တီဘီရောဂါက ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် ရှိနေဆဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ – ကမ္ဘာပေါ်မှာ တီဘီရောဂါက ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်တည်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံမှာ တီဘီပိုးကူးစက်ခံထားရသလို နှစ်စဉ် တီဘီလူနာ ၉.၆ သန်းခန့် ရှိနေပြီး ၁.၅ သန်း ခန့်က သေဆုံးနေရတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ဒီနေ့ကမ္ဘာပေါ်မှာ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါ အဓိကစိန်ခေါ် မှုလေးရပ်နဲ့ ရင်ဆိုင်နေရပါတယ်၊ ပထမစိန်ခေါ်မှုက ကမ္ဘာမှာနှစ်စဉ်ဖြစ်ပွားတဲ့ တီဘီလူနာသစ်တွေထဲက ခြောက်သန်းခန့်သာ ရှာဖွေကုသပေးနိုင်ခဲ့တာကြောင့် ရောဂါရှာဖွေကု သပေးနိုင်ခြင်းမရှိတဲ့ ကျန် ၃.၆ သန်းခန့်က တခြားသူတွေထံ တီဘီရောဂါကူးစက်ပြန့်ပွားနေတယ်လို့ ပြောပါတယ်။
သူကပဲဆက်ပြီး တီဘီပိုးကိုတွေ့ရှိပြီး နှစ်၁၀ဝ အကြာ ၁၉၈၂ ခုနှစ်မှာ လူရဲ့ကိုယ်ခံစွမ်းအားကိုကျဆင်းစေတဲ့ အိတ်ခ်ျအိုင်ဗီပိုးကိုတွေ့ရှိခဲ့ပြီး တီဘီရောဂါဖြစ်ပွားမှုနဲ့သေဆုံး မှုတွေမြင့်တက်ခြင်းက ဒုတိယစိန်ခေါ်မှုဖြစ်တယ်၊ တတိယစိန်ခေါ်မှုကတော့ တီဘီရောဂါကုသတဲ့အခါအစွမ်းအထက်ဆုံးဖြစ်တဲ့ တီဘီဆေး soniazid နဲ့ Rifa-mpicin ဆေးနှစ်မျိုးကိုယဉ်ပါးတဲ့ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားလာတာဖြစ်ပါတယ်၊ စတုတ္ထစိန်ခေါ်မှုကတော့မြင့်တက်လာတဲ့ ရွှေ့ပြောင်းလူဦးရေနဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့်ရောဂါကို ထိန်းချုပ်ရန်ခက်ခဲလာတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်တဲ့ Global TB Report ၂၀၁၆ အရ မြန်မာနိုင်ငံက ကမ္ဘာ့တီဘီ/အိတ်ခ်ျအိုင်ဗီနဲ့ဆေးယဉ်ပါးတီဘီအဖြစ် အများဆုံးနိုင်ငံ ၃၀ မှာ ပါဝင်နေဆဲ သိရပါတယ်။ တီဘီဖြစ်ပွားမှုအခြေအနေကလည်း ကမ္ဘာ့နိုင်ငံတွေအနက် အဆင့် ၁၁၊ အရှေ့တောင်အာရှနိုင်ငံတွေအနက် စတုတ္ထအဆင့်အဖြစ်အများဆုံးနိုင်ငံအဖြစ်ရပ်တည်နေ တယ်လို့သိရပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်ကပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် Nationwide Drug Resis-tant TB Survey အရ တီဘီလူနာသစ်သစ်တွေရဲ့ငါးရာခိုင်နှုန်းမှာ ဆေးယဉ်ပါးတီဘီဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တီဘီ/အိတ်ခ်ျအိုင်ဗီ ရောဂါတွဲပြီးခံစားနေရတဲ့သူတွေနဲ့ ဆေးယဉ်ပါးခံစားနေရတဲ့ တီဘီလူနာတွေကိုရှာဖွေကုသမှုပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်ဖို့လိုအပ်လာသလို အမျိုးသားအဆင့် ပြည်သူ့ကျန်းမာရေးစီမံ ကိန်း(National Health Plan)မှာလည်း အဓိက ဦးစားပေးအနေနဲ့ သတ်မှတ်ဆောင်ရွက်ဖို့လိုတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ၂၀၁၅ခုနှစ်ရဲ့ စာရင်းတွေအရတီဘီလူနာစုစုပေါင်း ၁၄၀,ဝ၀ဝ ကျော်ကိုရှာဖွေကုသနိုင်ခဲ့ပါတယ်။ ရောဂါထိန်းချုပ်နိုင်မှု အခြေအနေကိုသုံးသပ်ရရင် ၂၀၁၅ ခုနှစ် မှာ လူတစ်သိန်းမှာ TB incidence ၃၆၅ ဦးဖြစ် ပွားပြီး တီဘီရောဂါကြောင့် ၄၉ ဦးသေဆုံးကြောင်းသိရပါတယ်။

Author – ဖြိုးစန္ဒာ