The Kumudra Journal

ဘီပီဝမ်း နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုင်းတုံ၊ ဒီဇင်ဘာ ၇ - ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ နယ်၊ ပုံပါကျင်မြို့ နမ့်ယွန်းကျေးရွာ အနီးရှိ မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်ဘီပီဝမ်းဂိတ်ဖွင့်လှစ်နိုင်ဖို့ ကွင်းဆင်းစစ်ဆေးမှုကို ခရိုင်/ မြို့နယ်အဆင့်မှ တာဝန်ရှိသူတွေနဲ့ မိုင်းတုံ၊ ပုံပါကျင်ဒေသမှ ရပ်မိရပ်ဖတွေပါဝင်တဲ့အဖွဲ့နဲ့ ဆောင်ရွက်နေကြောင်း သိရပါတယ်။

‘ဒီဒေသက ကြက်သွန်ဖြူ အဓိက စိုက်ပျိုးထုတ်လုပ်ပြီး ထိုင်းကိုပဲ အဓိကတင်ပို့ရတယ်၊ တာချီလိတ်က တစ်ဆင့်ပို့ရတော့ တစ်တန်ကို ကျပ် ၁၀ဝ,ဝ၀ဝ လောက် စရိတ်ပိုကုန်တယ်၊ အိမ်ဆောက်ပစ္စည်း၊ စက်သုံးဆီတွေလဲ တာချီလိတ်ကပဲ တစ်ဆင့်သယ်ရလို့ ဈေးပိုကြီးသွားတယ်”လို့ ပုံပါကျင်ဒေသခံ ဦးစိုင်းဝင်းမြတ်ဦးက ပြောပါတယ်။

ဘီပီဝမ်းဂိတ် ဖွင့်လှစ်ပေးနိုင်ဖို့ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လအတွင်းက ရှမ်းပြည်နယ်အစိုးရ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး လာရောက်စဉ် ဒေသခံတွေက တင်ပြထားတာဖြစ်ကြောင်း သိရပါတယ်။

‘ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက စိစစ်လေ့လာပေးဖို့ ညွှန်ကြား ချက်အရ လာခဲ့တာ၊ အခုနယ်စပ်ဂိတ်အခြေအနေအရ ဒေသခံတွေရဲ့ လိုအပ်ချက်၊ သွင်းကုန်၊ ထုတ် ကုန်ဘာတွေဆောင်ရွက်နိုင်မလဲ၊ သယ်ယူပို့ဆောင်ရေးလမ်းပန်းခရီးအခြေအနေတွေနဲ့ လုံခြုံရေးအခြေအနေတွေကို မိုင်းတုံ၊ပုံပါကျင်ဒေသခံ ရပ်မိရပ်ဖတွေနဲ့ ဌာနဆိုင်ရာတွေ ပြန်လည်တွေ့ဆုံညှိနှိုင်းပြီး ပြန်တင်ပြမှာပါ”လို့ မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ပြောပါတယ်။

အဆိုပါ ကွင်းဆင်းစစ်ဆေးတဲ့ အဖွဲ့မှာ မိုင်းဆတ်ခရိုင်အတွင်းမှ သက်ဆိုင်တဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းတွေမှ တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေမှ ကိုယ်စားလှယ်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။

အောင်ဇေယျ
(Tachileik News Agency)