လှည်းကူးက ကျူးကျော်တွေ သည်လ ၁၉ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းရမည်

ရန်ကုန်၊ ဇွန် ၁၈ – လှည်းကူးမြို့နယ် အမြန်လမ်းမိုင်တိုင်အမှတ် (၃)မိုင် ငါးဖာလုံလမ်းဘေးဝဲယာရှိ ကျူးကျော်တဲတွေကို သည်လ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး လက်ကျန်ပစ္စည်းအားလုံးသယ်ယူ ရွှေ့ပြောင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

သည်ကျူးကျော်တွေက စီးပွားဖြစ်ကျူးကျော်တဲ့သူတွေလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားတာကြောင့် မြေနေရာအစားပြန်ပေးတာ၊ လျော်ကြေးပေးတာတွေမရှိဘူးလို့သိရပါ တယ်။
ဦးယုခိုင်က ကျူးကျော်ကတော့အကုန်တော့ နီးနီးပြီးသွားပြီ၊ သိပ်မကျန်တော့ဘူး၊ အစားမြေနေ ရာပြန်ပေးဖို့တောင်းဆိုထားတာ၊ ရန်ကုန်တိုင်းဒေသကြီးလမ်းညွှန်ချက်နဲ့ စီးပွားရေးကျူးဖြစ်တယ်၊ ဒါ ကြောင့်မို့လို့ဘယ်သူမှ ဘာမှပြန်မပေးဘူး၊ တောက်လျှောက်ကိုလုပ်နေတာ မပြန်လို့မရဘူး၊ နည်းနည်းပါးပါးပါပဲ တချို့ကလဲ အိမ်ထဲကပစ္စည်းလေးသယ်ချင်လို့ပါဆိုပြီး ပြောလို့ပြန်ယူကြတာပါ၊ မနက်ဖြန်ဆိုအပြီးပဲ မိုးရွာဘာရွာနဲ့ဆိုတော့ ပစ္စည်းသယ် တာတော့ရှိတာပေါ့နော်၊ မနက်ဖြန်အပြီးအပြတ်သယ်ခိုင်းထားတယ်၊ လူမနေတာများပါတယ်၊ ၄၀ဝ၀ ကျော်လောက် မှန်းထားတာ ၅၀ဝ၀ ကျော်လောက်ဖြစ်သွားတယ်လို့ ပြောပါတယ်။

အဲသည်ကျူးကျော်တဲတွေကို ဇွန်လ ၁၂ ရက် နံနက် ၉းဝ၀ နာရီအချိန်လောက်ကစပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ဝ ခန့် နဲ့ လုပ်ငန်းခွင်သုံးဦးထုပ်နဲ့ အပြာရောင်တူညီဝတ်စုံဝတ်ဆင်ထားတဲ့ အရပ်သားအလုပ်သမား ၁၀ဝ၀ ခန့်တို့က စတင်ဖျက်သိမ်းခဲ့တာဖြစ်ပြီး သည်လ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ်ဖျက်သိမ်းသွားမှာဖြစ်ပါတယ်။

သည်မြေနေရာက တန်ဖိုးနည်းအိမ်ရာရှိတယ်။ စီးပွားရေးလုပ်ကိုင်နိုင်တဲ့ အိမ်ရာ (commercial)၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်မယ့်တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာပေါင်း ၄၀ဝ၀ ခန့် နဲ့ နိုင်ငံတကာအဆင့်မီ စာသင်ကျောင်းအပါအဝင် လူနေအိမ်၊ ပန်းခြံနဲ့ ဆေးရုံ စသည် တို့ပါဝင်တဲ့ နိုင်ငံတော်အဆင့်စီမံကိန်းတွေ တည်ဆောက်မယ့်နေရာဖြစ်ပါတယ်။

စီမံကိန်းရှိတဲ့ မြေနေရာမှန်းသိလို့ ကျူးကျော်သူတွေအလုံးအရင်းဝင်ရောက်လာကြတာဖြစ်ပြီး စီးပွားဖြစ်ကျူးကျော်တွေဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။  သည်စီမံကိန်းတွေကို အစိုးရနဲ့ ပုဂ္ဂလိက ကုမ္မဏီတို့ပူးပေါင်းပြီးတည်ဆောက်မှာဖြစ်ပြီး လက်ရှိ ဖယ်ရှားလိုက်တဲ့ ကျူးကျော်တွေကိုနေရာအစားထိုးပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။ ကျူးကျော်တွေကို ဖယ်ရှားပေးဖို့အတွက်ကိုလည်း ကြိုတင်အကြောင်းကြားထားခဲ့တာဖြစ်ပါတယ်။  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အမှန်တကယ်နေစရာမရှိလို့ ကျူးကျော်အဖြစ်နေထိုင်တဲ့ သူတွေကိုစာရင်းကောက်ခံ နေပြီးနေစရာနဲ့ အလုပ်အကိုင်တွေဖန်တီးပေး သွားမှာဖြစ်ပါတယ်။

Author – ပို့ပို့၊ အေးအေးအောင်