The Kumudra Journal

ဒီဇင်ဘာ နှင့် မောင်မိုးသူ

မနေ့က ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ပန်းချီဒီဇိုင်းဆရာ စိုးဝင်းငြိမ်းလာမယ်ပြောထားလေတော့ ပုလင်းတစ်လုံးဖွင့်ပြီးစောင့်နေပါတယ်။ စိုးဝင်းငြိမ်း မပေါ်လာဘဲ မိုးစံတို့ ဇနီးမောင်နှံရောက်လာပါတယ်။ မိုးစံဆိုတာ သူငယ်ချင်း ကဗျာဆရာကြီး တင်မိုးရဲ့အကြီးဆုံးသမီး၊ မြန်မာပြည် ရန်ကုန်မြို့မှာ တစ်ယောက်တည်း ကျန်ရစ်တဲ့ သမီး၊ ၃၇ လမ်း အလယ်လမ်းမှာ ကွန်ပျူတာလုပ်ငန်းဆိုင်ဖွင့်ပြီးနေတဲ့သမီး။ ဂျမ်းကိစ္စဝိစ္စမှန်သမျှ မြန်မာပြည်မှာနေသူ ဆိုတော့ အစစစီစဉ်လုပ်ဆောင်ပေးရတဲ့သူ၊ ဂျမ်းရဲ့သမီးချိုသင်းတို့လင်မယားက အမေရိကားမှာ၊ မိုးနှင်းတို့၊ မိုးအေးတို့လည်း ဥရောပမှာထင်ရဲ့။ အခုလာတာက ၂၀ဝ၇ ဂျမ်း အမေရိကားမှာ ကွယ်လွန်ခဲ့တာမို့ အခု ၂၀၁၇ မှာ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သူ့သမီးတွေအားလုံး မြန်မာပြည်မှာ ပြန်ဆုံကြပြီး ၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့ တော်ဝင်နှင်းဆီမှာ ဂျမ်းရဲ့ ၁၀ နှစ်ပြည့် အမှတ်တရပွဲလုပ်တာကို မောင်မိုးသူလာဖို့ စကားပြောပေးဖို့ ဖိတ်တာပါတဲ့။ ဂျမ်းသမီးတွေအားလုံးနဲ့လည်း တွေ့ရမှာမို့ မောင်မိုးသူလည်း မြန်မာပြည် ရန်ကုန်မှာကျန်ရစ်ခဲ့တဲ့ သမီးအေးသီတာ၊ သားငယ် ညီညီတို့ကိုပါ ခေါ်လာပါ့မယ်လို့ပြောရပါတယ်။ သားကြီးမောင်ပန်းသီးကတော့ ဂျမ်းနေခဲ့တဲ့ ကွယ်လွန်ခဲ့တဲ့ အမေရိကန်မှာနေပါတယ်။
ချင်းမိုင်မှာ ပန်းသီးရှိတုန်း ဂျမ်းရောက်လာပါသတဲ့။ မြန်မာပြည်ကိုလွမ်းလို့ ပြန်လာလို့မရသေးပေမဲ့ မြန်မာပြည်နဲ့ အနီးဆုံးချင်းမိုင်ကနေ မြန်မာပြည်ကို လှမ်းမျှော်ပြီး လွမ်းတော်မူဖို့လှမ်းလာတာတဲ့။
အခုတော့ သူ့၁၀ နှစ်ပြည့်လွမ်းဆွတ်ခြင်း အမှတ်တရပွဲကို သမီးတွေအားလုံး မြန်မာပြည်မှာဆုံပြီးလုပ်ကြတာ ဂျမ်းတော့မလာနိုင်တော့ဘူးပေါ့။
