The Kumudra Journal

အိတ်ခ်ျအိုင်ဗီရောဂါပိုးရှိပြီး အေအာရ်တီဆေးသောက်သုံးရသူဆယ်ကျော်သက်တွေပိုများလာ

ရန်ကုန်၊ နိုဝင်ဘာ ၂၉ - အိတ်ခ်ျအိုင်ဗီ ရောဂါပိုးရှိပြီး အေအာရ်တီဆေးသောက်သုံးတဲ့သူတွေထဲမှာအရွယ်ရောက်ပြီး ဆယ်ကျော်သက်တွေက ပိုမိုများလာတယ်လို့ သိရ ပါတယ်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့က ဆေးဘက်ဆိုင်ရာ တာဝန်ခံဆရာဝန် ဒေါက်တာ ဉာဏ်လင်းထွန်းက ‘အခုဆန်းစစ်တဲ့အထဲမှာ ဆယ်ကျော်သက်လူငယ်တွေ ကြားထဲမှာက ဆေးယဉ်ပါးတဲ့နှုန်းပိုများနေတာကို တွေ့ရပါတယ်၊ ပထမအဆင့်ဆေးရော၊ ဒုတိယအဆင့် ဆေးမှာရော အများဆုံးဖြစ်နေတာကို တွေ့နေရပါတယ်၊ လူငယ်တွေမှာ အများဆုံးတွေ့နေရပါတယ်” လို့ ပြောပါတယ်။

လူငယ်တွေရဲ့ထုံးစံက ထင်တာလုပ်တတ်တာ ကြောင့် တချို့ ဆိုရင် ဆေးကိုမသောက်တော့တာတွေလည်း ရှိလာတယ်။ အဲသည်လို စိန်ခေါ်မှုတွေကြောင့် ရေရှည်မှာ ဆေးကုသမှုတွေ ထိခိုက်လာတယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဆေးမှန်မှန်မသောက်တဲ့ အခက်အခဲတွေကြောင့် ဆေးယဉ်ပါးမှုတွေက လူငယ်တွေမှာ ပိုဖြစ် တာကို တွေ့ရတယ်လို့ သိရပါတယ်။

‘သူတို့အတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေက အရမ်းများတယ်၊ ရေရှည်မှာလဲ ကျောင်းမှာ ခွဲခြားဆက်ဆံခံရတာရယ်၊ ကျန်း မာရေးအခြေအနေကြောင့် ကျောင်းမှန်မှန် မတက်လိုက်တာလဲရှိတယ်၊ မိဘမဲ့မို့လို့ ကျောင်းမနေနိုင်တဲ့အခက်အခဲတွေ အများကြီးရှိပါတယ်၊ အဲဒီအခက်အခဲတွေအားလုံးက ဆေးဝါးကုသမှုမှာသွားထိခိုက်တယ်”လို့ ဒေါက်တာ ဉာဏ်လင်းထွန်းကပဲ ပြောပါ တယ်။

ရောဂါကူးစက်မှုမှာ မိခင်ကနေ ကလေးကို ကူးစက်တာအများဆုံးဖြစ်သလိုသွေးသွင်းတာကနေ တစ်ဆင့်ကူးစက်ခံရတာ၊ လိင်အကြမ်းဖက်ခံရတာကြောင့် ကူးစက် ခံရတာတွေပဲဖြစ်တယ်လို့ သိရပါ တယ်။

အေအာရ်တီဆေးသောက် သုံးနေသူ လူနာတွေထဲမှ အရွယ်ရောက်ပြီးသူ အသက် ၁၉ နှစ်အ ထက်က ၃၂,ဝ၅၈ ဦးဖြစ်ပြီး ဆယ်ကျော်သက်လူငယ်များ ၁၀ နှစ်က ၁၉ နှစ်ကြား ၁၈၀၇ ဦးဖြစ်တယ်။ ဒုတိယအဆင့်အေအာရ်တီဆေး ဝါး သောက်သုံးနေသူ ၁၉ နှစ်အ ထက်က ခြောက်ရာခိုင်နှုန်းဖြစ်ပြီး ဆယ် ကျော်သက် ၁၀ နှစ်ကနေ ၁၉ နှစ် ကြားရှိတဲ့လူနာတွေက ၁၆ ရာခိုင် နှုန်းဖြစ်နေတာကို တွေ့ရတယ်လို့ သိရပါတယ်။

‘ကျွန်တော်တို့  ထားဝယ်မှာရှိတဲ့ဆေးခန်းမှာ စစ်တမ်းလုပ်ထားတာ World AIDS Day အတွက် လုပ်တဲ့စစ်တမ်းအရ ဆယ်ကျော်သက်ကလေး ၁၇၇ ယောက်ရဲ့စစ် တမ်းအရ ၈၀ ရာခိုင်နှုန်းက မိဘမဲ့တွေပါပဲ၊ သူတို့မှာ ဆေးတော့ အလကားရနေတယ်၊ ဒါပေမဲ့ ခွဲခြားဆက်ဆံခံနေရတယ်၊ ကိုယ့် ခြေထောက်ပေါ် မရပ်တည်နိုင် သေးတော့ သူတို့မှာ စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်၊ သူတို့ကို ပိုပြီး နားလည်ဖို့နဲ့ခွဲခြားဆက်ဆံခံရတာတွေ လျော့သွားဖို့လိုတယ်”လို့ သူကပဲ ပြောပါတယ်။

ကူးစက်ခံရတဲ့ကလေးငယ်တွေ တော်တော်များများက မိဘမဲ့ ကျောင်းမှာနေရတာလည်းရှိသလို ဆွေမျိုးတွေနဲ့နေရတာရှိတယ်။

အေအာရ်တီ ဆေးသောက်ပြီဆိုရင် လူကောင်းတစ်ယောက်လို ပဲ မြန်မြန်ကျန်းမာ နေနိုင်မယ်။ သက်တမ်းစေ့နေနိုင်မယ်။ သူ့ရဲ့ပိုး ကောင်ရေက စက်နဲ့ တိုင်းလို့မရတဲ့ အနေအထားဖြစ် တယ်ဆိုရင်သူ့ဆီကနေနောက်လူတစ်ယောက် ကို ကူးစက်ဖို့ အခွင့်အလမ်းနည်းမယ်။ အဲသည် ဆေးသောက်တာ အဆင်မပြေတော့ဘူးဆိုရင် သူ့ ဆီမှာ ကျန်းမာ ရေးလည်း ချို့ယွင်းလာမယ်။ သူ့ ဆီကနေ သူများဆီ ကို ကူးဖို့လည်း အခွင့်အလမ်းပိုများလာမှာဖြစ် တယ်လို့ သိရပါ တယ်။

Author ဖြိုးစန္ဒာ