သိမ်ကြီးဈေးအနီး နိုက်ကလပ်တွေမှာ အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတွေနဲ့ လိင်ဆက်ဆံ ခိုင်းမှုတွေ ရှိတယ်လို့ သတင်းပေးတာကို စုံစမ်းဖော်ထုတ်ရာက ပေါ်ပေါက်လာမှု ဖြစ်ပါတယ်။

Author ကိုရွှေဇင်၊ လူမွန်