ဂျမ်း ၁၀ နှစ်ပြည့်သလို မောင်မိုးသူရဲ့ ဇနီး အမာ ကွယ်လွန်တာလည်း ဒီဇင်ဘာ ၃ ရက်နေ့က ၁၇ နှစ်ပြည့်ခဲ့ပေါ့။ ဂျမ်းနဲ့ အမာကသိပ်တည့်တာ။ မောင်မိုးသူတို့ အဝန်းအဝိုင်းမှာအသက်အားဖြင့် မောင်မိုးသူထက် ငါးနှစ်ကြီးကြတဲ့ မောင်သာနိုးနဲ့ တင်မိုးတို့အားလုံးက အလွန်လေးစားရိုကျိုးစွာ ဆက်ဆံကြပေမဲ့ အမာကတော့ နိုးတို့ ဂျမ်းတို့ကိုငယ်သူငယ်ချင်းတွေအဖြစ်ဆက်ဆံလေ့ရှိပါတယ်။ ဆက်ဆံဆို နိုးနဲ့အမာတို့ဟာ မန္တလေး စာဆိုတော်နေ့ အခမ်းအနားပါတော်မူပွဲကစဉ်က သီပေါမင်းနဲ့ စုဘုရားလတ်တို့အဖြစ် ဗီရိုပေါ်က နိုးနဲ့အမာလိုက်ရတာ။ မောင်မိုးသူတို့ ဒွါရာဝတီဘုန်းလူတို့ကတော့ အရပ်ရှည်လို့ ဗီရိုရှေ့ကစစ်ဘာရီအဖြစ်လိုက်ရပါတယ်။
အမာက နိုးနဲ့ဂျမ်းကို အလွန်ချစ်တာ၊ နိုင်လည်းနိုင်တယ်ခင်ဗျ။ အမာကဗိုလ်ချုပ်ဈေးသစ်မှာ သင်္ဘောသားကုန်တွေနဲ့ ပန်းသီးဆိုတဲ့ဆိုင်ဖွင့်ထားတုန်းက ဂျပန်ကိုသွားတဲ့ မြန်မာသင်္ဘောသားတွေ အမှိုက်ပုံထဲက ကောက်လာတဲ့တယ်လီဗေးရှင်းတွေ သူ့ဆိုင်ပေါ်မှာတင်ရောင်းပါတယ်။ အမှိုက်ပုံကကောက် လာတဲ့ ရုပ်မြင်သံကြားတွေဟာ ဂျပန်ပြည်သုံးဝမ်းတန်းစက်အဟောင်းတွေပါ။ ဂျပန်ကလူတွေမသုံးတော့လို့ အမှိုက်ပုံမှာလွှင့်ပစ်ထားတာကို အမာရဲ့ ဖောက်သည် မြန်မာပြည်သင်္ဘောသားတွေက ကောက်လာပြီးအမာ့ဆိုင်ကိုသွင်းတာ။ ဖွင့်လို့လည်းရနေသေး၊ အသံလည်းကြည်၊ အရုပ်လည်းပေါ်လေ တော့ တစ်လုံး ၃၀ဝ၀ နဲ့ရတာဖြစ်တော့ အမာက သူနိုင်တဲ့ နိုးနဲ့ဂျမ်းကို တစ်လုံးစီ ၃၀ဝ၀ နဲ့ဝယ်ခိုင်းပါတယ်။ နိုးနဲ့ဂျမ်းလည်းအမာဝယ်ခိုင်းတော့ ဝယ်ရတာပေါ့။ ရုပ်မြင်သံကြားက ရှားပါးကုန်ဖြစ်နေတုန်းကိုး။ နိုးက သူ့ဘာသာဖွင့်လို့ ပြဿနာမရှိပေမဲ့ ဂျမ်းကတော့ သူ့မှာ တီဗီရှိနေပြီလို့ရွာက သူ့ညီမနဲ့ အမျိုးတွေကိုလှမ်းကြွားသတဲ့။ ရွာက အမျိုးတွေရဲ့တုံ့ပြန်မှုကတော့ ဂျမ်းတီဗီရှိတာ ဘာဆန်းသလဲ၊ သည်လောက်တောင်မှဆေးလိပ်သောက်တာကိုးလို့ ပြန်ပြောသတဲ့။
ဟုတ်ပါတယ်။ ဂျမ်းဟာ အမြဲဆေးလိပ်တို တစ်လိပ်လက်ထဲကိုင်ထားပြီး သွားလေရာ သူများအိမ်တွေက မီးခြစ်တွေအိတ်ထဲ ပြန်ထည့်လာတတ်တဲ့သူ။ သူရဲ့နာမည်ကျော်ကဗျာတစ်ပုဒ်က
ဆေးလိပ်လည်းတို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ
ဆိုသဟာလေ။ မြန်မာကျော် ကမ္ဘာရောက် ကဗျာပေါ့။
