မုံရွာမှာ မူးယစ်ဆေးအများအပြား လမ်းမတွေ့ပေါ်မှာတွေ့ရှိ၊ ပိုင်ရှင်စုံစမ်းဆဲဖြစ်ဟုဆို

မုံရွာမှာ မူးယစ်ဆေးအများအပြား လမ်းမတွေ့ပေါ်မှာတွေ့ရှိ၊ ပိုင်ရှင်စုံစမ်းဆဲဖြစ်ဟုဆို
မုံရွာ-ဇွန်-၁၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ယနေ့နေ့လည်ပိုင်းအချိန်က မူးယစ်ဆေးဝါးတွေ အများအပြား တွေ့ရှိခဲ့တယ်လို့ မုံရွာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအောင်ကပြောပါတယ်။
မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တဲ့နေရာတွေက ထန်းတောရပ်ကွက်အတွင်းက ကျေးဇူးရှင်ဘုန်းကြီးကျောင်းအနီး၊ နန္ဒ၀န်ရပ်ကွက် နယ်မြေ(၇) ခြံဝင်းလပ်၊ ပခုက္ကူကျောင်း ဓမ္မာရုံလမ်းဘေးနဲ့ လမ်းသွယ်၊ နန္ဒ၀န်ရပ်ကွက် (၁၇) လမ်း နယ်မြေ(၇) လမ်းဘေး၊ နန္ဒ၀န်ရပ်ကွက် (၁၆) လမ်းဘေးက အမည်မသိ မြေကွက်လပ်၊ သိရီမင်္ဂလာလမ်း အမှိုက်ပုံဘေးနဲ့ လမ်းသွယ် တို့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဆေးပြားပေါင်း (၁၀၀၀၀၀) ခန့်နဲ့ ဘိန်းဖြူလို့ယူဆရတဲ့ ဖြူ၊၀ါရောင်အမှုန့်များပါတဲ့ (ဆပ်ပြာခွက်အတွင်းထည့်ထားတဲ့) အထုတ်ပေါင်း (၁၀၇၁) ထုတ်တို့ဖြစ်တယ်လို့ သိရပါတယ်။
” ပိုင်ရှင်စုံစမ်းဆဲပါ။ ပိုင်ရှင်ရှိရင် ဒါတွေကမရှိဘူးလေ။ ပိုင်ရှင်ရှိလို့လိုက်ပစ်နေတာလေ။ တကယ်တမ်းအပုံလိုက်ကြီးတွေ့တဲ့နေရာကနေ လမ်းကြောတစ်လျှောက်ကိုချသွားတာ။ တကယ်ကတော့ အပုံကနှစ်ပုံထဲ။ အဲ့နားကလူတွေက ကလေးတွေကမသိတော့ ဆွဲပြီးတော့ဖြေကြည့်ရင်းကနေ ရဲတွေကမူးယစ်ဆေးဝါးမို့လို့ လိုက်သိမ်းနေတာဆိုတာတော့ အကုန်လုံးချခဲ့တော့တာ။” လို့ မုံရွာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအောင်ကပြောပါတယ်။
ဖမ်းမိတန်ဖိုးကတော့ တွက်ချက်ဆဲဖြစ်လို့ အမှု့ဖွင့်ပြီး စုံစမ်းစရာရှိတဲ့ကိစ္စတွေကို ဆက်လက်စုံစမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
” ဒါကိုသေသေချာချာနှိမ်နှင်းရမယ်။ သည်လမ်းကြောင်းတွေနဲ့သည်နေရာကို သည်ပမာဏတွေနဲ့သွားနေတာဆိုတော့ အပိုင်ရှိလို့လားဆိုတာ စဉ်စားစရာပဲ၊ မုံရွာသားတစ်ယောက်အနေနဲ့ ဆိုရင် အရမ်းစိုးရိမ်စရာပဲ။ မြို့ပေါ်မှာဘယ်လောက်ထိပြန့်နေပြီလဲ။” လို့ မုံရွာမြို့က ဒေသခံတစ်ဦးကပြောပါတယ်။
ခေမဏီ