ရေဆင်းဆည်နားက လယ်တွေ ဆည်ရေမရလို့ ယခုနှစ် စပါးစိုက်ဖို့မသေချာတော့

နေပြည်တော်၊ စက်တင်ဘာ ၇  - ယခုနှစ်မှာ ရေဆင်းဆည်ကနေရေမပေးတဲ့အတွက် ရေဆင်းဆည်ရေသောက်တောင်သူတွေအနေနဲ့   သည်နှစ်မှာ စပါးရဖို့မလွယ်ကူတော့ ဘူးလို့   သိရပါတယ်။

‘နွေစပါးတုန်းက   ရေမပေးတာမပြောတော့ပါဘူး၊ ခုမိုးစပါးက ရေလိုနေပြီခုချိန်မှာသာ ဆည်ကရေမပေးရင် နောက်သီးနှံစိုက်ဖို့အတွက် ဖျက်ရတော့မယ်လို့ ရေဆင်းကျေးရွာမှ ဦးမြင့်နိုင်က ပြောပါတယ်။

ဇေယျာသီရိမြို့နယ်မှာရှိတဲ့ ရှစ်ဆင်းဆည်ဟာ ကျေးရွာအုပ်စုရှစ်အုပ်စုမှာရှိတဲ့ လယ်ဧက ၉၀ဝ၀ ကျော်ကို ၁၉၇၃ ခုနှစ်ကနေစပြီး ရေပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက   သိရပါတယ်။

တောင်သူတွေအနေနဲ့ ရေဆင်းဆည်ကနေရေမရရှိတာဟာ သည်နှစ်နွေစပါးစိုက်ချိန်က တည်းကဖြစ်ပြီး မိုးစပါးစိုက်ချိန်တုန်းကလည်း စပါးတွေအခြောက်ကြဲခဲ့ရတယ်လို့ သိရပါတယ်။

‘ခုချိန်မှာဆည်ကလဲရေပေါနေပါပြီ၊ ဒါပေမဲ့ခုချိန်အထိရေချမပေးဘူး၊ မိုးစပါးက ခုချိန်ရေအလိုဆုံးပါလို့ ထန်းတပင်ကျေးရွာမှ     ဦးကိုကိုက ပြောပါတယ်။

ရေဆင်းဆည်ကလဲ ရေမပေးတဲ့အတွက် ဇူလိုင်လ ၇ ရက်နေ့မှာ မြို့နယ်ဦးစီးမှူးနဲ့ ဆွေးနွေးမှုတစ်ကြိမ်၊ သမ္မတထံကို တိုင်စာပို့တာကတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ရေရရှိဖို့ ပြုလုပ်ခဲ့ပေမဲ့လည်းခုချိန်အထိ ပြန်လည်အကြောင်း ကြားခြင်း မရခဲ့ဘူးလို့ဒေသခံတွေဆီ က သိရပါတယ်။

ရေဆင်းဆည်ကို   အဓိကဆောက်လုပ်ခြင်းမှာ တောင်သူတွေအတွက်ဖြစ်ပြီး ခုချိန်မှာ တော့ သက်ဆိုင်ရာနေရာအသီးသီးတွေကပါ ဆည်ရေကိုအသုံးပြုနေတဲ့အတွက်လယ်တွေ ဆီ   မပို့နိုင်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ယူဆကြပါတယ်။

‘ဆည်အနီးအနားက တပ်ရင်းတပ်ဖွ့တွေ၊ တိုင်းရင်းသားကျေးရွာနဲ့ရေဆင်းတက္ကသိုလ် စတဲ့နေရာတွေကပါ ဒီဆည်ရေကိုပဲ အသုံးပြုနေတော့လယ်တွေဆီ ရေမပေးနိုင်တာပဲ˘လို့ရေဆင်းကျေးရွာအုပ်စုမှ တောင်သူ ဦးခင်ဇော်ဝင်းက ပြောပါတယ်။

နောက်နှစ်တွေမှာလည်းဆက်ပြီး ရေဆင်းဆည်ကနေရေမပေးဘူးဆိုရင် တောင်သူတွေ အနေနဲ့ စပါးစိုက်ပျိုးဖို့မလွယ်ကတော့ဘူးလို့ ဒေသခံတွေက   ပြောပါတယ်။

ရေအဓိက

‘စပါးဆိုတာ ရေအဓိကပါ၊ မိုးရေကိုတော့ အားကိုးပြီးလဲစိုက်လို့မရပါဘူး၊ စပါးမျိုးကောင်း တွေပေါ်နေပေမဲ့ ရေမရှိရင်ဘာမှလုပ်လို့မရပါဘူးလို့ မအူတောကျေးရွာအုပ်စုမှ တောင်သူ ဦးနိုင်လင်း က ပြောပါတယ်။

မိုးစပါးစိုက်ပျိုးထားတဲ့သူတွေဟာ စပါးစိုက်ချိန်တုန်းကလည်း အခြောက်ကြဲရတဲ့အတွက်   အပင်စုံလင်အောင်မရတာတွေနဲ့ ကြုံရပြီးလက်ရှိချိန်မှာလည်း နှစ်လသားလောက်ရှိနေ ပြီဖြစ်တဲ့ စပါးပင်တွေဟာရေလိုအပ်နေချိန်ဖြစ်တယ်လို့ သိရပါတယ်။ ယခုအချိန်မှာ ဆည်ကနေရေမချမပေးနိုင်ရင် လက်ရှိစပါးပင်တွေကိုဖျက်ပြီးနောက်သီး နှံစိုက်ဖို့ ပြင်ဆင်ရတော့မှာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Author – မာရီခိုင်