The Kumudra Journal

နာဂကို ဘယ်သူ သတ်နေသလဲ

သည်ခေါင်းစီးက သည်အဘိုး ခေါင်းစီး မဟုတ်ပါဘူး။ ဂျာနယ်ထဲက ခေါင်းစီးပါ။ သည်ခေါင်းစီးကို ဖတ်ပြီး သည်အဘိုးစိတ် ထဲမှာ အရမ်းကို ခံစားသွားရပါတယ်။ လောလောလတ်လတ်လည်း စိတ်နှလုံး မချမ်းမြေ့စရာတွေက ကြားနေရတာပါ။ သည်ခေတ်သည်အခါ သည်လို မဖြစ်သင့် ဘဲ ဖြစ်နေရတာ ဘေးက ကြားရသူတောင် သည်လောက် ခံစားရရင် ပင်ကိုတွေ ဘယ်လောက် မချိမလဲကို မတွေးရဲစရာပါ။ နာဂကလေးတွေ(ဝက်သက်၊ သွေးလွန်တုပ်ကွေးနဲ့ )ဆုံးရှုံးရသတဲ့။ ဘာလို့လဲ။

သည် အဘိုး နာဂကို မရောက်ဖူးပါ ဘူး။ သည်အဘိုး ကယားမှာ လေးနှစ် ကျော် ငါးနှစ်နီးပါး အမှုထမ်းဖူးပါတယ်။ ဆေးရုံဆရာဝန်ကနေ ကျေးလက်ဆေးရုံ ဆရာဝန်၊ ပြည်နယ်လက်ထောက် (ကိုယ် စား) ကျန်းမာရေးဆရာဝန်အဖြစ် ကုသ ရေးရာ ပြည်နယ် ကျန်းမာရေးစီမံရေးမှူး အဖြစ်ရော ဆောင်ရွက်ဖူးပါတယ်။ သည်တော့ သည်အဘိုးအနေနဲ့ ကျန်းမာရေး အ ကျပ်အတည်း အမျိုးမျိုးကို ကိုယ်တိုင် တွေ့ကြုံခံစားဖူးတယ်လို့ ပြောပါရစေ။ ဒါတောင် ၁၉၈၀ လွန် ကယားအခြေအနေက သည် ကနေ့ နာဂအခြေအနေထက်စာရင် အားကြီးကောင်းလို့ ဆိုရမှာပါ။ ရာသီဥတုပေးတဲ့ အခြေအနေက သိပ်ကောင်းမို့ သည်အ ဘိုး ကျေးလက်ဆေးရုံအပိုင် ကျေးလက် ကျန်းမာရေးခွဲ ငါးခုစလုံးကို စက်ဘီးနဲ့ သွားမယ်ဆိုသွားလို့ ရပါတယ် (တကယ်လည်းသွားခဲ့ပါတယ်)။ကယားပြည်နယ်တစ်ခု လုံးကိုလည်းသွားလို့ ရပါတယ် (အယ်လမ်းတော့ လျှောက်ရမှာပေါ့။ ခြောက်မြို့နယ်မှာ ငါးမြို့နယ်ကို ပြဲပြဲစင်အောင် ရောက်ဖူးပါတယ်)။

တစ်နေ့တော့ ပါတီကနေ ပြည်နယ် ကေဒါတွေ လေ့လာရေးခရီးစဉ်မှာ ကျန်း မာရေးစောင့်ရှောက်ဖို့ လိုက်သွားပါတဲ့။ ရတာပေါ့။ ပထမနေ့မှာတင် သည်အဘိုး နောက်ကောက်ကျပါတယ်။ ပြည်နယ်ကေ ဒါတွေ ထမင်းဘာနဲ့စား။ ဘူးသီးပြုတ်၊ သခွားသီးပြုတ်၊ မုန်ညင်းစိမ်းပြုတ်နဲ့ စားပါတယ် (သည်အဘိုး ပြည်နယ်သားတွေ ဘယ်လို စား ဘယ်သိမှာလဲ။ အိမ်ကလွိုင်ကော်မြို့ထဲမှာ။ သည်အဘိုးကျန်းမာရေး ကွင်းဆင်းရင် သည်အဘိုးဆရာမကြီးက ဖွယ်ဖွယ်ရာရာ စီစဉ်ထားဆိုတော့  အဖြစ်မှန်နဲ့ ကင်းကွာတော့တာပေါ့)။

