မြောက်ကိုရီးယား သံရုံးအရာရှိ ဘေဂျင်းမှာခိုလှုံခွင့်တောင်းခံဟုဆို

ဘေဂျင်းရှိ မြောက်ကိုးရီးယားသံရုံးအ၀င်အပေါက်နေရာကို တွေ့ရစဉ်။

ဆိုးလ်၊  အောက်တိုဘာ ၅ – ဘေဂျင်းရှိ မြောက်ကိုရီးယားသံရုံးက အရာရှိတစ်ဦး ခိုလှုံခွင့်တောင်းခံခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က တောင်ကိုရီးနိုင်ငံပိုင်ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သီးခြားသတင်းတစ်ပုဒ်မှာလည်း မြောက်ကိုရီးယား သံရုံးဝန်ထမ်း နှစ်ဦးဟာ ဂျပန်မစ်ရှင်ရုံးမှာ ခိုလှုံခွင့်တောင်းခံခဲ့တယ်လို့ဖော်ပြထားပါတယ်။

တကယ်လို့ သည်သတင်းအတည်ပြုနိုင်ရင် ဒါဟာလတ်တလော မြောက်ကိုရီးယား ထိပ်တန်းအရာရှိတွေ ခိုလှုံခွင့်တောင်းခံတဲ့ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။   ဘေဂျင်းသံရုံးမှာ တာဝန်ချထားတဲ့အရာရှိဖြစ်ပေမဲ့ မြောက်ကိုရီးယားကျန်းမာရေးဝန် ကြီးဌာနနဲ့ ချိတ်ဆက်ထားတဲ့ သည်အရာရှိဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက သူ့မိသားစုနဲ့ အတူ ပျောက်ဆုံးသွားခဲ့တယ်လို့   ပြုံယမ်းအရေးနဲ့နီးစပ်သူအမည်မဖော်လိုတဲ့ သတင်း အရင်းအမြစ်ရဲ့ပြောစကားကို   ကိုးကားပြီးယွန်ဟပ်က ဖော်ပြခဲ့ပါတယ်။ အခုပျောက်ဆုံး သွားတဲ့အရာရှိဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သူ့မိသားစုဝင်တွေကို   ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ ပြုံယမ်းဆေးခန်းက ဆေးပစ္စည်းပေးပို့မှုတွေရဲ့ ပင်မ နေရာတွေကို တာဝန်ယူထားရတဲ့သူဖြစ်ပါတယ်။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကတော့ သည်သတင်းကို   အတည်မပြုနိုင်ပါဘူး။သီးခြားသတင်းတစ်ပုဒ်အဖြစ် တောင်ကိုရီးယားနေ့စဉ် သတင်းစာ   JoongAng Ilbo က ဘေဂျင်းရှိမြောက်ကိုရီးယား သံရုံးမှာ အလုပ်လုပ်နေတဲ့မြောက် ကိုရီးယားအကြီးတန်းအရာရှိ   နှစ်ဦးဂျပန်မှာ ခိုလှုံခွင့်တောင်းခံခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်ရဲ့ပြောပြချက်ကို ကိုးကားပြီးသည်သတင်းစာ တစ်စောင်ကဖော်ပြရာမှာ သည်အရာရှိနှစ်ဦးဟာ သံတမန်တွေမဟုတ်ပေမဲ့ သူတို့က  မြောက်ကိုရီးယား အစိုးရရုံးလက်အောက်မှာ အလုပ် လုပ်နေ သူတွေလို့ဖော်ပြခဲ့ပါတယ်။

ဂျပန်သံရုံးမှာ ခိုလှုံခွင့်လာရောက်တောင်းခံတာမရှိဘူးလို့ ဂျပန်အစိုးရရဲ့ထိပ်တန်းပြောခွင့် ရ ပုဂ္ဂိုလ်ယိုရှီဟိုက်ဆူဂါက ပြောပြပါတယ်။ အစိုးရထိပ်တန်းအရာရှိတွေ ဘက်ပြောင်းခိုလှုံမှုတွေကြောင့် မြောက်ကိုရီးယားအစိုးရကို   အကြီးအကျယ် ဂယက်ရိုက်ခတ်ခဲ့ပါတယ်။

တပ်မတော်နေ့ အခမ်းအနားကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့စနေနေ့က တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကလည်း   မြောက်ကိုရီးယားပြည်သူတွေကို နိုင်ငံကိုစွန့်ခွာပြီး တောင်ကိုရီး ယားဘက်ကိုလာရောက်ခိုလှုံကြဖို့ တိုက်ရိုက် ဖိတ်ခေါ်ခဲ့ပါတယ်။

Author – မအေးသီမွန်

[ref:AFP, Oct 5,2016.]