နှစ်နှစ်အောက် ကလေးတွေအတွက် အစားအသောက်နဲ့ နို့မှုန့် ကြော်ငြာခွင့်မရှိ

နေပြည်တော်၊ ဇန်နဝါရီ ၅ – အသက်နှစ်နှစ်အောက် ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့အစားအသောက်နဲ့ နို့မှုန့်တွေကို ကြော်ငြာခြင်းလုံးဝမပြုရဟု ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်တာကြောင့် အွန်လိုင်းမှာရောအခြား မီဒီယာတွေမှာပါ ကြော်ငြာထည့်သွင်းရင် ဥပဒေအတိုင်းအရေးယူမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ “နို့စို့ကလေးနှင့်ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသောအစားအသောက်များဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်”ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က“နှစ်နှစ်အောက်ကလေးများ သောက်သုံးမယ့် နို့မှုန့်များကိုဘယ်မီဒီယာမှလုံးဝကြော်ငြာခွင့်မရှိပါဘူး၊ဒါတွေကိုထုတ်လုပ်ဖြန့်ဖြူးတဲ့ သူတွေလဲ သိထားဖို့ လိုသလို သုံးစွဲမယ့် ပြည်သူတွေကလဲ သိထားဖို့လိုပါတယ်”လို့ ပြောပါတယ်။

အခုနောက်ပိုင်း အွန်လိုင်းကနေ အစားအသောက်၊ ဆေးဝါးနဲ့ အလှကုန် ပစ္စည်းတွေပါ တွင်တွင်ကျယ်ကျယ် ကြော်ငြာရောင်းချနေကြပါတယ်။

“ဘာကြောင့် ဒီဥပဒေကို ပြဋ္ဌာန်း ထားရသလဲဆိုတော့ မိခင် နို့မတိုက်ဘဲနဲ့ ကြော်ငြာအားကောင်းတဲ့ နို့မှုန့်တွေကိုပဲ တိုက်နေမှာစိုးလို့ပါ၊ မိခင်နို့ရဲ့အကျိုးကျေးဇူးကအများကြီးပါ၊ မိခင်နို့သည်သန့်စင်တယ်၊ ကလေးကျန်းမာရေးအတွက် အထောက်အကူပြုတယ်၊ မိခင်နို့ထဲမှာ ကိုယ်ခံအားကို ဖြစ်စေနိုင်တဲ့ပရိုတင်းတွေအများကြီးပါတယ်၊ မိခင်နို့တိုက်မှသာလျှင် ကလေးကျန်းမာမယ်”လို့ ဒေါက်တာထွန်းလင်းအောင်က ပြောပါတယ်။

ခြောက်လအရွယ် ထက်ကျော်လွန်ရင် ဖြည့်စွက်အစား စာတိုက်ကျွေးတဲ့ အခါမှာလည်း အက်ဖ်ဒီအေကခွင့်ပြုထားတဲ့ စားသောက်ကုန်တွေကိုသာတိုက်ကျွေးရမှာ ဖြစ်ပါတယ်။

Author မိုးမိုး