အဲသည် ကဗျာက မန္တလေးတက္ကသိုလ်မှာ အတူနေကြတုန်းကရေးတဲ့ ကဗျာ။ အဲသည်ကဗျာကို အကြောင်းပြုပြီး မန္တလေးတက္ကသိုလ်ကို မောင်မိုးသူ လွမ်းရပြန်ရော။ မောင်မိုးသူတို့ခေတ် မန္တလေးတက္ကသိုလ်ဆိုတာ မန္တလေးမြို့ရဲ့ အရှေ့ဘက်အစွန်မှာရှိကာ တက္ကသိုလ်ရဲ့အရှေ့ဘက်မှာလယ်ကွင်း တွေပဲရှိတာ။ ဒီဇင်ဘာဆိုရင် အဲသည်လယ်ကွင်းတွေက စပါးတွေရိတ်ပြီးကြပြီ။ ကွင်းခေါင်ခေါင်ကြီးပဲ ကျန်ရစ်လေတော့ ရှမ်းရိုးမတောင်တန်း ညိုညိုတွေကို လှမ်းမြင်ရပါတယ်။ ညညဆိုရင် အဲသည်ရှမ်းရိုးမကြီးရဲ့ တောင်တန်းတွေမှာ တောမီးလောင်နေတာကို မန်းတက္ကသိုလ် ရွှေပြည်အေး အဆောင်ပေါ်က လှမ်းမြင်ရပါတယ်။
ဒီဇင်ဘာဆိုတာ စာမေးပွဲကနီးပြီလေ။ ဂျမ်းက ဒီဇင်ဘာမှာ စီစဉ်ကာစာတွေကျက်ပေမဲ့လို့ ကဗျာရေးဖူးပါတယ်။
အခုတော့ ဂျမ်းကွယ်လွန်တာလည်း ၁၀ နှစ်ပြည့်ပြီပဲ။ ဂျမ်းရဲ့သူငယ်ချင်း အမာ ကွယ်လွန်တာလည်း ၁၇ နှစ်ပြည့်ပါပြီ။ ကြည်အောင်နဲ့မောင်စွမ်းရည် ကဗျာတွေကို မောင်မိုးသူထုတ်ပြီးတဲ့နောက်ရှက်ပြီး ကဗျာမရေးခဲ့တဲ့ မောင်မိုးသူဟာ ထောင်ထဲမှာရှိစဉ် အမာကွယ်လွန်၊ အမာကွယ်လွန်ပြီးတစ် လပြည့်မှ မောင်မိုးသူအိမ်ပြန်ရောက်တော့ ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ်။ ကဗျာ အမည်က ယောင်လည်လည်ပါတဲ့။
ယောင်လည်လည်
အမာ မရှိတဲ့အိမ်အပြန်မှာ
သားသမီးတွေ ဘယ်လောက်များများ
မြေးတွေ ဘယ်လောက်များများ
စကားပြောစရာ လူမရှိ
ပကတိ ဟင်းလင်းပြင်
ဂြိုဟ်သေဂြိုဟ်မျောတစ်ခုလိုပါပဲ
အသက်ရှင်သူ မရှိ
သစ်ပင်မရှိ၊ သတ္တဝါမရှိ
ပန်းမရှိ၊ လပြည့်ဝန်းမရှိ နတ္ထိပါ။
စံပယ်ပန်းခြောက်များနှင့်အတူ
မီးသင်္ဂြိုဟ်လိုက်တဲ့အခါ ပြာဖြစ်
အချစ်တွေ မကျန်ရစ်တော့ဘူးထင်ပါရဲ့။
သားသမီးတွေရဲ့အကျိုး
အပေါင်းအသင်း ဆွေမျိုးတွေရဲ့အကျိုး
တိုင်းကျိုးပြည်ကျိုး လူမျိုးတွေရဲ့အကျိုး
သယ်ပိုးဖို့ ကျန်ရစ်ပေတော့လို့
မေးငေါ့လို့ ထွက်သွားလေသလား မသိ
ပကတိ တစ်ယောက်တည်း ငါ
ဟင်းလင်းပြင် ဂြိုဟ်မျောကမ္ဘာမှာ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
၂၀ဝ၀ ပြည့်နှစ်က ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။
ဒီဇင်ဘာ ဒီဇင်ဘာနှင့် မောင်မိုးသူပါ။