ဝေးဝေးမှတစ်ခါ

သည်အဘိုးမှာ သိပ်အားကိုးရတဲ့ဆေးရုံက သန့်ရှင်းရေးတပည့်မလေး ရှိပါ တယ်။ ကလေးမလေးရွာက ကလေးတစ်ယောက် ဆေးရုံလာပြတယ်။ ကလေးမ လေး သူ့ဆရာအခန်း အကြောင်းမရှိ အ ကြောင်းရှာပြီး တံမြက်စည်းလှည်းနေ တယ်။ ဆရာပဲဟာ တပည့်ထက် ဘယ်ညံ့ မလဲ။ ဟဲ့ဆို။ သမီးတို့ အမျိုးလို့ ပြောလို့ရ တယ် (အပြောလေးက သိပ်ချစ်စရာ ကောင်းတယ်နော်)။ ကလေးမလေး သူ့ ဆရာ သိကြား(မင်း)ဆိုတာကို အမျိုးတွေကြား ပြန်ကြွားဖို့ စကားချူနေတာပါ။ အယ် ဆရာသိကြားလည်း သည်ကလေး လူနာအတွက် ဘာတတ်နိုင်မှာလဲ။ ဆရာတော့ ကလေးမှာ တီဘီ မရှိသေးဘူးလို့ ထင် တယ်။ သန်တော့ ချပေးလိုက်တယ်။ အားဆေးတွေလည်း ပေးလိုက်တယ်။ တကယ် တော့ သည်အဘိုးဆရာဝန် သည်မှာတင် ရပ်ရမှာပါ။ လူနာကလည်း ရှင်းနေ၊ အားနေ (ကျန်လူတွေ ကွင်းဆင်း နေပါတယ်) ဆိုတော့ ဆက်ရှည်မိတယ် (ကျန်းမာပညာ ပေးပါနော်၊ ကျန်းမာပညာ ပေးပါ)။ ကလေးက အာဟာရ ချို့နေ တာကွ၊ အသားများများ ကျွေးရမယ်။ ငါးကွာ။ ဝေးဝေးတစ်ခါ တော့ ကျွေးပါ တယ်။ ဝက်သားကွာ။ ဝေးဝေးတစ်ခါ တော့  ကျွေးပါတယ်။ အမဲသားကွာ။ ဝေးဝေးတစ် ခါတော့ ကျွေးပါ တယ်။ နို့တိုက်ရမယ်ကွ။ ဆရာသမီးတို့ ရွာက နွားတွေက ခိုင်းနွာတွေ ဆရာရဲ့။ သည်အဘိုးရဲ့ ကျန်းမာရေး ပညာပေး အရမ်းကို အောင်မြင်လို့ ဆိုရမှာပါ။ ဟုတ်ကဲ့ ဝေးဝေးတစ်ခါပဲ ကျန်းမာရေး ပညာပေးလို့ရပါတယ်။

