The Kumudra Journal

၂၀၁၇ ခုနှစ် စီအိုင်အက်ဖ်ကြောင့် ကားဈေးမကျနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၉ – အခု ၂၀၁၇ ခုနှစ်အတွက်တင်သွင်းခွင့်ပြုတဲ့  ကားအမျိုးအစားအလိုက် CIF/AV တန်ဖိုးသတ်မှတ်ချက်တွေ  တရားဝင်မဟုတ်သေးတဲ့ မူကြမ်းထွက်ရှိလာပါတယ်။ အဲသည် သတ်မှတ်ချက်တန်ဖိုးတွေအရ အင်ဂျင်ပါဝါကြီးတဲ့ ကားအမျိုးအစားတွေသာတန်ဖိုးလျှော့ထားပြီး၊ လူသုံးများတဲ့ အင်ဂျင်ပါဝါ သေးတဲ့ ကားတွေရဲ့ စီအိုင် အက်ဖ်တန်ဖိုးက အရင်ကထက်မြင့်နေပါတယ်။
‘အင်ဂျင်ပါဝါကြီးတဲ့ ကားတွေက တန်ဖိုးမြင့်တော့အဝယ်လဲနည်းပါတယ်၊ ပွိုင့်သရီးလို အင်ဂျင်ပါဝါသေးတဲ့ ကားလေးတွေက ဈေးနည်းလို့ လူသုံးများတာပါ၊ အဲဒီကားလေးတွေရဲ့ စီအိုင်အက်ဖ်က အရင် ၅၀ဝ၀ ပဲ သတ်မှတ်ပေမဲ့ အခု ၆၀ဝ၀ ကျော်သတ်မှတ်တယ်၊ ရန်ကုန်လိုင်စင်ရချင်ရင် စလစ်ကပ်သွင်းရမှာမို့ စလစ်ဖိုး ကျပ်သိန်း ၁၀ဝ ကျော်ထပ်ဆောင်းရရင် ဈေးက အရမ်းမြင့်သွားပါမယ်လို့ သီရိ မင်္ဂလာ ကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုအောင်ကျော်ထွန်းကသုံးသပ်ပါတယ်။
စလစ်ကပ်ကား စီအိုင်အက်ဖ်လျှော့
အင်ဂျင်ပါဝါကြီးတဲ့ စလစ်ကပ်ကားတွေရဲ့ စီအိုင်အက်ဖ်တန်ဖိုးကလျော့ပါတယ်။ ဥပမာ- တိုယိုတာ ဘင်ဂတ် ၂၀၁၁ မော်ဒယ်က အမေရိကန်ဒေါ်လာ ၁၀,၉၂၀၊ တိုယိုတာဝှစ်ရှ် ၂၀၁၁ မော်ဒယ်က ဒေါ်လာ ၉၄၄၀ နဲ့ ၂၀၁၂ မော်ဒယ်က ဒေါ်လာ ၁၀,၇၉၀၊ ပရီမီယို ၂၀၁၁ မော်ဒယ်က ဒေါ် လာ ၁၀,၆၁၀နဲ့ ၂၀၁၂မော်ဒယ်က ဒေါ်လာ ၁၂,၁၂၀၊  ဟာရီယာ ၂၀၁၁ မော်ဒယ်က  ဒေါ်လာ ၁၆,၄၄၀၊  ဟိုက်လန်ဒါ ၂၀၁၁ မော်ဒယ်က ဒေါ်လာ ၁၇,၅၀ဝ၊ဆာ့ဖ်၂၀၁၁ မော်ဒယ်က ဒေါ်လာ ၁၉,၈၃၀နဲ့ ရေ့ဗ်ဖိုး ၂၀၁၁ မော်ဒယ်က ဒေါ်လာ ၁၀,၉၂၀ ဖြစ်ပါတယ်။ အဲသည်ကားအမျိုးအစားတွေက ၂၀၁၆ စီအိုင်အက်ဖ်တန်ဖိုးသတ်မှတ်ချက်အရ စီအိုင်အက်ဖ် ၂၀,ဝ၀ဝ ကျော်တာ များပါတယ်။
