“မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဓမ္မနာဒဘုန်းကြီးကျောင်း မီးလောင်မှုကြောင့် ကျပ် ၅၄ သိန်း ဖိုးဆုံးရှုံး”

 ရန်ကုန်။ ဒီဇင်ဘာ ၁၃ – စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းကျေးရွာ မင်းကွန်းဓမ္မနာဒဘုန်းကြီးကျောင်းမှာ မီးလောင်မှုကြောင့် ငွေကျပ်၅၄သိန်းတန်ဖိုးဆုံးရှုံးခဲ့တယ်လို့စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးသူအောင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၂ရက် နေ့ ည၁၀နာရီ၂ မိနစ်မှာ ဘုန်းကြီးကျောင်းဝင်းမှာရှိတဲ့ သွပ်မိုး၊ ပျဉ်ထောင်၊ အုတ်ခင်းထားတဲ့ကျောင်းနေသံဃာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ပေ ၃၀ တိုက်ကျောင်းတစ်ကျောင်းကနေ စတင်ကာမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ အဆောက်အဦးဟာ မင်းကွန်း ဆရာတော်ကြီးရဲ့သီတင်းသုံးခဲ့တဲ့ မဟာဗုဒ္ဓ၀င် မော်ကွန်းပြတိုက်နဲ့ကပ်လျက်ဖြစ်ပြီး မီးလောင်ကျွမ်းခြင်းမရှိဘူးလို့သိရပါတယ်။

မင်းကွန်းဆရာတော် ကြီးရဲ့မော်ကွန်းပြတိုက်မှာ မင်းကွန်းဆရာတော်ကြီးရဲ့ သမိုင်းမှတ်တမ်းများစွာ ထားရှိတာကြောင့် မီးလောင်မှုဖြစ်ပွားချိန်မှာလူအများက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ သံဃာတော်တွေနေထိုင်တဲ့ အဆောက်အဦးဖြစ်တဲ့ အတွက် သံဃာတော်တွေ သုံးတဲ့ အသုံးအဆောင်တွေနဲ့ သင်္ကန်းတွေသာ မီးထဲပါသွားတယ်လို့ သိရပါတယ်။

မင်းကွန်းဓမ္မနာဒဘုန်းကြီး ကျောင်း က ရေ၊မီးတာဝန်ခံ ဦးစန်းယု(ဘ)ဦးထွန်းအေး ကို ရဲ(ပ)၁၂၈၉ /၂၀၁၆ ပုဒ်မ၂၈ ပေါ့ဆမီးနဲ့ စစ်ကိုင်းမြို့မရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။

Author မို့မို့သန္တာ

သတင်းဓာတ်ပုံ- မင်းကွန်းကျောင်းတိုက်