တစ်ခါမှာတော့ ပါတီရဲ့ဦးဆောင်ချက်အရ တောင်ပေါ်က ခုနစ်အိမ်တန်းကို မြေ ပြန့်ကို ချတယ်။ အားလုံးကလည်း နယူး အိက်စ်ပီးရီးရင့် (new experience) အ နေနဲ့ သိပ်ကို စိတ်ဝင်စားကြတယ်။ မခံပါ ဘူး။ သုံးလတောင် မခံပါဘူး။ တောင်ပေါ်  ပြန်တက်သွားတယ်။ ဘာလို့လဲ။ ဘာလုပ် စားရမှန်း မသိလို့တဲ့။ နေပါဦး တောင်ပေါ် မှာ ဘာလုပ်စားလို့ ရသလဲ။ အား ဆရာက လည်း တောထဲက သစ်ခေါက် သစ်ဥသစ်ဖု၊ တောကောင် ရှာစားလို့ ရတယ်။

ဌာနေ၊ ဌာမနေ
သည်အဘိုး ကယားပေါ် ဘယ်လောက်ပဲ သံယောဇဉ်ရှိတယ်ပြောပြော အချိန်တန်ရင် (အချိန်တိုင်းပါ) အိမ်ပြန်ချင် တာပါ။ သည်အဘိုး တာဝန်ထမ်းဆောင်စဉ်တုန်းက ကယားပြည်နယ် ကျန်းမာရေး အသိုက်အဝန်းမှာ ဆေးရုံ အပါအဝင် ဝန်ထမ်းအားလုံးမှာ လွိုင်ကော်မြို့က ဆရာဝန်ပြီးသူ တစ်ယောက်ပဲ ရှိပါတယ်။ ကျန်အားလုံးက ပြည်မက လာပြီး ဝန်ထမ်း နေ ရတာပါ။ လွိုင်ကော်မြို့ပေါ်က ပြည်မက ဆရာဝန်တောင် သည်လောက် အိမ်ပြန်ချင်မယ်ဆိုရင် ကျန် ကယား ပြည်နယ်ရဲ့ မြို့နယ်တွေက ဆရာဝန်တွေ ဘယ်လောက် အိမ်ပြန်ချင်မလဲ ဆိုတာ စဉ်းစားစရာမလိုပါ။

သည်လိုဆို တစ်ရပ်တစ်ကျေးက လာ တာဝန်ထမ်းနေတဲ့ ဝန်ထမ်းတွေကို အပြစ် မြင်မလား။ သည်ဖြစ်ရပ်ကို ဖန်တီးပေးတဲ့ ဖြစ်ရပ်ကို ပြင်ဖို့ မရှုသင့် ဘူးလား။ မပြင် သင့်ဘူးလား။

တရားခံဘယ်သူလဲ

သည်အဘိုးကယားရဲ့ အတွေ့အကြုံ နဲ့ ယနေ့နာဂရဲ့ တရားခံကို ရှာကြည့်တယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့၊ ဆင်းရဲမွဲတေလို့၊ ပညာရေးညံ့ဖျင်းလို့၊ အ သိပညာနိမ့်ကျလို့၊ သည်အဘိုးအမြင်က တော့ အဲသည်အကြောင်းအားလုံးက အ ကျိုးတရားတွေပါ။ ဖြစ်ရခြင်း အကြောင်း တရားတွေ ဘယ်မှာလဲ။ လက်ညှိုးတစ် ချောင်းရှေ့ထိုး၊ လက်လေးချောင်း ကိုယ့်ကို ပြန်ထိုးသလို ခံစားရပါတယ်။ ဟုတ်ပါတယ်၊ တကယ့် တရားခံက သည်အဘိုးတို့ လို့ မြင်ပါတယ်။ သည်အဘိုးတို့ နာဂကို မ ဟုတ်ပါဘူး၊ အတော်များများကို မေ့ထား ပါတယ်။ မေ့နေပါတယ်။ ဦးခေါင်းဆောင်း ဦးထုပ်မှာ ဝက်စွယ်နှစ်ချောင်းတပ် အဲဒါ နာဂပဲလို့ အလွယ်မြင်ခဲ့တာ သိပ်ကြာသွားပါတယ်။ အခြား တိုင်းရင်းဘွားတွေကို လည်း အလွယ်မြင်ခဲ့တာ သိပ်ကြာခဲ့ပါပြီ။ တကယ်က သူတို့ကို လက်တွဲခေါ်ရမှာ ဟိုးတုန်းကတည်းကပါ။