ဒါပေမဲ့ ၂၀၁၁ မော်ဒယ်နဲ့အထက် ဖြစ်လာတဲ့အတွက် ကားရဲ့မူလတန်ဖိုးက မြင့်သွားမှာဖြစ်သလို နိုင်ငံတကာနဲ့ အပြိုင်လေလံဆွဲရ တာဖြစ်လို့ လေလံဈေးကလည်း မြင့်တက်သွားမှာပါ။  အဲဒါကြောင့် တစ်ဖက်ကသက်သာတဲ့ အခွန်နှုန်းကလေလံဈေးမြင့်တဲ့ဘက်မှာ ပြန်ခုသွားစေပါတယ်။ ဝှစ်ရှ်လိုဈေးနှုန်းသင့်ပြီး အဝယ်များ တဲ့ ကားမျိုးကတော့ ကျပ်သိန်း ၃၅၀နဲ ၄၀၀ ကြားဖြစ်လာနိုင်ပါတယ်။
ပွိုင့်သရီးကားရဲ့ စီအိုင်အက်ဖ်မြင့်
ဖရီးပါမစ်နဲ့တင်သွင်းခွင့်ရှိတဲ့ ပွိုင့်သရီးကားတွေကို ၂၀၁၅၊ ၂၀၁၆၊  ၂၀၁၇ မော်ဒယ်၊ ဘယ်မောင်း၊ နယ်လိုင်စင်နဲ့သာတင်သွင်းခွင့်ရှိပါ တယ်။ ဘရန်းနယူးကားနီးပါးတွေဖြစ်လို့ ဈေးနှုန်းလည်း မြင့်မားပါမယ်။ ရန်ကုန်လိုင်စင် စီးချင်ရင်တော့ ၂၀၁၁ မော်ဒယ်ကနေ ၂၀၁၄ မော်ဒယ်အတွင်း စလစ်ကပ်တင်သွင်းရတော့မှာဖြစ်တယ်။
အဲသည်အတွက် စီအိုင်အက်ဖ် တန်ဖိုးတွေက မြင့်မားနေတာတွေ့ရပါတယ်။ ဥပမာ – ဟွန်ဒါအင်ဆိုက် ၂၀၁၁ မော်ဒယ်က ဒေါ်လာ ၁၀,၆၁၀၊ ၂၀၁၂ မော်ဒယ်က ၁၂,၁၂၀ အထိသတ်မှတ်ပါတယ်။ အရင်က ဖရီးပါမစ်ကားတွေကို စီအိုင်အက်ဖ် ၅၀ဝ၀ သာ သတ်မှတ်တာပါ။ ဟွန်ဒါဖစ် (ဂျီကေသရီး)၂၀၁၃ မော်ဒယ်က ဒေါ်လာ ၈၇၃၀၊ ၂၀၁၄မော်ဒယ်က ဒေါ်လာ ၉၇၀ဝ၊ ဟွန်ဒါဖစ် ၂၀၁၁မော်ဒယ်က ဒေါ်လာ ၆၆၈၀၊ ၂၀၁၂ မော်ဒယ်က ၇၆၄၀၊ ပရို ဘောက်စ် ၂၀၁၁ မော်ဒယ်က ၆၈၉၀၊ ၂၀၁၂ မော်ဒယ်က ၇၈၈၀၊   ဖီလ်ဒါ ၂၀၁၁ မော်ဒယ်က ၈၆၄၀၊ အက်စီယို ၂၀၁၁မော်ဒယ်က ၇၈၅၀ နဲ့ ဒီမီယို ၂၀၁၁ မော်ဒယ်က ၆၉၅၀ သတ်မှတ်ပါတယ်။
အဲသည်ကားအမျိုးအစားတွေက အရင်ထက်စီအိုင်အက်ဖ်တန်ဖိုး မြင့်မားနေသလို စလစ်ကပ်ဖို့လိုအပ်တဲ့အတွက် စလစ်ဖိုး ကျပ်သိန်း ၁၀ဝ ကျော်ထပ်ပေါင်းရဦးမှာဖြစ်လို့ ဈေးနှုန်းမြင့်တက်သွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် စီအိုင်အက်ဖ်သတ်မှတ်လို့ ကားဈေးနှုန်းတွေ မကျဆင်းနိုင်ဘူးလို့ ကားတင်သွင်းရောင်းချသူတွေက သုံးသပ်ပါတယ်။

Author – အောင်ထွန်းဦး