အမြန်လမ်းမှာ သတ်မှတ်ကီလိုထက် ပိုမောင်းရင် ထိရောက်စွာအရေးယူမည်

နေပြည်တော်၊ ဩဂုတ် ၂၂ – ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က သတ်မှတ်အရှိန်နှုန်းထက်ပိုမိုမောင်းနှင်တာကိုစစ်ဆေးတွေ့ရှိရတဲ့အတွက်အခုလ၂၀ရက်
နေ့ကစပြီး သတ် မှတ်ကီလိုထက် ပိုမောင်းတဲ့ယာဉ်တွေကို မော်တော်ယာဉ် ဥပဒေနဲ့ ထိရောက်စွာ အရေးယူတော့မယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

‘ယာဉ်တိုက်မှုတွေမှာ အရှိန်များနေတာက အဓိကပဲ အိမ်စီးကားတွေက ၁၀ဝ မကျော်ရဘူး၊ လိုက်ထရပ်မီနီထရပ်တွေက ၆၀ မကျော်ရဘူး၊ ခရီးသည်တင်ကားတွေ ၈၀ မကျော်ရဘူး၊ဒီလိုသတ်မှတ်ထားတယ်၊ဒါပေမဲ့ဘယ်သူမှမလိုက်နာ ဘူး၊ ဒါကြောင့် ယာဉ်တိုက်မှုတွေက ပိုများလာတယ်”လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရုံးက တပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်းအောင်က ပြောပါတယ်။

အရှိန်ပြင်းမြန်နှုန်းတိုင်းတာတဲ့ ကိရိယာတွေကိုအမြန်လမ်းမကြီးတစ်လျှောက်ချထားမှာဖြစ်တယ်။ မြို့အဝင်တိုးဂိတ်တွေမှာ အရေးယူမှာဖြစ်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါ တယ်။

အမြန်လမ်းမကြီးတစ်လျှောက်မှာ သတ်မှတ်ကီလိုအတိုင်းပဲ မောင်းနှင်ကြဖို့ သတိပေးဆိုင်းဘုတ်တွေ မြို့အဝင်တိုး ဂိတ်တွေမှာ တပ်ဆင်ထားတယ်။ အမြန်နှုန်း ပိုမိုမောင်းနှင်တဲ့ယာဉ်တွေကို အရေးယူမယ့် အကြောင်းကိုပါ အသိ
ပေးကြေညာထားပါတယ်။

အောင်ပြည့်စုံ