ဟာ အဘိုးရာ။ သားတို့တောင် ခုမှ ရွာချင်းဆက်လမ်းမ၊ မြို့ချင်းဆက်လမ်းမ၊ ခရိုင်ချင်းဆက် လမ်းမ စလုပ်ခါစ ရှိသေး၊ ပညာရေးကို ခုမှ စပြင်မယ် ရှိသေး၊ စက်မှုဇုန်တွေ စတည်တုန်းရှိသေး၊ ဆည်တွေ စတည်တုန်း ရှိသေးလို့ များ ဆင်ခြေပေး မ လား။ သည်လိုဆို သည်အဘိုးကတော့ ဆို ချင်တယ်။ မင်းတို့ဆီမှာ တစ်ခုလုပ်ရင် သူ တို့ဆီမှာ သုံးခုမှ ဖြစ်မယ်လို့ပါ (ဟုတ်တယ် လေ၊ တတ်သုတ်ရိုက်မှ ပိုလုပ်မှ အပြီးမှာ တစ်ပြေးညီရှိမှာပါ)။

သည်အဘိုးကတော့ ဖြစ်နိုင်ရင် (နေကောင်းနေသေးရင် ၊ ကျန်းမာနေသေးရင်) သားချင်းတွေကို ဗာလာနငေ ဒိတေ အ ကြောင်း၊ နုတရိတိုန အကြောင်း၊ သာရေး နာရေး၊ ပညာရေး အကြောင်း ပြောပြချင် သေးတာပါ၊ ဒူးတိုက်
ဆွေးနွေးချင်သေးတာပါ။ အဲသည်လို ဆွေးနွေးတဲ့အခါ ဝေးဝေးမှတစ်ခါ ဝေးဝေးမှတစ်ခါဆိုတဲ့ စကားထောက်ကိုတော့ မကြားချင်ဆုံးပါ (တော်ကြာ သမီးတို့ နွားတွေက ခိုင်းနွားတွေပါ ဆိုတာပါ ပါလာပါဦးမယ်)။
ပင်လုံ ဘယ်မှာ ရှိသလဲ။ ပင်လုံမှာ ရှိပါ တယ်။ ပင်လုံစိတ်ဓာတ်က ဘယ်မှာ ရှိမလဲ။ ဘယ်မှာမှ မရှိပါဘူး။ မွေးမယူရင်ပါ။ မွေးယူမယ်ဆိုရင်တော့ ပင်လုံတင်မကပါဘူး၊ ဘယ်နေရာမှာမဆို ရှိနိုင်မှာပါ။

မေမေက ပြောပါတယ်။ အငယ်ဆုံး သားမို့ သူ့အချစ်ဆုံးပါတဲ့။ ညီမကိုလည်း ပြောပါတယ်။ အငယ်ဆုံး သမီးထွေးမို့ အချစ်ဆုံးပါတဲ့။ တကယ်လည်း အငယ်ဆုံးတွေမို့ အရေးအပေးခံရဆုံးလည်း ဖြစ်ခဲ့ပါ တယ်။ မေမေဘာလို့ သည်လို အရေးပေးခဲ့ ပါသလဲ။ မေမေသူ့သားတွေကို တူတူချစ်တာပါ။ ဘယ်နေရာမှာမဆို အငယ်မို့ မလပ်ရအောင် မကျန်ရအောင်အားလေးစိုက် ပေးတာပါ။ ကျန်ခဲ့ရင် လပ်ခဲ့ရင် သူ့သား ငယ် သမီးငယ် အားငယ်မှာမေမေသိပ်စိုး တာပါ။ သည်လိုဆိုရင့် ။

ဒေါက်တာဝင်းသိန်း
(၁၄-၉-၂၀၁၆)